Breaking

October 29, 2019

အစ္စရေးနိုင်ငံအကြောင်း တစေ့တစောင်း


Image result for israel map 1948
 1948 map

ကမ္ဘာပေါ်တွင် အစ္စရေးနိုင်ငံသမိုင်းသည်လည်း စိတ်ဝင်စားစရာကောင်းသော သမိုင်းနောက်ခံများ တည်ရှိခဲ့ပေသည်။ ထို သမိုင်းနောက်ခံများထဲမှ စိတ်ဝင်စားဖွယ်ရာကောင်းသော၊ သင်ခန်းစာ ယူဖွယ်ရာကောင်းသော အစ္စရေးနိုင်ငံ၊ အစ္စရေးလူမျိုးများ၏ ကမ္ဘာပေါ်တွင် ရပ်တည်ရှင်သန် နေထိုင်ခဲ့ ရပုံများ ကို မှတ်သားဖွယ်ရာ တွေ့ရှိရပေသည်။

အတိတ်သမိုင်း
=======
ဣသရေလ လူမျိုးများ
--------------------
ဣသရေလခေါ်၊ ရေဝတီခေါ်၊ ရဟူဒီခေါ်၊ ဟေဗြဲခေါ်၊ ဂျူးခေါ်သော လူမျိုးတစ်မျိုးသည် ရှေးဟောင်းခေတ်တွင် အင်ပါယာကြီးတစ်ခုကို ထူထောင်ခဲ့သော လူမျိုးတစ်မျိုး မဟုတ်ခဲ့သော်လည်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းအတွက် အရေးပါအရာရောက်သော ယဉ်ကျေးမှု အမွေအနှစ်များကို ပေးခဲ့သော လူမျိုးဖြစ်သည်။ ဣသရေလ (သို့မဟုတ်) ဟေဗြဲလူမျိုးသည် အာမော်ရီတ၊ ကင်နာနိုက်၊ အာရာမေယန်း လူမျိုးများကဲ့သို့ပင် ဆေးမီတစ်အမျိုးအနွယ်မှပင် ဆင်းသက်လာကြသည်ဟု ယူဆခဲ့ကြသည်။ ဣသရေလတို့သည် သိုးအုပ် ဆိတ်အုပ်များကို ထိန်းကျောင်း၍ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာနေသော လူမျိုးတစ်မျိုးဖြစ်သည်။ ယနေ့ထက်တိုင် မိမိတို့၏ သီးခြား ယဉ်ကျေးမှုနှင့် လူမျိုးမပျောက်ဘဲ ရှိနေသော ဣသရေလလူမျိုးတို့သည် အာဘရာဟမ်အမည်ရှိသော ပုဂ္ဂိုလ်မှ ဆင်းသက်လာကြသော လူမျိုးဖြစ်သည်ဟု ယခုတိုင် ဣသရေလလူမျိုးတို့က ယုံကြည်ကြသည်။

ပါလက်စတိုင်း (သို့မဟုတ်) ကာန်နန်ပြည်သို့ ရောက်ရှိခြင်း
----------------------------------------------------------
ဘီစီ (၁၄ဝဝ)လောက်တွင် လှည့်လည်ကျက်စားနေသော ဣသရေလ လူမျိုးများကို ခေါင်းဆောင် ဂျိုးရှူအာက ကွပ်ကဲ၍ ဂျော်ဒန်ကို ဖြတ်ပြီး ပါလက်စတိုင်းသို့ ဣသရေလများ ရောက်ရှိလာခဲ့ကြသည်။ ထို့အပြင် အီဂျစ်ကို ဟစ်ကဆိုး လူမျိုးများ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း ဟစ်ကဆိုးတို့နှင့်အတူ ဣသရေလ လူမျိုးများ အများအပြား ပါသွားပြီး အီဂျစ်ပြည်၌ နေထိုင်ခဲ့ကြသည်။ အီဂျစ်မှ ဣသရေလများသည် မိုးဆက်ခေါ် မောရှေ ခေါင်းဆောင်သည့် ဣသရေလ်များ တစုတရုံးကြီး အီဂျစ်မှထွက်ခွာသွားကာ ပါလက်စတိုင်းသို့ရောက်သွားကြပြီး၊ ထိုပြည်က ဌာနေလူမျိုးများနှင့် ရောယှက်သွားကြသည်။ ကာန်နန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဣသရေလတို့၏ ယဉ်ကျေးမှုများလည်း ပေါင်းစပ် တူညီသွားခဲ့ကြသည်။ ဣသရေလ လူမျိုးများတွင် မျိုးရိုးချင်းတူလျက် အုပ်စုအလိုက် (၁၂)မျိုး ကွဲပြားလျက်ရှိသည်။

ဣသရေလ နိုင်ငံအစိုးရ
-----------------------
ဘီစီ ၁ဝ၂၅ နှစ်အထိ ဣသရေလ အမျိုးသားတို့၏ အစိုးရသည် သီအိုကရေစီခေါ် ဘုရားရှိခိုးကျောင်းမှ အုပ်ချုပ်သော ဘာသာရေးအုပ်ချုပ်မှုကို ကျင့်သုံးခဲ့သည်။ ရှေးဦးစွာ မောရှေက လူမျိုးအုပ်စုများကို ထိန်းချုပ်အုပ်ချုပြပြီးလျှင် ဘုရားသခင်၏ ပညတ်တော်များကို ဟောပြော၍ ကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာအောင် ထိန်းသိမ်းခဲ့ကြသည်။

နောင်တွင် လူမျိုးအုပ်စုအလိုက် တရားသူကြီးများ ခန့်အပ်ထား၍ တရားသူကြီးများက အမှုအခင်းများ စီရင်ဆုံးဖြတ်ခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေခြင်း၊ ကွပ်ကဲခြင်းတို့ကို တာဝန်ယူခဲ့ကြသည်။ ဣသရေလများသည် အတန်းအစား မခွဲခြားပဲ အများစုပေါင်း လုပ်ကိုင်သော ဘုံလုပ်ငန်းစနစ်နှင့် အကျိုးစီးပွားကို အများကပင် စုပေါင်းခံစားရသည့် လူနေမှုစနစ်ကို တည်ထောာင်ကျင့်သုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် အနာဂတ်ကို အမြင်ရသူများဟု ယုံကြည်ကြသော တမန်တော်များ ပေါ်လာပြီး၊ ထိုတမန်တော်များ၏ ဟောပြောအုပ်ချုပ်မှုဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်။

