Breaking

October 25, 2019

ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းရွှေ့ပြောင်းရေး ဆိုင်းငံ့ထားဖို့ အမေရိကန်တိုက်တွန်း

■ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းမှာ ပြောင်းရွှေ့နေရာချထားမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

အဲဒီဘာဆန်ချာကျွန်းဟာ ဒုက္ခသည်တွေအတွက် သင့်တော်တဲ့နေရာဖြစ်ရဲ့လားဆိုတာကို ကျွမ်းကျင် ပညာရှင်တွေက ဆုံးဖြတ်သတ်မှတ်ပြီးတဲ့အထိ ဆိုင်းငံ့ထားစေလိုတယ်လို့ တောင်အာရှနဲ့ အလယ်အာရှ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Alice G. Wells က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ဥရောပသဂ္ဂခေါင်းဆောင်တွေက ဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြပြီး သူတို့သဘောမတူဘဲ ရွှေ့ပေးမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကတိပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းဆီရွှေ့ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘင်္ဂလားဒေ့ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ြကီး M Shahriar Alam က အဲဒီမတိုင်ခင်ရက်တွေက ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျင်းပမယ့် အာဆီယံညီလာခံမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် ကိစ္စကို ဆွေးနွေးသွားမယ်လို့ ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို စိုးရိမ်ပူပန်ကြောင်းနဲ့ ဒီပြသနာကို ဖြေရှင်းဖို့အတွက် မြန်မာအစိုးရအနေနဲ့ သူတို့နေရပ်ပြန်ရေးကိစ္စကို အမြန်ဆုံးဆောင်ရွက်စေလိုကြောင်း အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ညီလာခံ အြကိုဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ၊ သူတို့ဆန္ဒအလျောက်ဖြစ်ရေး၊ ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချစွာ နေနိုင်ရေး သေချာဖို့ အရေးကြီးတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.