စမ်းစမ်းတင် (ဝါရှင်တန် ဒီစီ)
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရခိုင်ပြည်နယ်အတွင်းက
ရိုဟင်ဂျာပြည်သူများဆိုင်ရာမူဝါဒ သဘော ထားတစ်ရပ်ကို ဇွန်လ ၃ ရက်နေ့က
ထုတ်ပြန်ခဲ့ပြီး အဲဒီမူဝါဒကို ရခိုင်ဒေသခံတွေက ကန့်ကွက်ပြောဆိုနေကြ တာပါ။
အဲဒီမူဝါဒထုတ်ပြန်ချက်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို
တရားဝင်လက်ခံဖော်ပြထားပြီး ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင်
တခြားဖိနှိပ်တဲ့ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေနဲ့
နိုင်ငံသားစိစစ်ရေးကတ်တွေ ပြဌာန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို
ပယ်ဖျက်တာတွေ လုပ်ဆောင်သွား မယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့
ဦးဖေသန်းက NUG ရဲ့ အကျိုးစီးပွားအတွက် ထုတ်ပြန်တဲ့မူဝါဒဖြစ်လို့
ဒါကိုလက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“သူတို့က မူဝါဒရေးဆွဲမယ်ဆိုတဲ့အဆင့် မဟုတ်တော့ဘူး။ အခုဟာက
သူတို့မှာ တစ်ခါတည်း ဆုံးဖြတ်ပြီး သားပေါ့နော်။ ရိုဟင်ဂျာ နာမည်ပေးမယ်၊
နိုင်ငံသားဥပဒေကို ဖျက်သိမ်းမယ်၊ ဒီလူတွေကို နိုင်ငံသားရအောင် လုပ်ပေး
မယ်ဆိုတာမျိုး မူဝါဒအဆင့်ထက်ကျော်ပြီးတော့ သူတို့ရဲ့ အခွင့်အရေးအတွက်
ဆုံးဖြတ် ပြီးသားဖြစ်နေတယ်။ ကျွန်တော်တို့ ရခိုင်အဖွဲ့အစည်းတွေကလည်း ပဲ
ဘယ်သူကမှ ဒါကိုထောက်ခံတာ၊ အားပေးတာ၊ ဒီအပေါ်မှာ အမြင်တူတာ မရှိဘူး။
ဒါကြောင့် ဒါကလည်းပဲ တော်တော့ကို စောလွန်းတယ်၊ အလျင်စလို လုပ်လွန်းတယ်။
မသေချာတဲ့ အခွင့်အရေးတွေနဲ့ ဖုတ်ပူမီးတိုက်ပေါ့နော်၊
အဲလိုလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ သူတို့ရဲ့
အခွင့်အရေးတွေနဲ့ ဆက်စပ်ပြီးတော့လုပ်တယ်လို့ ကျွန်တော်တို့ ရခိုင်တွေ
အားလုံးက ရှုမြင်တယ်။ ဒါကြောင့် ဒါကို ကျွန်တော်တို့ မထောက်ခံဘူး”
ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေဟာ မြန်မာနိုင်ငံ
လွတ်လပ်ရေးမရခင် နယ်ချဲ့အင်္ဂလိပ်တွေ အုပ်ချုပ်ချိန် ရခိုင်ဒေသမှာ
လယ်ယာလုပ်ငန်းတွေလုပ်ဖို့ အရင်က အရှေ့ပါကစ္စတန်ဖြစ်တဲ့ လက်ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရောက်လာခဲ့ကြတဲ့ ဘင်္ဂါလီတွေဖြစ်တယ်လို့
ပြောဆိုကြပါတယ်။
မွတ်စလင်တွေဘက်ကလည်း သူတို့ဟာ ရှေးပဝေသဏီကတည်းက
ရခိုင်တွေထက်စောပြီး ရခိုင်ဒေသမှာ အခြေချနေထိုင်လာခဲ့တဲ့
ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
"ရခိုင်လူမျိုးတွေရဲ့ သဘောထားမပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမှာပဲ"
လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုအရပါ မတူညီကြတဲ့
ဒီလူ့အသိုင်းအဝန်းနှစ်ခုကြားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ဝန်းကျင်လောက်ကနေ
ဒီနေ့အထိ ပဋိပက္ခတွေရှိနေခဲ့ကြပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း