ဣသရေလ နန်းဆက် ပေါ်ပေါက်လာပုံ
--------------------------------------
ဖီလစ္စတင်းတို့က ပါလက်စတိုင်းကို ဝင်ရောက်တိုက်ခိုက်လာသည်ကို သူရသတ္တိနှင့် ပြည့်စုံသော သူရဲကောင်း ဆာဦးလ်က ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သောကြောင့် ဆာဦးလ်ကို တမန်တော်များ၏ သဘောတူညီချက်ဖြင့် နန်းတင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဣသရေလနိုင်ငံ ပေါ်ပေါက်လာပြီး ဆာဦးလ်ဘုရင်က ပထမဆုံး မင်းအဖြစ် အုပ်စိုးခဲ့သည်။ ဣသရေလတို့၏ ဘာသာအယူဝါဒ ရည်ရွယ်ချက်မှာ မိမိတို့လူမျိုး တစည်းတလုံးတည်း နေထိုင်နိုင်ရန် ဖြစ်သည်။ ဣသရေလတို့က တစ်ဆူတည်းသော ယေဟိုဗာဘုရားကိုသာ စွဲမြဲစွာ ယုံကြည်ကိုးကွယ်ကြသည်။ ဣသရေလတို့သည် ဘုရင်အုပ်ချုပ်ရေးနှင့် ဘုရားကိုးကွယ်မှုကို မရောယှက်ကြပေ။ ဘုရင်များကိုလည်း ဘုရားအဖြစ် မကိုးကွယ်ကြပေ။ ဘုရားသခင် အလိုတော်ကျ ဘုရင်များက ပြည်သူတို့ အကျိုးကို ဆောင်ရမည်ဟုသာ ယုံကြည်ကြသည်။ ဣသရေလတို့သည် စာပေတွင်လည်း ကိုယ်ပိုင်စာပေကို ဖန်တီးခဲ့ကြသူများ ဖြစ်ကြောင်း ဘီစီ(၁၄ဝဝ)ခန့်၌ နောင်တွင် ရောမအက္ခရာဖြစ်လာမည့် မူလအက္ခရာကို ဣသရေလတို့ ကတီထွင်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများက သက်သေပြခဲ့သည်။ ပါလက်စတိုင်း၏ မြောက်ဘက်ရှိ ဣသရေလတို့နှင့် အနွယ်တူ လူမျိုးများ နေသော ဂျူဒါနိုင်ငံကို ဒေဗစ်ဘုရင် အုပ်စိုးသည်။ ဆာဦးလ်ဘုရင်၏သား အစ်ရှဘလ် ဘုရင် ကွယ်လွန်သောအခါ ဣသရေလနိုင်ငံ ကဒေးဗစ်ဘုရင်ထံ သစ္စာခံခဲ့သည်။

ဒေဗစ်ဘုရင် ကွယ်လွန်သောအခါ ဆော်လမွန်ဘုရင် နန်းတက်ခဲ့သည်။ ဆော်လမွန်သည် ဉာဏ်ပညာ ထက်မြက်၍ အမြင်ကျယ်သူတစ်ဦး ဖြစ်သောကြောင့် ဣသရေလ နိုင်ငံတွင် တိုးတက်မှုအများ အပြားဖြစ်ပေါ်ခဲ့သည်။ ဆော်လမွန် လက်ထက်တွင် စီးပွားကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုများကို အားပေးပြီးလျှင် ကူးသန်းသွားလာရေး လမ်းမကြီးများကို ထိန်းသိမ်း စောင့်ရှောက်ပေးသည်။ ဆော်လမွန် လက်ထက်တွင် သတ္တုတူးဖော်မှုနှင့် သတ္တုကျိုချက်မှုများ ထွန်းကားပြီးလျှင် အပြည်ပြည်နှင့် ကူးသန်းရောင်း ဝယ်ရေးလည်း ထွန်းကားခဲ့သည်။ ထို့အပြင် ဆော်လမွန်က ပင်လယ်နီတဝိုက်၌ ကုန်သွယ်မှုကို အားပေးရန်အတွက် တီယာပြည် ဟီရမ်ဘုရင်နှင့် သဘောတူ စာချုပ်ချုပ်ပြီးလျှင် ကုန်တင်သင်္ဘော အမြောက်အမြားကိုလည်း တည်ဆောက်ခဲ့သည်။

သို့သော် ဆော်လမွန် တိုးချဲ့့လုပ်ကိုင်သော စီမံကိန်းများမှာ ဇယားမကိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဆော်လမွန်၏ နိုင်ငံသည် သယံဇာတပစ္စည်းများ ရှားပါးပြီးလျှင် တိုးချဲ့သော လုပ်ငန်းများအတွက် ကုန်ကျစရိတ်မှာလည်း အင်မတန်ကြီးမားသောကြောင့် ဖြစ်သည်။ ထို့အပြင် စီမံကိန်းများ အတွက်ကုန်ကျသော စရိတ်များကို နိုင်ငံသားများထံမှ အခွန်ကောက်ခံ၍ ပြည်သူတို့အား အလုပ်ခိုင်းခြင်းတို့ကြောင့် ပြည်သူများက ဆော်လမွန်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။ ဆော်လမွန်ဘုရင် ကွယ်လွန်သောအခါ ဣသရေလသည် ယခင်ကဲ့သို့ပင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟု (၂)ခြမ်း ပြန်၍ကွဲသွားပြီးလျှင် မြောက်ပိုင်းက ဣသရေလ နိုင်ငံဖြစ်လာပြီး၊ တောင်ပိုင်းက ဂျူဒါနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် အေဒီ(၇ဝ) ရောမလူမျိုးတို့က ဂျေရုစလင်မြို့တော်ကို တိုက်ခိုက်ဖျက်ဆီးရာမှ ဂျူးနိုင်ငံ ပျောက်ကွယ်ခဲ့ရသည်။

