Breaking

November 29, 2019

ICJ တွင် မြန်မာအပေါ်တရားစွဲထားသည် ဂမ်ဘီယာ Report အား ကောက်နုတ်သုံးသပ်ချက်


မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုစိုက်)နှင့် စပ်လျဉ်း၍  ကျူးလွန်ခဲ့ခြင်း၊ ပါ၀င်ပတ်သက်ခဲ့ခြင်း၊ ဖုံးဖိထားခဲ့ခြင်း၊ Genocide Convention ပဋိညာဉ် သဘောတူညီချက်အား ချိုးဖောက်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအစိုးရ အပါအဝင် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး အပြစ်ပေးပါရန် ဂမ်ဘီယာနိုင်ငံက ICJ (ကုလသမဂ္ဂ တရားရုံး)တွင် ၁၁၊ နိုဝင်ဘာ၊ ၂၀၁၉ ရက်စွဲဖြင့်  ၄၇ မျက်မှာပါ တရားစွဲဆိုချက် တင်သွင်းခဲ့သည်။ 
ထိုတရားစွဲဆိုချက်ပါ အချက်အလက်များအား အများနားလည်လွယ်စေရန် ကျစ်လျစ်အောင်ပုံဖော် ခြုံငုံသုံးသပ်ထားသဖြင့် စိတ်ရှည်၊ အချိန်ယူ ဖတ်ရှုလေ့လာ ပေးပါရန်လည်း စာရေးသူက မေတ္တာရပ်ခံအပ်ပါသည်။
ဂမ်ဘီယာ ဘာကြောင့်တရားစွဲသလဲ
ဂမ်ဘီယာနှင့် မြန်မာသည် Genocide Convention သဘောတူညီချက်လက်မှတ်ထိုး ထားသည့် နိုင်ငံများတွင်ပါဝင်ကြောင်း၊ ဇန်နဝါရီလ ၁၉၅၁ မှ အစပြု၍ Genocide Convention ပါ အချက်အလက်များအား ဂရုတစိုက် အမှူးထား လိုက်နာပါကြောင်း၊ ICJ ၏ အခန်းကဏ္ဍနှင့် ယူဂိုစလားဗီးယား၊ ရဝမ်ဒါ ဂျီနိုစိုက်ဖြစ်စဉ်များအား အသေးစိတ် သိထားနားလည်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသော ရိုဟင်ဂျာ လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေဆဲ လက္ခဏာများ ဆယ်စုနှစ် အချို့ကြာရှိခဲ့၊ လက်ရှိဖြစ်နေဆဲကိုလည်း မျက်ဝါးထင်ထင် မှတ်သားထားပါကြောင်း၊ စိုးရိမ်ရေမှတ် ရောက်နေပြီဖြစ်သည့် ရိုဟင်ဂျာ ဂျီနိုစိုက် နမိတ်လက္ခဏာများအတွက် မြန်မာအစိုးရအား OIC အပါအဝင် UN General Assembly များမှတဆင့် အကြိမ်ကြိမ် သတိပေးခဲ့ဖူးသော်လည်း  မြန်မာအစိုးရဘက်က ဂရုမပြု လျစ်လျူရှုခဲ့ ကြောင်း၊ နိုင်ငံတကာမှ လက်ဝယ်ရရှိထားပြီးဖြစ်သော သက်သေအထောက်အထား အခိုင်အမာကို အခြေပြု၍ ယခုလို တရားစွဲရခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ 
မြန်မာပြည်နှင့် ရိုဟင်ဂျာဂျီနိုစိုက် လက္ခဏာကို ချိတ်ဆက်ဖော်ပြ