မဲအနိုင်ရရှိရေးအတွက် မွတ်စလင်တွေကို အသုံးချခဲ့ကြသလို ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအနိုင်
ရရှိရေးအတွက် White Card လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေ ထုတ်ပေးပြီး
ဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွေ ဘက်က မကြာခဏ
ထောက်ပြပြောဆိုနေကြတာပါ။
ခေတ်အဆက်ဆက် အစိုးရတွေက မွတ်စလင်တွေကို
သူတို့ရဲ့ အကျိုးအတွက် အသုံးချခဲ့ကြတာကြောင့် အခု NUG အစိုးရဟာလည်း
အရင်အစိုးရတွေရဲ့ လုပ်ရပ်တွေနဲ့ တူနေတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ALD ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဝေဖန်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ်၊ ရခိုင်အမျိုးသား
အကျိုးစီးပွား၊ ရခိုင်ကိစ္စ တွေကို ခေတ်အဆက်ဆက်မှာ ရခိုင်တွေနဲ့
ဆွေးနွေးတိုင်ပင်မှု၊ ညှိနှိုင်းမှု၊ ရခိုင်တွေရဲ့ သဘောထားရယူမှုတွေ
မလုပ်ဘဲနဲ့၊ မယူဘဲနဲ့ ကိုယ်ထင်တိုင်း လုပ်တာကို အခု NUG အစိုးရဆိုတဲ့
အစိုးရကလည်း သူတို့ထင်တိုင်းလုပ် ပြန်ရော ထပ်ပြီးတော့။ အဲဒီအပေါ်မှာတော့
ကျွန်တော်တို့က ရှင်းရှင်းပြော မယ်ဆိုရင် ကျွန်တော်တို့ ရခိုင်လူမျိုး
တွေရဲ့ သဘောထား မပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမှာပဲ။ ဒီကိစ္စ
ကိုလုပ်တိုင်း ဆေးမြီးတိုနဲ့ ကုတာချည်းပဲ။ တစ်ဘက်က အဆင်ပြေအောင်၊ တစ်ဘက်က
နားထောင်လို့ ကောင်းအောင်၊ တဘက်တခြားနိုင်ငံတွေ၊ တစ်ခြားလူမျိုးတွေက
အကူအညီရအောင်ဆိုတဲ့ သဘောထားနဲ့ ထင်တိုင်းလုပ်တယ်၊ လုပ်ချင်တိုင်းလုပ် တယ်၊
အဲဒီလိုလုပ်လာတယ်လို့ပဲ ကျွန်တော်တို့ ပြောချင်တယ်”
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ
ရခိုင်ပြည်သူတွေသာ အဓိက ကျတဲ့အတွက် ရခိုင်တွေရဲ့ ဆန္ဒသဘောထားမပါတဲ့
ဘယ်ဆုံးဖြတ်ချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဇွန်လ ၅ ရက်နေ့က NUG ရဲ့
ထုတ်ပြန်ချက်ကို တုံ့ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့
ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီကလည်း ရခိုင်ဒေသက
ရှိရင်းစွဲပြဿနာကို အသုံးချပြီး နိုင်ငံရေးကစားကွက် ဖော်နေတာဟာ ပြဿနာကို
ပိုမိုကြီး မားလာအောင် ဖန်တီးနေတဲ့ လုပ်ရပ်ဖြစ်ပြီး
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ရခိုင်ပြည်သူတွေကို ကိုယ်စားမပြု၊
မသက်ဆိုင်တာကြောင့် သူတို့ ထုတ်ပြန်ထားတဲ့ မူဝါဒကိုလည်း
အသိအမှတ်မပြုဘူးလို့ ဇွန်လ ၆ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ မစ္စတာ
ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်
အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့် ကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ
အလွယ်တကူပယ်ဖျက်သင့်တဲ့ဥပဒေမဟုတ်ဘူးလို့ ဇွန်လ ၈ ရက်နေ့က NUG ကို
အိတ်ဖွင့်ပေးစာ ပေးပို့ပြောဆိုထားပါတယ်။
ရခိုင်ဒေသအရေးနဲ့
ပတ်သက်လို့ ပြောဆိုဆုံးဖြတ်မယ်ဆိုရင် ရခိုင်ဒေသရဲ့ ထိလွယ်ရှလွယ်