ဂျူးလူမျိုးတို့ရဲ့ဘဝ
-------------------
၁၉ ရာစုနောက်ပိုင်းတွင် ဇီယွန်ဝါဒခေါ် ဂျူးအမျိုးသားရေးဝါဒကို သြစထရီးယားနိုင်ငံသား သီယိုဒိုးဟာဇ်က ဖော်ထုတ်ခဲ့သည်။ ဇီယွန်ဝါဒ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာအနှံ့အပြား ဂျူးလူမျိုးအတွက် ပါလက်စတိုင်းဒေသတွင် နိုင်ငံတည်ထောင်ရန် ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားသော ပထမကမ္ဘာစစ်အတွင်း အာရပ်တို့က တူရကီတို့ကို ပုန်ကန်ရာတွင် ဗြိတိသျှတို့က အာရပ်တို့ဘက်မှ ကူညီခဲ့သဖြင့် ပါလက်စတိုင်းဒေသကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂) ရက်နေ့တွင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး အာသာဂျိမ်းဘဲလ်ဖိုးက ကြေငြာစာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာစာတမ်းတွင် ဂျူးလူမျိုးများအတွက် ပါလက်စတိုင်းဒေသ၌ နိုင်ငံတစ်နိုင်ငံ တည်ထောင်ပေးနိုင်ရေးနှင့် ပတ်သက်သော သဘောထားကို ဗြိတိသျှအစိုးရက ဖော်ပြခဲ့သည်။

မကြာမီ အာရပ်နှင့် ဂျူးအမျိုးသားများ၏ ပဋိပက္ခမှုပေါ်ပေါက်လာကာ တနေ့တခြား ပြင်းထန်လာခဲ့ပြီး အကြမ်းဖက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ သည်တွင် ဗြိတိသျှအစိုးရက စုံစမ်းရေးကော်မတီရှင် တစ်ရပ်ကို စေလွှတ်၍ ပါလက်စတိုင်းဒေသတွင် ဂျူးလူမျိုးများ အခြေချခြင်းကို တားမြစ်ရာရောက်သည့် စက္ကူဖြူစာတမ်းကို ၁၉၃ဝ ပြည့်နှစ်တွင် လော့ဒ်ပတ်စ်ဖီးလ်က ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာစာတမ်းသည် ဗြိတိသျှနှင့် ဂျူးအမျိုးသားတို့၏ ဆက်ဆံရေးတွင် အတားအဆီးသဖွယ် ဖြစ်လာသည်။ ဘဲလ်ဖိုးကြေငြာစာတမ်းကိုလည်း ဆန့်ကျင်သကဲ့သို့ ဖြစ်နေသည်။ သို့ဖြင့် ထိုစက္ကူဖြူစာတမ်းကို ပြန်လည်ပြင်ဆင်သည့် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ရသည်။ ယင်းကြေငြာချက်အရ ယခင်က တားမြစ်ထားသည့် ပါလက်စတိုင်းဒေသတွင်းသို့ ဂျူးလူမျိုးများ ဝင်ရောက် အခြေချခြင်းကို ပြန်လည်ခွင့်ပြုခဲ့ရသည်။ ထိုအချိန်မှစ၍ ၁၉၃၃ ခုနှစ် တိုင်အောင် အရှေ့ဥရောပနှင့် ဂျာမနီနိုင်ငံတို့မှ ဂျူးများတဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ ဆက်လက်၍ ၁၉၃၃ ခုနှစ်၊ ဂျာမနီတွင် ဟစ်တလာ အာဏာရရှိသည့် အချိန်မှစ၍ ဂျာမနီနိုင်ငံနှင့် ဥရောပအလယ်ပိုင်း ဒေသတို့မှ ဂျူးလူမျိုးများသည် ပါလက်စတိုင်းဒေသသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။ အာရပ်နယ်မြေရှိ ဗြိတိသျှ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများနှင့် စူးအက်တူးမြောင်း ပတ်ဝန်းကျင်ရှိ ဗြိတိသျှစစ်အခြေခံစခန်းများ လုံခြုံရေးအတွက် ဗြိတိသျှတို့သည် အာရပ်တို့နှင့် ရင်းနှီးမှုရရန် အဘက်ဘက်မှ ကြိုးပမ်းခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဂျူးလူမျိုးတို့ လာရောက် အခြေချခြင်းကို ကန့်သတ်သည့် စက္ကူဖြူစာတမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဂျူးလူမျိုးတို့သည် ဗြိတိသျှအစိုးရက ထုတ်ပြန်သော စက္ကူဖြူစာတမ်းကို မကျေနပ်သော်လည်း ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာသောအခါ စက္ကူဖြူစာတမ်းပြဿနာကို ခေတ္တမေ့ပျောက်ထားရသည်။ ဗြိတိသျှတို့နှင့် ပူးပေါင်းကာ ဘုံရန်သ ူနာဇီဂျာမနီကို တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ကြီးပြီးဆုံးတော့မှ ဂျူးတို့သည် ဗြိတိသျှအစိုးကို ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှ ဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှုများကို ဂျူးမြေအောက် အဖွဲ့အစည်း(၃)ခုဖြစ်သော ဟာဂါနာ၊ အာရ်ဂွန်နှင့် စတန်းဂိုဏ်းတို့က လုပ်ဆောင်သည်။ တစ်နေ့တစ်ခြား အခြေအနေ တင်းမာလာ၍ ကုလသမဂ္ဂမှ စေလွှတ်သည့် အဖွဲ့ဝင်(၁၁)ဦး ပါဝင်သော အထူးစုံစမ်းရေးကော်မရှင်က ပါလက်စတိုင်းဒေသကို အာရပ်နိုင်ငံနှင့် ဂျူးနိုင်ငံဟူ၍ ခွဲဝေပိုင်းခြားပေးရသည်။ ဂျေရုစလင်ဒေသကို နိုင်ငံတကာ အစောင့်အရှောက်ခံ နယ်မြေအဖြစ် ထားရှိရန် အဆိုပြုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ယင်းအဆိုပြု ချက်ကို အတည်ပြုခဲ့သည်။ ပါလက်စတိုင်းဒေသ၌ ဆူပူလှုပ်ရှားအကြမ်းဖက်မှုများ၊ မင်းမဲ့စနစ်သဏ္ဍာန် လွှမ်းမိုးလာရာ၊ ၁၉၄၈ ခုနှစ် မေလ(၁၄)ရက်နေ့တွင် ပါလက်စတိုင်းဒေသမှ ဗြိတိသျှတပ်များ ဆုတ်ခွာ၍၊ ဂျူးလူမျိုးတို့က မိမိတို့၏ ဒေသကို လွတ်လပ်သော အစ္စရေးနိုင်ငံအဖြစ် ကြေညာခဲ့သည်။