မြန်မာပြည်တည်ရှိရာ ထိစပ်နယ်နိမိတ် ပထဝီအနေအထား၊ လူမျိုးစု၊ ကိုးကွယ်ဘာသာ စသည်တို့ကို ဖော်ပြထားကာ သမိုင်းကြောင်းအရ ယှဉ်တွဲနေထိုင်လာခဲ့ကြသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် အချို့အတွင်း ရိုဟင်ဂျာလူနည်းစုဝင်များအား သတ်ဖြတ်ခြင်း၊ အထိအနာတရပြုခြင်း၊ ခွဲခြားဆက်ဆံပြီး တနယ်ကျေးသားဟု အစဉ်တစိုက် စွပ်စွဲခြင်း၊ စိတ်ပိုင်း-ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ ဖြစ်စေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဆောက်အအုံ၊ လူနေအိမ်ရာ ဘာသာရေးပရဝုဏ် ဖျက်ဆီး ပစ်ခြင်း၊ ခရီးသွားပိတ်ပင် သားမွေးထိမ်းချုပ်ခြင်း၊ လူအုံနဲ့ကျင်းနဲ့ အတင်းအဓမ္မ မောင်းထုတ် ပြောင်းရွေ့ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ကလေးသူငယ် သက်ကြီးရွယ်အို လူမမယ်များအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အသက်ရှင် ဘဝရပ်တည်မှုကို ခက်ခဲစေခြင်း၊ လူမျိုးတုံးစေရန် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခြင်းစသည့် ဂျီနိုစိုက် လက္ခဏာများ ကျူးလွန်ရာရောက်ကြောင်း။
UN Genocide Convention ပဋိညာဉ်ကို မြန်မာချိုးဖောက်ဟုဆို
သို့ပါ၍  မြန်မာနိုင်ငံသည် UN Genocide Convention ပဋိညာဉ်အား မစောင့်ထိန်း မထီမဲ့မြင်ပြု ချိုးဖောက်ရာရောက်ပြီး ပြည်တွင်း၌ ရိုဟင်ဂျာလူမျိုးတုံးအောင်  
(၁)ကျူးလွန်ခြင်း၊ 
(၂) ပူးပေါင်းကြံစည်ခြင်း၊  
(၃) အမုန်းဖန်တီးပြီး ကျူးလွန်ရန် ညွှန်ကြားခြင်း၊ 
(၄) ပါ၀င်ပတ်သက် ကျူးလွန်ရန် ကြိုးစားခြင်း၊ 
(၅) ပြောဆိုလုပ်ဆောင်ချက်များ မှားယွင်းစွာ တဖက်သတ်ဆန်ပြီး ကျူးလွန်သူများနှင့် ကြံရာပါအသွင် တရားမမျှတခြင်း၊ 
(၆) လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေခြင်းအား ရပ်တန့်အောင် မကြိုးစားသလို ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်း စသည့် နိုင်ငံတကာ ဥပဒေစံနှုန်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း  စွဲချက်တင်ထားသည်။
ဂျီနိုစိုက်ကျူးလွန်သည်ဟု အကိုးအကားများဖြင့် မီးမောင်းထိုး
ဤစွဲဆိုချက်နှင့်ပက်သက်၍ များစွာသော အကိုးအကား အခိုင်အမာရှိထားပြီး အောက်ပါ အချက်အလက်အချို့ကို  ဖော်ပြရလျှင် 
  • UN လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Yanghee Lee ၏ ထုတ်ပြန်ချက်တွင် မြန်မာတပ်မတော်ခေါင်းဆောင်ပိုင်းနှင့် အခြားတာဝန်ရှိ ပုဂ္ဂိုလ်များသည် ရိုဟင်ဂျာ ဂျီနိုစိုက်လုပ်ရပ်၏ တရားခံများဖြစ်သည်ဟု ဖော်ပြထားခြင်း။
  • UN ဂျီနိုစိုက်ကာကွယ်ရေးဆိုင်ရာ အကြံပေး Mr. Adama Dieng ကလည်း ဖြစ်ပျက်ခဲ့သည့် တွေ့ရှိချက်များ၏ သက်သေအထောက်အထား ပြည့်စုံစွာစုစည်းလိုက်လျှင် ဂျီနိုစိုက်မြောက်လေပြီဟု ထုတ်ပြန်ထားခြင်း။
