Breaking

November 7, 2019

တရားခံပြေး ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံ သို့ ဖမ်းဆီး ခေါ်ဆောင်

တရားခံပြေးအဖြစ်ကြေညာခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင်  ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်မြို့ကနေ မန္တလေးကို နိုဝင်ဘာလ ၆ ရက်နေ့က ပို့ဆောင်လိုက်ပါတယ်။
သူ့ကို ထိုင်းနိုင်ငံ ဘယ်မြို့ကနေ ဘယ်လို ဖမ်းဆီးရမိခဲ့တယ်ဆိုတာအသေးစိတ်သိရဖို့ကိုတော့ ဒီဗွီဘီ အနေနဲ့ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
ဦးစိုးထွန်းရှိန်ဟာ ထိုင်းနိုင်ငံကို မထွက်ခွာခင်မှာ ၃ လ ကနေ ၆ လလောက် ဆန်ဆိုင်းဘက်က အိမ်တအိမ်မှာ နေထိုင်သွားတယ်လို ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။ 
အဲ့ဒီအိမ်ဟာ သတ္တုထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ သူဌေးတဦးအိမ် ဖြစ်ပြီး ဦးစိုးထွန်းရှိန်နဲ့ အရင်ကတည်းက ဆက်စပ်မှုရှိသူဖြစ်ပါတယ်။ ဦးစိုးထွန်းရှိန်ဟာ တာချီလိတ်မြို့မှာ ၂၀၁၇ ခုနှစ်လောက်က နမ့်ခုံးအမျိုးသားကြီးပွားတိုးတက်ရေးဆိုတဲ့  ကုမ္ပဏီတခု ဖွင့်ထားပြီး အဲ့ဒီကုမ္ပဏီဟာ ရွှေတူးဖို့ ဧက ၁၂၀၀၀ ကို အခု အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်အစိုးရကို ‌လျှောက်ထားခဲ့ဖူးတယ်လို့ မြို့ခံ စီးပွားရေးသမား တဦးကပြောပါတယ်။
ဒီကုမ္ပဏီရုံးဟာ တာချီလိတ်မြို့ အဝင်မှာတည်ရှိပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာတခုကို ကျပ်သိန်း ၅၀ သတ်မှတ်ပြီး မြို့ခံတွေကို ရောင်းချခဲ့ဖူးပါတယ်။ ကုမ္ပဏီရဲ့ရှယ်ယာ တချို့ကိုလည်း အရပ်ဖက် အဖွဲ့အစည်းတချို့ကို လှူဒါန်းခဲ့ဖူးသလို ပရဟိတအသင်းတခုကိုလည်း လူနာတင်ယာဉ် တစီးလှူဒါန်း ခဲ့ဖူးပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ဧက ၆၀၀၀ ကျော်  ရွှေလုပ်ကွက်နဲ့ ပက်သက်ပြီး နိုင်ငံတော်ကို ပေးသွင်းရမယ့် သတ်မှတ်ရွှေပိဿာချိန်တွေ မပေးဆောင်တဲ့အပြင်  ရွှေတူးဖော်မှုကို တရားမဝင် ဆက်လက်လုပ်ကိုင်နေတာကြောင့် ဦးစိုးထွန်းရှိန်ဟာ သတ္တုတွင်းဥပဒေအပြင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတို့နဲ့ပါ အမှုဖွင့်ခံထားရသူဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ သူ့ကို ဖမ်းဆီးရရှိမှုနဲ့ပတ်သက်လို့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ဦးစိုးထွန်းရှိန်အပါအဝင် တရားခံပြေးလို့ ကြေညာထားပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေ ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကိုသွားရောက်ဖို့ရှိပြီး  ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.