ထိုဒေသတွင် ယာယီအစိုးရဖွဲ့စည်းပြီး ဂျူးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေးဗစ် ဘင်ဂူရီယန်အား ဝန်ကြီးချုပ် ခန့်အပ်ခဲ့သည်။ ယင်းသို့ ပါလက်စတိုင်းဒေသကို အစ္စရေးနိုင်ငံ တည်ထောင်လိုက်ခြင်းကို အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က အသိအမှတ်ပြုခဲ့ကြသည်။ အာရပ်နိုင်ငံများအဖွဲ့ချုပ်က လုံဝ လက်မခံခဲ့သည့်အပြင်၊ အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဂျော်ဒန်၊ ဆီးရီးယား၊ လီဘာနွန်၊ အီရတ်နှင့် ဆော်ဒီအာရေးဘီးယား နိုင်ငံများက ဆန့်ကျင်ဆန္ဒပြကာ အစ္စရေးနိုင်ငံကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်အထိ ကန့်ကွက်ခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကောင့်ဘာနာဒေါ့တ်၏ စေ့စပ်ဖြေရှင်းမှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။ ကောင့်ဘာနာဒေါ့တ် လုပ်ကြံခံရ၍ ၎င်း၏ရာထူးကို ဆက်ခံသော ရာလ်ဖိဘန့်ချ်လက်ထက် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် အစ္စရေးနိုင်ငံက အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံအပါအဝင် ဂျော်ဒန်၊ လီဘာနွန်၊ ဆီးရီးယား နိုင်ငံများနှင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ကို ဂရိနိုင်ငံပိုင် ရုတ်စ်ကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသို့ဖြင့် ဂျူးလူမျိုးများသည် ကမ္ဘာ့မြေပုံပေါ်တွင် ဂျူးလူမျိုးတို့အတွက် နေရာတစ်နေရာ ရအောင်ကြိုးစား အားထုတ်ခဲ့ကြသည်။

အစ္စရေး သမ္မတနိုင်ငံ
-------------------
အစ္စရေး သမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၌ မြောက်လတ္တီတွဒ် ၂၉ ၂၈ ဒီဂရီ စင်တီဂရိတ် နှင့် ၃၃ ၁၄ ဒီဂရီစင်တီဂရိတ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၃၄ ၂၅ ဒီဂရီစင်တီဂရိတ် နှင့် ၃၅ ၃၂ ဒီဂရီစင်တီဂရိတ် အကြားတွင် တည်ရှိသည်။ အစ္စရေးနိုင်ငံ မြောက်ဘက်တွင် လက်ဘနွန်နိုင်ငံ၊ အရှေ့မြောက်ဖက်တွင် ဆီးရီးယားနိုင်ငံ၊ အရှေ့ဖက်တွင် ဂျော်ဒန်နိုင်ငံ၊ တောင်ဘက်တွင် အက္ကဘာပင်လယ်ကွေ့၊ အနောက်တောင်ဖက်တွင် အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၊ အနောက်ဖက်တွင် မြေထဲပင်လယ်တို့ ဝန်းရံလျက်ရှိသည်။

မြေမျက်နှာပြင် ပထဝီအနေအထားအရ အစ္စရေးနိုင်ငံကို လေးပိုင်းခွဲခြားထားသည်။ ၎င်းတို့မှာ-

၁။ တောင်တန်းဒေသ
၂။ ကမ်းခြေလွင်ပြင်ဒေသ
၃။ ကန္တာရဒေသ
၄။ မြစ်ဝှမ်းဒေသတို့ ဖြစ်သည်။

တောင်တန်းဒေသမှာ မြောက်ပိုင်းတွင်ရှိ၍ ဂယ်လီလီ၊ ဂျူဒါနှင့် ဆမာရီရာဒေသများ ပါဝင်ပြီး အချို့နေရာများတွင် ပေ ၄ဝဝဝခန့်မြင့်မားသည်။ ကမ်းခြေလွင်ပြင်ဒေသမှာ အလယ်ပိုင်းတွင်ဖြစ်၍၊ ဂါဇာရေလက်ကြားမှ အက်စ်ဒရေလွန်-လွင်ပြင်အပါအဝင် အာခ်ရာမြို့မြောက်ပိုင်းအထိ ကျယ်ပြန့်သည်။ သဲကန္တာရဒေသမှာ ဘာရှီဘာမြို့ တောင်ပိုင်းမှ အက္ကဘာပင်လယ်ကွေ့အထိ ကျယ်ဝန်းသည့် တရိဂံ ပုံသဏ္ဍာန်ရှိသောနီဂေ့ဒေသဖြစ်သည်။ ဂျော်ဒန်မြစ်ဝှမ်းဒေသတွင် ဟူလာဒေသ၊ တိုင်တီးရီးယပ်စ်ဒေသနှင့် ပင်လယ်သေ အနောက်တောင်စွန်းဒေသများ ပါဝင်သည်။

နိုင်ငံအကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၇၉၉၃) ခန့်ရှိသည်။အစ္စရေးနိုင်ငံသည် ပူအိုက်ခြောက်သွေ့သော ရာသီဥတုနှင့် ဆောင်းရာသီ မိုးရွာသော မြေထဲပင်လယ်ရာသီ ဥတုမျိုးရှိသည်။ တစ်နိုင်ငံလုံး အပူချိန်မှာ ၄ဝ ဒီဂရီဖာရင်ဟိုက်မှ ၁ဝဝ ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အောက် ချိုင့်ဝှမ်းဒေသများတွင် အပူရှိန်လွန်စွာ ပြင်းထန်ပြီး ၁ဝဝ ဒီဂရီ ဖာရင်ဟိုက်ကျော်သည်။ မိုးရေချိန်မှာ ဒေသတစ်ခုနှင့် တစ်ခု လွန်စွာကွာခြားသည်။ မြောက်ပိုင်းရှိ ဂယ်လီလီ အထက်ပိုင်းတွင် နှစ်စဉ်ပျှမ်းမျှ မိုးရေချိန် လက်မ ၄ဝ ကျော်ရွာသွန်းသည်။ တောင်ဖက်စွန်းရှိ အီလတ်မြို့တွင် ၄ လက်မခန့်သာ ရွာသွန်းသည်။ ဆောင်းရာသီတွင် ဂျေရုစလင်မြို့၌ ဆီးနှင်းများ လက်မပေါင်းများစွာ ထူထပ်အောင် ကျဆင်းသည်။ ဂယ်လီလီ ထက်ပိုင်းတွင်မူ ပေပေါင်းများစွာ ထူထပ်အောင် ကျဆင်းသည်။