အခြေအနေတွေကို သေသေချာချာလေ့လာပြီးမှ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“အဓိကတော့ နှစ်ချက်ပါပဲ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို
လွယ်လွယ်ကူကူ ဖျက်သိမ်းလို့မရဘူး။ နောက် တစ်ခု ရခိုင်ပြည်ရဲ့အရေးကိစ္စကို
စိတ်ပါဝင်စား ပြီးတော့ ပြောချင်တဲ့လူရှိတယ်ဆိုလို့ရှိရင် ကိုဖီအာနန်
ကော်မရှင်ရဲ့ အစီရင် ခံစာမှာ ပါတဲ့အတိုင်းပေါ့နော်
ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ ကပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ထဲကပဲ
ဖြစ်ဖြစ်၊ NGO အဖွဲ့ကပဲဖြစ်ဖြစ် ဘယ်သူ မဆိုပေါ့နော်
ရခိုင်နဲ့ပတ်သက်ပြီးတော့ ပြော မယ်၊ ဆိုမယ်၊ စိတ်ဝင်စားမယ်
ဆိုလို့ရှိရင်တော့ ရခိုင်ပြည် နယ်ရဲ့ ထိလွယ်ရှလွယ်တဲ့ သဘောအခြေအနေ တွေ၊
ရခိုင်မှာကန့်သတ်ထားတဲ့ အခြေအနေအကုန်လုံးကို အရင်ဆုံး
နားလည်အောင်ကြိုးစားပြီးတော့မှ ပြောရင်ပိုအဆင်ပြေမယ်လို့ ဒါကို
သတင်းစကားပေးချင်တာပါ”
ရိုဟင်ဂျာအချို့ကတော့ အမျိုးသားညီညတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒအပေါ် အပြုသဘောနဲ့ ထောက်ခံကြိုဆိုကြပါတယ်။
ဒါပေမဲ့ အဲဒီမူဝါဒကလည်း ပြတ်သားမှုမရှိတဲ့အတွက်
စောင့်ကြည့်ဖို့လိုဦးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သန်ခါလီဒုက္ခသည်စခန်း
အမှတ်(၁၃)မှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး Rohingya Youth
Association တည်ဆောင်သူ ကိုခင်မောင်က ပြောပါတယ်။
“သူတို့ဟာကို
ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြတ်သားမှုမရှိတာကြောင့်
ကျွန်တော်တို့မှာလည်း ခြင့်ချိန်ရတာ အင်မတန်မှခက်ပါတယ်။
ပြတ်သားမှုမရှိတာကို အရင်ဆုံးဖြေရှင်းဖို့ လိုပါတယ်။ အရင်အစိုးရ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတောင်မှ ရိုဟင်ဂျာဆိုတဲ့
နာမည်ကို သုံးခဲ့တာမရှိဘူး။ အခု ဒီ NUG က ရိုဟင်ဂျာလို့ သုံးစွဲတာဟာ
ဒါတိုးတက်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပြတ်သားမှုမရှိလို့
ကျွန်တော်တို့မှာလည်း ချက်ချင်းဆိုသလို လက်ခံဖို့၊ တုံ့ပြန်ဖို့၊
ပူးပေါင်းဖို့အတွက် နည်းနည်းစောင့်ဆိုင်းဖို့ လိုမယ်လို့ ပြောချင်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ရိုဟင်ဂျာဆိုင်ရာ
မူဝါဒဟာ ရခိုင်ပြည်နယ်က သက်ဆိုင်သူအချို့နဲ့ ဆွေးနွေးပြီးမှ
ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။

“စိုးရိမ်မှုတွေရှိလာမယ်ဆိုတာကို ကျွန်မတို့
မျှော်လင့်ထားပြီးသားဖြစ်ပါ တယ်။ သို့သော်လည်း ရခိုင်နဲ့ ပတ်သက်လို့
ကျွန်မတို့ တဖက်သတ် ဆုံးဖြတ် ခဲ့တာမဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်ဘက်ကလည်း
တချို့သက်ဆိုင်တဲ့သူတွေရဲ့ အသံတွေကိုနားထောင်ပြီးတော့ ပွင့်ပွင့်လင်းလင်း
ကျွန်မတို့ ပြောခဲ့တာရှိ ပါတယ်။ ဘယ်လိုအခြေအနေဆိုရင်တော့ လက်ခံနိုင်တယ်၊
ဘယ်လိုအခြေ အနေဆိုရင်တော့ လက်မခံနိုင်ဘူး။ ဥပမာ ရိုဟင်ဂျာဆိုတဲ့
