ရန္တပိုစာချုပ်သည် ပထမ အင်္ဂလိပ် - မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး နေပြည်တော်နှင့် ၄၅ မိုင်ကွာသော ရန္တပို အရပ် ချုပ်ဆို ရသော စာချုပ်ဖြစ်သည်။
၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန္တပို စာချုပ်ကို နှစ်ဖက် စုံညီစွာ ချုပ်ဆိုကြရာ စာချုပ်ပါ အချက်များမှာ -
မြန်မာက ရခိုင်၊ တနင်္သာရီ၊ အာသံကို ဗြိတိသျှတို့ထံ ပေးရသည်။
မဏိပူရ၊ ကချာနှင့် ဂျိန်းတိယ နယ်များသို့ မြန်မာတို့ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။
စစ်လျော်ကြေးငွေ ၁ ကုဋေကို အရစ်ကျ ပေးဆပ်ရမည်။
အင်းဝတွင် ဗြိတိသျှ ကိုယ်စားလှယ် ထားခွင့်ပြုကာ၊ ကလကတ္တားတွင် မြန်မာသံ နေခွင့်ပြုသည်။
ကူးသန်း ရောင်းဝယ်ရေး အတွက် စာချုပ် သီးခြား ချုပ်ဆိုမည်။ စသည်တို့ ဖြစ်သည်။
နိုင်ငံတကာရေးရာ အဆင့်အတန်းနှင့် ဆိုလျှင် စာချုပ်ပါ အချက်များကို ပြင်းထန် လှသည်ဟု မဆိုသာပေ။ ဗြိတိသျှတို့သည် စစ်အတွင်း၌ လူပေါင်း ၁၅,၀၀၀ ဆုံးရှုံးခဲ့၍၊ စတာလင်ပေါင် ၁၃ သန်း သို့မဟုတ် ငွေသိန်းပေါင်း ၁,၃၀၀ သုံးစွဲခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာတို့ အဖို့ ထိုထက်ပို၍လည်း ပေးဆပ်နိုင်ခြင်း မရှိချေ။ ဤအခြေတွင် မြန်မာ တနိုင်ငံလုံးကို သိမ်းပိုက်ရန်လည်း မဖြစ်နိုင်သေးပေ။
ရခိုင်နှင့် တနင်္သာရီ ဒေသကို ရခြင်းဖြင့် နောက်စစ်ပွဲများ ထပ်မံ ဖြစ်ပွားလျှင် မြန်မာနိုင်ငံတွင်းသို့ တဖက်တချက်မှ အလွယ်တကူ ဝင်ရောက်နိုင်သည်ဟု ဗြိတိသျှတို့က ယူဆသည်။ ထို့ပြင် ဒေသ နှစ်ခုမှ မကြာမီ အကျိုးအမြတ် များစွာ ခံစားရလိမ့်မည် ဟုလည်း ဗြိတိသျှတို့က မျှော်လင့်ကြသည်။
မြန်မာမင်းဘက်မှ ကြည့်လျှင် ဆုံးရှုံး လက်လွှတ်ရသော နယ်မြေများ အတွက် မထောင်းသာလှသည်ကို တွေ့ရသည်။ ရခိုင်နှင့် တနင်္သာရီတို့ကို ပိုင်ဆိုင်ထားရခြင်းမှာ မြန်မာ မင်းအဖို့ဝန်ထုတ် ဝန်ပိုးသဖွယ် ရှိနေ၍ ထိုဒေသ နှစ်ခုကို ဗြိတိသျှ လက်တွင်းသို့ အပ်လိုက်ရသော အခါ မြန်မာမင်းသည် မြန်မာနိုင်ငံ ပြည်မတွင် ပိုမို အာရုံ စူးစိုက်နိုင်၍ အကျိုး ခံစားဖွယ် ရှိသည်။
ကိုးကား
၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း'
No comments:
Post a Comment
Note: Only a member of this blog may post a comment.