အစ္စရေးမြို့တော်မှာ တဲလ်အဗစ် ဖြစ်သည်။ ထင်ရှားသောမြို့ကြီးများမှာ ဟိုင်ဖာ၊ ဂျေရုစလင်၊ ဘာရှီဘာ၊ အက်ရှ်ဒေါ့ဒ်၊ အက်ရှ်ကလွန်နှင့် လော့ဒ်မြို့တို့ ဖြစ်သည်။ မော်တော်ကားလမ်းမှာ မိုင်ပေါင်း(၂၅ဝဝ)ခန့် ရှိသည်။ အီလတ်မြို့မှ ဟိုင်ဖာမြို့ထိ ဖောက်လုပ်ထားသော လမ်းမကြီးသည် ပင်လယ်နီနှင့် မြေထဲပင်လယ်ကို ဆက်သွယ်ထား၍ အစ္စရေးနိုင်ငံ၏ စူးအက်တူးမြောင်းဟု တွင်သည်။ မီးရထားလမ်းမှာ မိုင်ပေါင်း (၄၅၄) မိုင်မျှ ရှိသည်။ ရေကြောင်းလမ်းမှာ အဓိက သင်္ဘောဆိပ်သုံးခု ရှိသည်။ ခေတ်မီ၍ အကြီးကျယ်ဆုံးသော ဆိပ်ကမ်းမှာ ဟိုင်ဖာသင်္ဘောဆိပ်ဖြစ်သည်။ဇင်းမ် ရေကြောင်းကုမ္ပဏီ သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးသော သင်္ဘောဆိပ် ကုမ္ပဏီဖြစ်သည်။ ကုန်သွယ်သင်္ဘောများကို အစဉ်တိုးချဲ့လျက်ရှိသည်။ ၁၉၆၅ ခုနှစ်တွင်စတင် အသုံးပြုခဲ့သော အက်ရှ်ဒေါ့ဒ် သင်္ဘောဆိပ်သည် နီဂေ့ဒေသမှ ထွက်သော တွင်းထွက်ပစ္စည်းများကို တင်ပို့ရာ သင်္ဘောဆိပ်လည်း ဖြစ်သည်။ တတိယသင်္ဘောဆိပ်မှာ အစ္စရေးနိုင်ငံ တောင်ဖက်စွန်းရှိ အီလတ်မြို့တွင် တည်ရှိ၍ အာရှ၊ အာဖရီက နိုင်ငံများနှင့် ကုန်သွယ်သည့် သင်္ဘောဆိပ် ဖြစ်သည်။

အစ္စရေးနိုင်ငံ၏ ပြည်ပလေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဲလ်အဲလ် လေကြောင်းကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ လေကြောင်းကုမ္ပဏီ(၁၄)ခုနှင့် ဆက်သွယ်ထားသည်။ တဲလ်အဗစ်မြို့အနီးရှိ လော့ဒ်မြို့တွင် နိုင်ငံတကာလေဆိပ် ရှိသည်။ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဲလ်အဲလ်လေကြောင်း ကုမ္ပဏီ၏ ဌာနခွဲဖြစ်သော အာကီယာက ဆောင်ရွက်သည်။ ပြည်တွင်းလေဆိပ်များမှာ ဟိုင်ဖာ၊ ဂျေရုစလင်၊ ဂယ်လီလီ၊ ဟာဇ်လီယာ၊ မဆာဒါနှင့် အီလတ်တို့ ဖြစ်သည်။

အစ္စရေး လူဦးရေ(၃)သန်း အနက် ၈၉ ရာခိုင်နှုန်းသည် ဂျူးလူမျိုးများဖြစ်သည်။ ကျန်လူဦးရေမှာ အာရပ်လူမျိုးများ ဖြစ်သည်။ ဟီဘရူးနှင့် အာရပ်ဘာသာစကားတို့သည် တရားဝင်ရုံးသုံး ဘာသာစကားများ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကို စီးပွားရေးရာ ကိစ္စများတွင် အသုံးပြုသည်။ ကိုးကွယ်သော ဘာသာမှာ ရဟူဒီ ဘာသာ၊ အစ္စလာမ် ဘာသာနှင့် ခရစ်ယာန်ဘာသာတို့ ဖြစ်သည်။

လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ရရှိပြီး ၊ ၁၉၄၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ၎င်းတို့အလံမှာ အဖြူခံပေါ်တွင် အလျားလိုက် အပြာစင်း(၂)ခု အထက်အောက်ပါရှိပြီး အလယ်တွင် ဒေးဗစ်ဘုရင်၏ တံဆိပ်ဖြစ်သော ထောင့်ခြောက်ခုပါ ကြယ်ပွင့်ပါရှိသည်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ပညာရေး ရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေး ကွပ်ကဲကြီးကြပ်ရေးအဖွဲ့များ ထားရှိကာ နိုင်ငံတာကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ထားသည်။

စီးပွားရေး
---------
အစ္စရေးနိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်တို့ ပေါင်းစပ် ရောနှောလျက် ရှိသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဖြင့်လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများလည်း ရှိသည်။ ပြည်တွင်း အဓိက စီးပွားရေးလုပ်ငန်းမှာ သတ္တုတူးဖော်ရေး လုပ်ငန်းဖြစ်သည်။ ကမ္ဘာအနှံ့အပြားရှိ ဂျူးလူမျိုးအဖွဲ့များက ငွေကြေးလက်ဆောင် ပေးခြင်းဖြင့်လည်းကောင်း၊ အစ္စရေးအစိုးရထံမှ စာချုပ်များကို ဝယ်ယူခြင်းအားဖြင့်လည်းကောင်း အစ္စရေးနိုင်ငံ၏ စီးပွားရေးကို ကူညီထောက်ပံ့ကြသည်။ အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် ကုလသမဂ္ဂ အတတ်ပညာဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ရရှိခဲ့သည်။ အစ္စရေး ပေါင်ငွေကို ငွေကြေးအဖြစ် အသုံးပြုသည်။

၁၉၇ဝ ပြည့်နှစ်၊ ကုလသမဂ္ဂ ခန့်မှန်းခြေစာရင်းအရ တစ်မျိုးသားလုံး၏ ကုန်ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းမှာ အစ္စရေးပေါင်(၁၈၉ဝ)ကုဋေ တန်ဖိုးရှိသည်။ သယံဇာတ အဓိကတွင်းထွက် ပစ္စည်းများမှာ ပိုတက်ရှိနှင့် ဘရိုမင်းတို့ဖြစ်သည်။ ထို့ပြင် ရေနံ၊ စိန်၊ ကြေးနီ၊ ဖော့စ်ဖိတ်၊ မင်းဂနီးစ်၊ သံရိုင်း၊ ဆား၊ သဘာဝဓာတ်ငွေ့၊ လချေးတို့ကို တူးဖော်ရရှိသည်။ အဓိက စိုက်ပျိုးရေးလုပ်ငန်းမှာ ရှောက်၊ သံပုရာနှင့် စပျစ်စိုက်ပျိုးရေးတို့ ဖြစ်သည်။ သံလွင်၊ ဆေး၊ ဟင်းသီးဟင်းရွက်၊ ငှက်ပျော ဝါဂွမ်း၊ ကြံ၊ အာလူး၊ မြေပဲတို့ကိုလည်း စီးပွားဖြစ် စိုက်ပျိုးသည်။ စိုက်ပျိုးရေးတွင် ရေသွယ်ယူစို်က်ပျိုးခြင်းနှင့် အခြောက်စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုး ဖြစ်သည်။