အသုံးအနှုန်းအရ ကျွန်တော်တို့ကတော့၊ ကျွန်မတို့ကတော့ မသုံးနိုင်ဘူးပေါ့နော်
ရခိုင်ရဲ့အနေ အထားအရ။ ဒါပေမဲ့ သူများ သုံးတာကိုလည်း ကျွန်တော်တို့အနေနဲ့
မကန့်ကွက်ဘူး။ သုံးချင်ရင်သုံးပေါ့။ သို့သော်လည်းပဲ ဒီလိုဆောင်ရွက်နေရတာ၊
လုပ်ရကိုင်ရတာ ရခိုင်တွေကြောင့်ဖြစ်ရတယ်ဆိုပြီး ရခိုင်တွေ ကိုတော့
အပြစ်မဖို့နဲ့၊ မဖို့ပါနဲ့ ဆိုတဲ့ သတင်းစကားတွေကိုရတယ်”
ပါဝင်ပတ်သက်သူတွေနဲ့ ဆွေးနွေးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ ဘယ်သူတွေနဲ့
ဆွေးနွေးခဲ့တယ်ဆိုတာကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က အသေးစိတ်
ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ပြည်တွင်းက နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒဟာ မူအားဖြင့် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့
လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်သေးခင်က အခုလိုထုတ်ပြန်လိုက်တာဟာ
နိုင်ငံရေးရှုပ်ထွေးမှုတွေအပြင် NUG အပေါ်မှာ ရခိုင်တွေရဲ့ အမြင်မကြည်
လင်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ကြိုက်ကြိုက် မကြိုက်ကြိုက် NUG အစိုးရဟာ ဒီနေ့ လေလှိုင်းပေါ်က
အစိုးရလို့ စစ်ကောင်စီက ပြောတာဟာ တစ်စိတ်တစ်ပိုင်းတော့ မှန်ကန် ပါတယ်။
လက်တွေ့လုပ်ငန်းတွေကို ဘာမှမလုပ်ဆောင်နိုင်ပါဘူး။ လက်တွေ့ လုပ်ငန်းတွေကို
မဆောင်ရွက်နိုင်သေးဘဲနဲ့ အခုကြိုတင်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်လို့
သဘောထားထုတ်ပြန် ကြေညာလိုက်တာဟာ နိုင်ငံရေးအရ ရှုပ်ထွေးမှုနဲ့ ဒီ NUG
အပေါ်မှာ ရခိုင်တိုင်းရင်း သား တချို့ကနေပြီးတော့ အမြင်မကြည်လင်တာတွေ
ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပဲရှိပါတယ်။ ဒါကြောင့် ဒီအချိန်ဒီအခါမှာ
မလုပ်သင့်သေးဘူး၊ မထုတ်ဖော်သင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လက်တွေ့မှာ
ဘာမှဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိမှမရှိသေးပဲ။ အလကား နိုင်ငံရေးအရ
ရှုပ်ထွေး မှုဖြစ်စေတာ သက်သက်ပဲလို့ ကျွန်တော် ယူဆတဲ့အတွက် ဒီအချိန်မှာ
ဒါကိုထုတ်ပြန်ကြေညာနေတာ ကတော့ သိပ်မလိုအပ်ဘူးလို့ ကျွန်တော့်အနေနဲ့
ထင်ပါတယ်ခင်ဗျ”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေ၊ ကျောက်တော်၊
မြောက်ဦး၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲပြီးအစရှိတဲ့ မြို့နယ် ၁၂ ခုမှာ
ရခိုင်တွေနဲ့ မွတ်စလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ
နှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
အဲဒီအထဲက
တစ်သိန်းကျော်ဟာ အခု အချိန် ၉ နှစ်လောက်ကြာလာတဲ့အတွက် ပြန်လည်နေရာ
ချထားခြင်းမလုပ်နိုင်သေးဘဲ ကျဉ်းကျပ်တဲ့ဒုက္ခသည်စခန်းတွေမှာ
ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
https://www.rfa.org/burmese/news/rakhine-critize-nug-rohingya-policy-06102021051731.html