နိုဝင်ဘာ ၆၊ ၂၀၁၉
 ယီမင်ရဲ့နိုင်ငံတကာအသိအမှတ်ပြုအစိုးရနဲ့ ယူအေအီးနောက်ခံပြု 
ခွဲထွက်ရေးသူပုန်တွေကြား အပစ်အခတ် ရပ်စဲဖို့ 
အာဏာဝေမျှတဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ 
ယီမင်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုအဆုံးသတ်ဖို့ 
ယီမင်အစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေးသူပုန်တွေကြား 
သဘောတူညီချက် ရရှိခဲ့ပြီလို့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆဲလ်မန်က 
ကြေငြာခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင်ရုပ်သံလိုင်းက 
အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
 ဒီသဘောတူညီချက်ကို 
ရီယာ့ဒ်သဘောတူညီချက်အဖြစ် အိမ်ရှေ့စံမင်းသားမိုဟာမက်ကဖော်ပြခဲ့ပြီး 
လေးနှစ်တာကြာမြင့်နေပြီဖြစ်တဲ့ သွေးစွန်းနေတဲ့ယီမင်စစ်ပွဲကိုအဆုံးသတ်ပြီး 
နိုင်ငံရေးဖြေရှင်းချက် ဆီဦးတည်တဲ့ 
အရေးပါတဲ့သဘောတူညီချက်ဖြစ်ကြောင်းဆိုထားပါတယ်။ “ဒီသဘောတူညီချက်ဟာ 
ယီမင်နိုင်ငံတွင်း တည်ငြိမ်ငြိမ်းချမ်းရေးကာလအသစ်ကို 
လမ်းဖွင့်ပေးမှာဖြစ်သလို ဆော်ဒီကလည်း ခင်ဗျားတို့နဲ့အတူရပ်တည်သွားမှာပါ” 
လို့ အိမ်ရှေ့စံမင်းသားက ရီယာ့ဒ်မြို့က လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ 
ပြောကြားခဲ့ပါတယ်။ “နှစ်ဖက်အပြန်အလှန်အတူတကွပေါင်းစည်းတာကိုမြင်တွေ့ရတာ 
ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။” လို့မင်းသားကဆိုပါတယ်။
 
ခွဲထွက်ရေးသမားတွေပါဝင်တဲ့အစိုးရတွင်းပြန်လည်ဖွဲ့စည်းမှုအပါအဝင် 
သူတို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို 
အစိုးရထိန်းချုပ်မှုအောက်မှာထားရှိသွားဖို့ အစိုးရကလက်ခံခဲ့ပြီးနောက် 
ဒီသဘောတူညီချက် ရလဒ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 
စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေအားလုံးဟာလည်း ကာကွယ်ရေးနဲ့ 
ပြည်ထဲရေးဝန်ကြီးဌာနတွေမှာ အတူတကွပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 
ဒီသဘောတူညီချက်ဟာ တောင်ပိုင်းခွဲထွက်ရေးသမားတွေနဲ့ 
ဟေဒီအစိုးရကြားတစ်နှစ်အတွင်း စစ်မဖြစ်ပွားအောင် တားဆီးနိုင်မှာဖြစ်သလို 
အနာဂတ်အစိုးရအနေနဲ့လည်း 
ဟူတီတွေနဲ့ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင် သွားနိုင်ဖို့ 
အထောက်အပံ့ပြုနိုင်မှာလည်းဖြစ်ပါတယ်။
 ဒီသဘောတူညီချက်ရရှိခဲ့တဲ့အတွက်
 ယီမင်နိုင်ငံဆိုင်ရာကုလသံတမန် မာတင်ဂရင်ဖစ်က ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ 
“ဒီသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ 
ယီမင်နိုင်ငံကပဋိပက္ခတွေ အဆုံးသတ်ပြီး 
ငြိမ်းချမ်းရေးရရှိစေဖို့ကျွန်တော်တို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေအတွက် 
အရေးပါတဲ့ခြေလှမ်း တစ်ရပ်ပဲဖြစ်ပါတယ်။ 
တောင်ပိုင်းခွဲထွက်ရေးသမားတွေရဲ့တောင်းဆိုချက်တွေကိုနားထောင်မှုဟာ 
နိုင်ငံတွင်း ငြိမ်းချမ်းရေးရ ရှိစေဖို့ 
နိုင်ငံရေးအရအရေးပါတဲ့ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။” 
လို့သူကပြောကြား ခဲ့ပါတယ်။
 ယီမင်နိုင်ငံကစစ်ပွဲတွေကြောင့် 
လူပေါင်းသောင်းချီသေဆုံးခဲ့ရသလို 
လူပေါင်းသန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေး နေရတာကြောင့် 
ကမ္ဘာပေါ်မှာအဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားရေး ကပ်ဘေး တစ်ခုဖြစ်လာခဲ့ ရပါတယ်။
 တောင်ပိုင်းခွဲထွက်ရေးလက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ မိုဟ်ဒါအလ်အိုမာရီကလည်း 
အင်္ဂါနေ့ကသဘောတူညီချက်သတင်းကို ကြိုဆိုခဲ့ပါတယ်။ 
“ရီယာ့ဒ်သဘောတူညီချက်ရရှိခဲ့တဲ့အတွက် 
ကျွန်တော်တို့တောင်ပိုင်းလူထုကိုဂုဏ်ပြုလိုပါတယ်။ 
ဒါဟာလက်ရှိအခြေအနေအတွက်တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်ပါတယ်။ 
ဒီလိုသမိုင်းဝင်အခါသမယအတွက် 
ကျွန်တော်တို့ စစ်တပ်နဲ့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေကို 
ဂုဏ်ပြုလိုပါတယ်”လို့ သူကပြောကြားခဲ့ပါတယ်။
 Al Jazeera သတင်းဌာနပါ 
“Peace deal announced between Yemeni government, separatists” 
အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က 
မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.