သိုးနွားကို စီးပွားဖြစ် မွေးမြူကြသည်။ သိုးကို အသားစားရန်အတွက်နှင့် သိုးမွေးအတွက် သီးသန့် မွေးမြူသည်။ မြေထဲပင်လယ်၊ ပင်လယ်နီနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် စနစ်တကျ ငါးဖမ်းခြင်းအပြင် ကင်နာရက်အိုင်နှင့် ရေကန်ကြီးများကို တူး၍လည်း ငါးမွေးမြူရေးကို လုပ်ကိုင်ကြသည်။ စိန်၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ စားကုန်သောက်ကုန်များ၊ ဓာတ်သတ္တုပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ စက်မှုလုပ်ငန်းထွက်ကုန်များကို ပြည်ပသို့ တင်ပို့သည်။ စက်မှုလုပ်ငန်းဆိုင်ရာ ကုန်ကြမ်းများ၊ စက်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ စားကုန်သောက်ကုန်များ၊ စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ယာဉ်နှင့် ယာဉ်အပိုပစ္စည်းများ၊ သင်္ဘောများနှင့် လေယာဉ်ပျံများကို ပြည်တွင်းသို့တင်ပို့ တင်သွင်းသည်။

ပညာရေး
---------
အသက် ၅ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများအတွက် အခမဲ့ မသင်မနေရ ပညာရေးစနစ် ပြဋ္ဌာန်းထားသည်။ အင်္ဂလိပ်ဘာသာမှာ အဓိက နိုင်ငံခြားဘာသာဖြစ်ပြီး အချို့ကျောင်းများတွင် ပြင်သစ်ဘာသာကို ုသင်ကြားသည်။ ဂျူးဘာသာသင်ကျောင်းများတွင် ဟီးဘရူးဘာသာကို သင်ကြားပြီး အာရပ်ဘာသာ သင်ကျောင်းများတွင် အာရပ်ဘာသာကို သင်ကြားစေသည်။ ဟီဘရူးဘာသာသင်ကျောင်း ၄၉၈၂ ကျောင်း ရှိသလို၊ အာရပ်ဘာသာသင်ကျောင်း ၃၇၄ ကျောင်းခန့်ရှိသည်။ တက္ကသိုလ်များမှာ တဲလ်အဗစ် တက္ကသိုလ်၊ ဂျေရုစလင်တက္ကသိုလ်၊ ရာမတ်ဂန်ဘာအီလန် ဘာသာရေးတက္ကသိုလ်၊ ဟိုင်ဖာစက်မှုတက္ကသိုလ်၊ ရက်ဟိုဗောက်ဝီးဇ်မင်း သိပ္ပံတက္ကသိုလ်တို့ ရှိသည်။ ကျောင်းသားများ အတွက်အသက် (၁၄) နှစ်မှစ၍ ကျောင်းပိတ်ချိန်တို့ကို အထူးအသုံးပြုခါ စစ်ပညာသင်ကြားစေသည်။ လက်နက်ကိုင်၍ စစ်ပညာအခြေခံကို သင်ကြားပြသည်မ ှလွဲ၍ အခြားသင်ကြားသည်မှာ စကောက်သင်တန်းနှင့် ဆင်တူရိုးမှားများ ဖြစ်သည်။

ကျန်းမာရေး
------------
ပြည်သူ့ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူသည်။ ဟစ်စတာဒရုဒ် မြို့တွင် ကူပတ်ဟိုလင် ကျန်းမာရေးအာမခံ ရန်ပုံငွေအသင်းသည် အစ္စရေးနိုင်ငံ၏ အကြီးမားဆုံးသော ကျန်းမာရေးအဖွဲ့အစည်း ဖြစ်သည်။ ထိုအဖွဲ့အစည်းက ဆေးရုံများ၊ ဆေးပေးခန်းများ၊ ဆေးဆိုင်များ၊ ဓာတ်ခွဲခန်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် ဆေးဖက်ဆိုင်ရာ သုတေသနဌာနတို့ကို ဖွင့်လှစ်ထားသည်။

ကာကွယ်ရေး
--------------
နိုင်ငံတော်စစ်မှုထမ်း ဥပဒေအရ အသက်(၁၈)မှ (၂၆)နှစ်အတွင်း အမျိုးသားတိုင်း(၂နှှစ်) (၆)လ စစ်မှုထမ်းရပြီး၊ အိမ်ထောင်မပြုသေးသော အမျိုးသမီးတိုင်း (၂)နှစ် စစ်မှုထမ်းရသည်။ အစ္စရေးတပ်မတော်တွင် (၃)မျိုး(၃)စား ရှိသည်…

၁။ အမြဲတမ်းစစ်တပ် (Regular Army)
တပ်မတော်သားအဖြစ် အမှုထမ်းနေကြသော အင်အားဖြစ်သည်။

၂။ ပြည်သူ့စစ်မှုထမ်း (National Service)
အရွယ်ရောက်သူတိုင်း စစ်ထဲ မဝင်မနေရ ဥပဒေအရ ခေတ္တ တာဝန်ထမ်းဆောင်ရသူများ ဖြစ်ပြီး၊ တာဝန်ပြီးဆုံးချိန်တွင် အမြဲတမ်းတပ်သို့ ဝင်ရောက်သူများမှအပ ကျန်သူများ အရပ်သားအဖြစ်သို့ ပြန်ရောက်ကြသည်။

၃။ အရံစစ်တပ်(Reserve Service)
ပြည်သူ့စစ်မှုထမ်းပြီးဆုံးသူများ၊ ၎င်းပြင်ပြည်သူ့စစ်မှုထမ်းအတွက် ခေါ်ယူရန် အသက်ပိုင်းကျော်လွန်ပြီးသူများအားလုံးသည် အရံတပ်စစ်မှုထမ်းများဖြစ်ကြသည်။ ယောကျ်ာား (၄၉)နှစ်၊ မိန်းမ (၃၄) နှစ်ထက် အသက်ကျော်လျှင် စစ်အတွင်းမှ လွဲ၍ စစ်မှုထမ်းမခေါ်နိုင်ပေ။