  • UNHRC Fact-Finding Mission (FFM) ၏ ၂၄၊ မတ်လ၊ ၂၀၁၇ မှ အစပြုခဲ့သည့် အချက်အလက် စုဆောင်းမှု၊ လူသက်သေများ ဒုက္ခသည်များ အယောက် ၆၀၀ ကျော်အား အင်တာဗျူးမှု၊  NGOs များ ပညာရှင်များ ပရဟိတများ မီဒီယာများ ဌာနဆိုင်ရာများ အစရှိသည့် ၂၅၀ ကျော်အား အင်တာဗျူးမှု၊ UN အာကာသစနစ်ဖြင့် မှတ်တမ်းဖော်ထုတ်ရေးအဖွဲ့ (UNOSAT) ၏ တွေ့ရှိချက် ဓါတ်ပုံ ဗီဒီယို မှတ်တမ်းများရှိထားမှု စသည်တို့အပေါ် အခြေခံ၍ ထုတ်ပြန်ချက်အရ ဂျီနိုစိုက် ကျူးလွန်သူများသည် အစိုးရယန္တရားမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်ပိုင်း ဆိုင်ရာများမှ ဖြစ်သည်ဟု ဖော်ပြထားခြင်း။
  • နယူးယောက်တိုင်မ်း သတင်းစာတွင် မြန်မာစစ်တပ်မှ ဂျီနိုစိုက်ကို အထောက်အကူဖြစ်စေမည့် Propaganda များအား Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို အသုံးချ စနစ်တကျ Campaign လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားခြင်း။
  • UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် Amnesty International ဖော်ထုတ်ချက်များကိုလည်း  ဂမ်ဘီယာဘက်က စုဆောင်းထားပြီး ဖြစ်ကြောင်း ဤစွဲဆိုချက်တွင် အသေးစိတ်ပါရှိသည်။
ရိုဟင်ဂျာတို့ လူသားအခြေခံ အခွင့်အရေးဆုံးရှုံးမှု ဘယ်သူတွေ တာဝန်ရှိသလဲ
၁၉၈၂ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာလူမျိုး အခေါ်အဝေါ်သည် ခေတ်အဆက်ဆက် မြန်မာ သန်းခေါင်စာရင်းပါ လူမျိုးစုမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ  ခိုးဝင်လာသော ဘင်္ဂါလီများသာ ဖြစ်ဟု သတ်မှတ်ခံထားရသည်။ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် လူသားဘဝအဖြစ် ရပ်တည်မှု၊ အိမ်ထောင်ပြု သားမွေး၊ ခရီးသွား ဝမ်းစာရှာ၊ ပညာသင် တိုင်းပြည်အကျိူးပြု၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ခပ်သိမ်းအကုန် ပိတ်ပင်တားဆီး ချေဖျက်ခံရကြောင်းကိုလည်း အချက်အလက် အကိုးအကားနှင့် ဖော်ပြထားသည်။
ထို့အပြင် ပဋိပက္ခဖန်တီး နှိပ်စက်ဖမ်းဆီးသတ်ဖြတ် အစဖျောက်အလုံးစုံကို သက်ဆိုင်ရာ အာဏာပိုင်းများ တာဝန်ရှိသူများ နယ်စပ်လုံခြုံရေး ဝန်ထမ်းများ၊ လက်နက်ကိုင်ရဲ၊ စစ်သားများ စဉ်ဆက် ကျူးလွန်လာခဲ့သည်။ ထိုအခြေအနေဆိုးကြီးကို သိနေပါလျက် မြန်မာအစိုးရသည် ဂျီနိုစိုက်ကို အချိန်မီ မတားဆီးနိုင်ခြင်း၊ အပြစ်ပေးရန် ပျက်ကွက်ခြင်းများ ရှိခဲ့သည်သာမက ကာကွယ်တားဆီးနိုင်ရေး ဥပဒေပြုနိုင်ရန်လည်း ပျက်ကွက်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။
