Breaking

November 29, 2019

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၂)


 Image result for Castro
ထိုစာကို သယ်ယူလာသော အမျိုးသမီးမှာ မွန်ကားဒါး တိုက်ပွဲတွင် ပါဝင်ခဲ့သော အမျိုးသမီးရဲဘော် တယောက်ဖြစ် သူ ဥပဒေဘွဲ့ရမယ်လ်ဗာဟာနန်ဒက်စ် ဖြစ်လေသည်။ သူမသယ်ယူခဲ့သောစာထဲတွင် ဖေါ်ပြထားသော် အချက်များ မှာလည်း မှတ်သား ဖွယ်ရာ များ ပါဝင်ပါသဖြင့် ကမ္ဘာကျော် လျှောက်လဲချက် ကြီး၏ နောက်ခံဖြစ်ရပ်များ အား စာဖတ်သူတို့ ခြုံငုံမိစေရန် မူရင်း အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။ အရေးပေါ်တရားခုံရုံးသို့ အထက်ဖေါ်ပြပါရုံးတော်၌ ဤအမှုတွဲ အမှတ် ၃၇ အရ ကိုယ်တိုင် ခုခံချေပခဲ့သူ ကျနော်ရှေ့နေ ဖီဒဲလ်ကပ်စထရို ရတ်စ်က အောက်ပါအတိုင်း လေးစားစွာ အဆိုပြုလျှောက်ထားပါသည်။ (၁) အာဏာပိုင်များက ကျနော့အား ဤတရားခွင်တွင် မရှိနိုင်စေရေးအတွက် မဟုတ်မတရားပိတ်ဆို့မှုများဖြင့် ကြိုးစား ပြုလုပ်နေကြပါသည်။ အကြောင်းရင်းမှာ ဂျူလိုင် ၂၆ ရက်နေ့ အရေးအခင်းကာလအတွင်း အာဏာပိုင်များ၏ ဖြစ်ရပ်မှန်များအား ဖုံးကွယ်လိုမှု၊ ကလိန်စေ့ ငြမ်းဆင် လီဆယ်ထားမှုများအား ပေါ်သွားမည် စိုးသောကြောင့် ဖြစ်ပါသည်။ ကျူးဘားပြည် သမိုင်းတလျှောက် ၌ ကြောက်မက်ဖွယ်ရာကောင်းသော ထိုနေ့က သူပုန်သုံးပန့်များအပေါ် ကျူးလွန်ခဲ့သည့် လူသတ်မှုများ၊ တုန်လှုပ်ချောက်ချားဖွယ်ရာ ရာဇ၀တ်မှုများကို မပေါ်ပေါက်လာစေရေး ဖုံးကွယ်ထားရန်လဲ ဖြစ်ပါသည်။ ကျနော်သည် ယနေ့နာမကျန်းဖြစ်သဖြင့် တရားခွင်သို့ တက်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း လုပ်ကြံလည်ဆယ်ထားသည့် သတင်းတခု ကြားရပါသည်။ အမှန်အားဖြင့် ကျနော့တွင် မည်သည့်ဝေဒနာမှ မရှိပဲ ပကတိကျန်းမာလျက်ရှိပါသည်။ အာဏာပိုင်တို့သည် အလွန်ရှက်ဖွယ်ရာကောင်းသော အမူအကျင့်ဖြင့် ဤသို့ အယောင်ဆောင်လိမ်လည် လှည့်စား သည့်နည်းလမ်း ကို အသုံးပြုပြီး ရုံးတော်ကို စော်ကားနေပါသည်။ (၂) တရားရေးဌာနမှ ထောင်အာဏာပိုင်များသို့ ကျနော့အား ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်မှုများ မပြုလုပ်ရန် အကြိမ်ကြိမ် တားမြစ်ထားသည့်ကြားထဲမှ ပင် အာဏာပိုင်တို့သည် ကျနော့အား ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားပါသည်။ ဤသို့ပြုလုပ်ခြင်းမှာဥပဒေမဲ့ ရာဇ၀တ်ကျူးလွန်ခြင်းသာ ဖြစ်ပါသည်။ ကျနော်သည် ယခုအခါ ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်ခံနေရပါသည်။ ၅၇ ရက် အတွင်းတွင် ကျနော်သည် ထောင်တွင်း၌ အလုံပိတ်ခံနေရပြီး.. နေရောင်ကိုပင် မြင်ခွင့်မရခဲ့ပါ။ မည်သူ့ကိုမှလည်း စကားပြောခွင့်မရပါ၊ ကျနော်၏မိသားစုကိုလည်း မြင်တွေ့ခွင့်မရပါ။ (၃) ကျနော့အားကျန်းမာရေး ပျက်စီးချို့တဲ့စေပြီး လုံးပါးပါးစေကြောင်း ကြံစည်လုပ်ဆောင်နေကြကြောင်း အသေအချာလေ့လာသိရှိရပါသည်။ ကျနော်လွတ်မြောက်ထွက်ပြေးသွားမည် စိုးရိမ်သောကြောင့် အကြီးအကျယ် လုပ်ကြံမှုများ၊ မမှန်သတင်းလွှင့်မှုများ၊ စီမံကိန်းအသွယ်သွယ်ဖြင့် အစွမ်းကုန်ကြိုးစားနေကြပါသည်။ ............................................................ အခြားနိုင်ငံရေးအကျဉ်းသား သုံ့ပန်းများသည်လည်း အလားတူပင် အသက်အန္တရယ်နှင့် ရင်ဆိုင်နေရပါသည်။ ထိုအထဲတွင် ဇူလိုင် ၂၆ ရက် လူသတ်ပွဲကြီးတွင် အကြွင်းမဲ့ သက်သေ များဖြစ်သော မိန်းကလေး ၂ ဦးလည်းပါဝင်ပါသည်။ (၄) ကျူးဘားပြည် ဆန်ရှာဂို ဆေးပညာ အဖွဲ့ချုပ်မှ ဥက္ကဌ ကဲ့သို့သော အရည်အချင်းနှင့်ပြည့်စုံပြီး ထင်ရှားကျော် ကြားသော ဆရာဝန်များဖြင့် ကျနော့အားချက်ချင်း စစ်ဆေးမှုပြုလုပ်ရန် အမိန့်ချမှတ်ပေးရေးအတွက် ရုံးတော် သို့ကျနော်မေတ္တာရပ်ခံပါသည်။ ဤရုံးတော်မှ အဖွဲ့ဝင်တရားသူကြီး တဦးကိုအထူးခန့်အပ်ပြီး နိုင်ငံရေး သုံ့ပန်းအကျဉ်းသမားများ၊ ထောင်နှင့် ရုံး အသွား အပြန်ခရီးတွင် လိုက်ပါ ပို့ဆောင်ပေးပါရန်ကိုလည်း ကျနော် အဆိုပြုပါသည်။ ဤအဆိုပြုလျှောက်ထားချက်အသေးစိတ်ကို ဒေသဆိုင်ရာ ရှေ့နေများအသင်း၊ နိုင်ငံလုံးဆိုင်ရာ အမျိုးသားရှေ့နေများအသင်း၊ တရားရုံးချုပ်နှင့် ဤရုံးတော်မှ ဤအချက်အလက်များအား သိသင့်သိထိုက် သည်ဟု ယူဆသော ဥပဒေ ဌာန အသီသီးသို့ ပေးပို့ပါရန်ကိုလည်း မေတ္တာ ရပ်ခံပါသည်။ ဤတရားခွင် ဇစ်မြစ် ရပ်တည်ချက်နှင့် အရေးကြီးပုံတို့က ဤရုံးတော်အား ထူခြားသည့်တာဝန်ဝတ္တရားများ ကိုပေးအပ်ထားပါသည်။ အကယ်၍ ကျနော်ကန့်ကွက်ထားသည့် အထက်ပါအခြေအနေဆိုးများ အောက်တွင်ပင် ဆက်လက်၍ အမှုကိုစစ်ဆေးသွားပါလျှင် တနိုင်ငံလုံးက ဤရုံးတော်ကို (အကျင့်ပျက်) အဖြစ် လှောင်ပြောင် သရော်စရာ၊ အထင်သေးအမြင်သေးစရာ၊ ကဲ့ ရဲ့ ရှုတ်ချစရာ ဖြစ်လာပါလိမ့်မည်။ ကျူးဘား တနိုင်ငံလုံးက ဤတရားခွင်ကို အာရုံပြု ဂရုစိုက်ကြည့်နေကြပါပြီ၊ ဤရုံးတော်က သူ၏တရားစီရင် အာဏာပိုင်ခွင့်ကို တန်ဖိုးရှိရှိကာကွယ်သွားလိမ့်မည်ဟုလည်းကောင်း၊ သူ၏ဂုဏ်သိက္ခာကို ထိမ်းသိမ်းသွားလိမ့် မည်ဟု လည်းကောင်းကျနော်မြှော်လင့်ပါသည်။ တချိန်တည်းမှာပင် ဤကာလသည် ကျူးဘားပြည်သမိုင်းတွင် တရားရေးဆိုင်ရာအင်အားစုအတွက် ဂုဏ်သိက္ခာမှတ်ကျောက်တင်သည့် ကာလဖြစ်ပါသည်။ ယခုအချိန်ထိ ရုံးတော်၏ ဆောင်ရွက်ချက်များနှင့် တရားသူကြီး၏ အဆင့်အတန်းသည် ဤသမ္မတ နိုင်ငံ၏ ဂုဏ်ယူဖွယ် အကောင်းဆုံး၊ ဂုဏ်အရှိဆုံး တရားရုံးတော်အဖြစ် ကျနော်ကိုးစားယုံကြည်မိပါသည်။ ထို့ကြောင့်လည်း ကျနော်သည် ဤရုံးတော်၏ဆောင်ရွက်ချက်များအပေါ် မျက်စိမှိတ် အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ကျနော်၏ သဘောထားများအား ဤကဲ့သို့ အဆိုပြုလျှောက်ထားခြင်းဖြစ်ပါသည်။ ကျနော့ဖက်ကမူ ကျနော်၏ အခွင့်အရေးအတွက်ဖြစ်စေ၊ ကျနော်၏ဂုဏ်သိက္ခာအတွက်ဖြစ်စေ၊ ကျနော်၏ အသက်ကို ပေးလှူစတေးရမည်ဆိုပါလျှင်လည်း၊ အပြန်တထောင်စွန့်လွှတ်ရန် စတေးရန် အသင့်ရှိပါသည်။ ....