ထို(၃)မျိုးမှာ အရွယ်ရောက်သော (၁၈)နှစ်မှစ၍ တိုင်းသူပြည်သား ယောကျင်္ား-မိန်းမများ ပါဝင်ကြသည်။ ခလေးများအတွက် (၁၄)နှစ်မှစ၍ ကျောင်းပိတ်ချိန်တို့ကို အထူးအသုံးပြုကာ စစ်ပညာသင်ကြားစေသည်။

အုပ်ချုပ်မှု
----------
လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် အုပ်ချုပ်သည်။ နက်ဆက်လွှတ်တော်တွင် နိုင်ငံရေးအာဏာ ရှိသည်။ လွှတ်တော်သက်တမ်းမှာ (၄)နှစ်ဖြစ်ပြီး အဖွဲ့ဝင်(၁၂ဝ)ကို ပြည်သူလူထုက အချိုးကျ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်သည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရသည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ပါဝင်သော အစိုးရအဖွဲ့သည် လွှတ်တော်ကို တာဝန်ခံရသည်။ လွှတ်တော်က ရွေးချယ်တင်မြှောက်သော (၅)နှစ်သက်တမ်းရှိသည့် သမ္မတနိုင်ငံ၏ အကြီးအကဲဖြစ်သည်။ အစ္စရေးနိုင်ငံတွင် အက္ခရာတင်ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သီးခြားမရှိပေ။ ပါလီမန်သည် ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲပြဋ္ဌာန်းရန် အဆိုပြုချက်များကို ပယ်ချခဲ့ပြီး သီးခြားဥပဒေများ ပြဋ္ဌာန်းရင်းဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထားရှိရေးကို မဲပေးဆုံးဖြတ်ကြသည်။

အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနကို အတွင်းဝန်များရုံးနှင့် (General Staff) ရုံးဟူ၍ (၂)နေရာ ခွဲထားသည်။ အတွင်းဝန်များရုံးတွင် အရံတပ်စစ်မှုထမ်းများ အမှုထမ်းလျက် ဘဏ္ဍာရေးဌာန၊ လူအင်အားဌာန၊ စစ်လက်နက်ပစ္စည်းဝယ်ယူမှုဌာန၊ စစ်ဘက်စက်မှုလက်မှု ထုတ်လုပ်ရေးဌာန၊ ရှာဖွေစီမံရေးဌာန၊ ထောက်ပ့ံရေးဝယ်ယူမှုဌာန၊ စစ်အုပ်ချုပ်ရေးဌာန၊ လူငယ်ဌာန၊ တရားရေးဌာန စသည်တို့ရှိသည်။ General Staff ရုံးတွင် တပ်မတော်သားများ အမှုထမ်းလျက် စစ်ဦးစီးဌာန၊ စစ်ရေးချုပ်ဌာန၊ စစ်ထောက်ချုပ်ဌာန၊ ထောက်လှမ်းရေးဌာနများ ရှိကြပြီး စစ်ဆင်ရေး၊ ဖွဲ့စည်းရေးတပ်များ၊ အုပ်ချုပ်ရေး ထောက်ပံ့ရေး၊ လေ့ကျင့်ရေးစသည့် ဌာနခွဲများ တပ်အမျိုးအစားလိုက်၍ ခွဲခြားထားရှိသည်။ အတွင်းများရုံး သည်အရပ်သားများ နှင့်တိုက်ရိုက်သက်ဆိုင်ပြီး အရံစစ်မှုထမ်းများ အမှုထမ်းလျက်၊ General Staff မှာ စစ်ဘက်၊ တပ်မတော်ဘက်နှင့် တိုက်ရိုက်ပတ်သက်သော ကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်များကို တာဝန်ယူလုပ်ကိုင်ရသည်။ ထို့အပြင်အချို့ဌာနများဖြစ်သော စစ်လက်နက်ပစ္စည်းဝယ်ယူရေးဌာန၊ ထောက်ပံ့ရေးဝယ်ယူမှုဌာနနှင့် လူငယ်ဌာနတို့၏ ဌာနမှုးများမှာ ယူနီဖောင်းဝတ် စစ်မှုထမ်းများဖြစ်ကြသည်။

အင်အားနည်းသော်လည်း စွမ်းအား မနည်းပါ
----------------------------------------------
အစ္စရေးတပ်မတော်။
သဲကန္တာရနှင့် ကျောက်မြေများဖြင့်သာ ပြည့်လွှမ်းနေသောတည်နေရာ။ နိုင်ငံအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၈ဝဝဝ)ခန့်သာရှိသော အစ္စရေးပြည်။ လူဦးရေ(၂)သန်းကျော်မျှဖြင့် ၁၉၄၈ ခုနှစ်၊ မေလတွင် ဗြိတိသျှတို့၏ ပါလက်စတိုင်းပြည် ဘုရင်ဒိတ်ထရီ အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်သည့် အချိန်တွင် လွတ်လပ်ရေး ကြေညာနိုင်ခဲ့သည်။

လွတ်လပ်ရေးမရမီကပင် လွန်ခဲ့သော နှစ်ပေါင်း(၃ဝ)အတွင်း ဗြိတိသျှတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို တော်လှန်ခဲ့ကြသည်။ ကျွနု်ပ်တို့နိုင်ငံကဲ့သို့ အမျိုးမျိုးသော နိုင်ငံရေးလှုံ့ဆော်မှုများ ပြုခဲ့သည်။ နိုင်ငံရေးပဋိပက္ခများ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပထမ မဟာမိတ်တပ်များ လက်အောက်ခံ ံဂျူးတပ်ကို ဖျက်သိမ်းလိုက်ရာ၊ ထိုစဉ်က အဆောက်အအုံ ကြီးမားနေပြီဖြစ်သော ဟာဂါနာခေါ် မြေအောက်လွတ်မြောက်ရေး တပ်မတော်သို့ အများအပြား ဝင်ရောက်သွားကြပြီး ဗြိတိသျှတို့အား အနှေင့်အယှက် အမြဲပေးခဲ့သည်။ နောက်ဆုံး အမေရိကန်ပြည်၏ အကူအညီဖြင့် ဂျူးများ၏ လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေးကိစ္စကို ဗြိတိသျှတို့က ကုလသမဂ္ဂအရောက် ပို့ပေးရသည်အထိ အောင်မြင်ခဲ့သည်။ သို့ဖြင့် ဗြိတိသျှတို့က ပါလက်စတိုင်းပြည်မှ ထွက်ခွာပေးသွားရသည်။ ယင်းသို့ အစ္စရေးနိုင်ငံတွင် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်မှာ ဆိုရှယ်လစ်ပါတီ အင်အားစုကြီးမားသော (Histadruth) ခေါ် (General Federations of Labour) အဖွဲ့ချုပ်ကြီး ဖြစ်သည်။ ထိုစဉ်က အစ္စရေးနိုင်ငံတွင် နိုင်ငံရေးပါတီ ပေါင်းစုံ ပါဝင်လျက်ရှိသည်။ မာပိုင်းဆိုရှယ်လစ်ပါတီ၊ ဘာသာရေးပါတီ၊ တိုးတက်ရေးပါတီ၊ ကွန်မြူနစ်ပါတီ စသည်တို့ ဖြစ်သည်။ ရွေးကောက်ပွဲတွင်မူ တသီးတခြားစီ ပါတီအမည်ဖြင့် ဝင်ရောက်ကြသည့် လွှတ်တော်၏ အမတ်ဦးရေကို တွက်ချက်ရာတွင် အဖွဲ့ချုပ် အမတ်ဟူ၍ မခေါ်ဆိုပေ။ ဆိုင်ရာပါတီ၏ အမည်ဖြင့်သာ ခေါ်ဆိုရေတွက်သည်။ အလုပ်အမှုဆောင် ကော်မတီတွင်သာ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ထည့်သွင်းထားသည်။

မာပိုင်းဆိုရှယ်လစ်ပါတီသည် အင်အားကြီးမားဆုံးဖြစ်လျက် အဖွဲ့ချုပ်ကြီး၏ ကြိုးကိုင် ပါတီဖြစ်ခဲ့သည်။ အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး စသည်ဖြင့် လူများစုမှာ မာပိုင်းပါတီမှဖြစ်သည်။ ကျန်ရှိသော ရဲဌာနဝန်ကြီး၊ သာသနာရေးဝန်ကြီး၊ ခရီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး နေရာတို့ကို လူနည်းစုပါတီများက ရရှိကြသည်။ အစ္စရေးပြည်အစိုးရသည် နှစ်ပေါင်းများစွာ နိုင်ငံအရေးကြိုးပမ်းမှုဖြင့် ပြည်သူပြည်သားတို့၏ အဖွဲ့အစည်းများမှ အာဏာကိုရရှိ၍ တက်ရောက်လာသော အစိုးရဖြစ်သည်။ ထို့ကြောင့်အများ ပြည်သူတို့၏ ကောင်းစားရေး၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြည်သူပြည်သားတို့၏ အဖွဲ့အစည်းတို့ဖြင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။ ထိုဝါဒမှာ အစ္စရေးတို့အား နိုင်ငံတစ်ခုအဖြစ် ကြေညာနိုင်အောင် အားပေးအားမြောက်လုပ်ခဲ့သော အမေရိကန်နိုင်ငံတွက် သဘောကျသော ဝါဒမဟုတ်ပေ။ အမေရိကန်ပြည်တွင် ဂျူးလူဦးရေ (၆)သန်းမျှရှိရာ အစ္စရေးပြည်၏ လူဦးရေထက်(၃) ဆရှိသည်။ စက်မှုလက်မှု တည်ထောင်ခြင်းတွင် ချမ်းသာသော အမေရိကန်ဂျူးများ၏ အကူအညီမှာ သော့ချက်ကြီးပင်ဖြစ်သည်။ တည်ထောင်ထားသော စက်ရုံကြီးများတွင် ၎င်းဂျူးများ၏ ငွေပင်ငွေရင်း (၄၉)ရာခိုင်နှုန်းပါရှိသည်။ ထိုစဉ်က အမေရိကန်အစိုးရသည် အာရပ်နိုင်ငံများကို စီးပွားရေး၊ စစ်ရေးထောက်ပံ့ခြင်းများ ပြုလုပ်နေသည်ကို အစ္စရေးက အပြင်းအထန် ကန့်ကွက်နေချိန် ဖြစ်သည်။ အာရပ်နိုင်ငံတို့ကလည်း အစ္စရေးပြည်သည် ကွန်မြူနစ်နှင့် နီးစပ်သောဝါဒ ထားရှိသည်ဟု ဝင်ရောက်တိုက်ခိုက်ကြစဉ်က အကြောင်းပြခဲ့ဘူးသည်။ နိုင်ငံပေါးချုပ် အစည်းအဝေးများတွင်လည်း အစ္စရေးတို့က အမေရိကန်ဘက်က အမြဲတမ်း မျက်စိမှိတ် ထောက်ခံသည်မဟုတ်၊ ထို့ကြောင့် အမေရိကန်ခေါင်းဆောင် အတော်များများက ခေါင်းမာသော အစ္စရေးကို သဘောကျနေသည် မဟုတ်ပေ။

ဟာဂါနာခေါ် မြေအောက် တော်လှန်ရေးတပ်သည် အစ္စရေးကာကွယ်ရေးတပ် (Israel Defence Army)အဖြစ်သို့ လွတ်လပ်ရေးရသည့် အချိန်မှာပင် ပြောင်းလဲလာသည်။ တော်လှန်ရေးတပ်ကို အခြေခံ၍ တည်ဆောက်ခဲ့ရသော တပ်မတော်တွင် ထိုတော်လှန်ရေးတပ်၏ ခေါင်းဆောင်ခဲ့သူများပင် ဦးစီးခဲ့သည်။ လွတ်လပ်ရေးကြေညာသည်နှင့် တပြိုင်နက် ဘေးပတ်လည်ဝိုင်းနေသော အာရပ်နိုင်ငံအားလုံးက အစ္စရေးပြည်ကို စစ်ကြေညာတိုက်ခိုက်ကြရာ၊ လူဦးရေ(၁)သန်းမျှပင် မရှိသေးသော နိုင်ငံသည် သန်းပေါင်း(၄ဝ)မျှရှိသော အာရပ်နိုင်ငံတို့နှင့် ၁၉၄၈-၄၉ ခုနှစ်များတွင် ? ( မြန်မာ့ဒီမိုကစီနှင့် နိုင်ငံရေးမှတ်တမ်းများ )

No comments:

Post a Comment

Note: Only a member of this blog may post a comment.