စောက်နက်သောဂူတခုအတွင်းမှ တရားမျှတရေး အခြေခံသဘောတရားသည် စစ်တပ်တတပ် ထက်ပင် ပို၍အင်အားကြီးမားပါသည်...။ ဖီဒဲလ်ကပ်စထရို ၁၉၅၃ ခု၊ စက်တင်ဘာလ ၂၆ ရက်။ အိုရီယန်တီ ယာယီအကျဉ်းစခန်း။ မှတ်ချက်။ ။ ဤအဆိုပြုလျှောက်လဲချက်ကို ရုံးတော်သို့တင်ပြရန်အတွက် ဒေါက်တာ မယ်ဗာဟာနန်ဒက်စ် အား ကျနော့ကိုယ်စား တာဝန်လွှဲအပ်လိုက်ပါသည်။ .............................................................. .............................................................. ဤစာကြောင့် အာဏာပိုင်များသည် အထိနာအောင် အလဲထိုးခံလိုက်ရသည့်နောက်ပိုင်း နိုင်ငံရေး အကျဉ်းသား မှန်သမျှ တရားရုံးတော်သို့မ၀င်မီ ခြေဆုံးခေါင်းဆုံး လှန်လှော ရှာဖွေခြင်းခံရသည်။ စာကို ယူဆောင်လာခဲ့သူ အမျိုးသမီး ဒေါက်တာ မယ်ဗာဟာနန်ဒက်စ် အားလည်း အကျဉ်းထောင်အတင်း အလုံပိတ်ထားလိုက်သည်။ အလုံပိတ်ခြင်းခံရပြီးဖြစ်သော ဖီဒဲလ်ကပ်စထရိုအားလည်း ထောင်တွင်းရှိ ပိုမို အဆက်ပြတ် သောနေရာသို့ပို့လိုက်သည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ရုံးတော်ခန့်ဆရာဝန် ၂ ဦးသည်ကပ်စထရိုအားသွားရောက်စစ်ဆေးမှုပြုရာပကတိကျန်းမာလျက်ရှိကြောင်းထောက်ခံချက်ပေးလိုက် သောကြောင့် တရားသူကြီးများက သူ့အား တရားရုံးတော်သို့ သွင်းရန်အမိန့်ချခဲ့သည်။ သို့ရာတွင် အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။ ကပ်စထရို၏နောက်ကွယ်တွင် အောက်တိုဘာ ၁၆ ရက်နေ့တိုင်အောင် အမှုကို ဆက်လက်စစ်ဆေးသည်။ အောက်တိုဘာ ၁၆ ရက်နေ့ ရောက်မှပင် တရားသူကြီးများရှေ့မှောက်သို့ ကပ်စထရိုအားလာရောက် အစစ်ခံခွင့်ပြုခဲ့သည်။ သို့သော် တရားရုံးတွင်မဟုတ်ပဲ ဆေးရုံကြီးရှိ သူနာပြုဆရာမများ အပန်းဖြေ ခန်းတွင်ဖြစ်သည်။ ကပ်စထရို၏အသံကို ကျူးဘားပြည်သူများ မကြားရစေသောငှာ တရားခွင်ကို လျှို့ဝှက်စွာ စစ်ဆေးခဲ့သည်။ တရားခန်းခွင်အတွင်း၌ တရားသူကြီး ၃ ဦး၊ အစိုးရရှေ့နေ ၂ ဦး၊ သတင်းများအား စစ်ဆေး အတည်ပြုချက်ဖြင့် ပေးပို့ရသည့် သတင်းထောက် ၉ ဦးသာရြှိပီး လက်နက်ကိုင် အစောင့်အရှောက် ၁၀၀ စောင့်ကြပ်ဝိုင်းရံထားခဲ့သည်။ ဤတရားခွင်၌ ဖီဒဲလ်ကပ်စထရိုက နောင်တွင် ကမ္ဘာကျော်ခဲ့သည့် ၅ နာရီကြာသူ၏လျှောက်လဲချက် ရှည်ကြီးကိုလျှောက်လဲခဲ့ခြင်း ဖြစ်ပါသည်။ (ဆက်လက်ဖေါ်ပြပါမည်)

Mine coins - make money: http://bit.ly/money_crypto


No comments:

Post a Comment

Note: Only a member of this blog may post a comment.