ဂျီနိုစိုက်ဖြစ်လာရေး အမုန်းတရား လှုံ့ဆော်ဟုဆို
ရိုဟင်ဂျာတို့အပေါ် အမုန်းတရား ဖန်တီးရင်း Genocide Convention Article-III(c) အရ ဂျီနိုစိုက် ကျူးလွန်ကြောင်း အောက်ပါအတိုင်း တွေ့ရှိသည်။
(၁) မြန်မာအစိုးရဌာနဆိုင်ရာများ ဝန်ထမ်းများနှင့် အရာရှိများ၏ ရိုဟင်ဂျာ မုန်းတီးရေး၊ မြန်မာပြည်သူပြည်သားများအဖြစ်  အသိအမှတ်မပြုရေး နည်းမျိုးစုံသုံး ဆောင်ရွက်မှု။
(၂) အမျိုးသားရေးဗန်းပြလုပ်စား နိုင်ငံရေးသမားများနှင့် ပါတီများ၊ အမျိုးသားရေး သံဃာအချို့၊ အခြားအရေးပါ ပုဂ္ဂိုလ်များ၊ အစိုးရပိုင်းဝန်ထမ်းများသည် ရိုဟင်ဂျာများအား “ခိုးဝင်ဘင်္ဂါလီ” ဟု နိမ့်ချသမုတ်ကြခြင်း။
(၃) အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၏ ရည်ရွယ်ချက်ရှိရှိ စနစ်တကျလှုံ့ဆော်မှုများ။
(၄) RNDP ပါတီ ရခိုင်ပြည်နယ်သည် ၂၀၁၂ ခုနှစ်အတွင်း ဟစ်တလာလုပ်ရပ်အား ချီးကျူးကာ “ဒို့လူမျိုးရပ်တည်နိုင်ရေး၊ ရခိုင်ပြည်တွင်းရှိ ခိုးဝင်ဘင်္ဂါလီများကို အမြစ်ပြတ်ချေမှုန်းရန်လို” ဟု ဆော်ဩခဲ့။
(၅) မြန်မာအလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး၏ လွှတ်တော်တွင်း ဩဂုတ် ၂၀၁၁ “မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှလူမျိုးပျောက်” ဆော်ဩချက်နှင့် လက်ရှိ ကျင့်သုံးလျှက်ရှိသော ဟစ်ကြွေးသံ။
(၆) မြန်မာနိုင်ငံသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၂၀၁၂ တွင် “ရိုဟင်ဂျာစစ်သွေးကြွများကို ဒို့ တပ်မတော် အပြီးသတ်  ချေမှုန်းတော့မည်” ဟု ဖေစ့်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာတွင် ကြေညာခဲ့။
(၇) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီတို့၏ပြဿနာသည် နှစ်ရှည်ပြဿနာဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် ဖြေရှင်းနေပြီ ဖြစ်ကြောင်း  ၂၅-၀၈-၂၀၁၇ ရက်နေ့တွင် ပြောကြားခဲ့ဟု ဖော်ပြထားသည်။
ဂျီနိုစိုက် ရုပ်လုံးပေါ်လာစေခြင်း
ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများ ဂျီနိုစိုက်ဆိုင်ရာပြဿနာများ ကြုံတွေ့မှု သမိုင်းကြောင်း ရှည်ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာ့ တပ်မတော်၏ အောက်တိုဘာ ၂၀၁၆ မှတဖန်  အရှိန်အဟုန်မြင့် ခဲ့သည့် နယ်မြေရှင်းလင်း စစ်ဆင်ရေးကြီးများသည် ဂျီနိုစိုက် ရုပ်လုံးပေါ်လာစေသည်။
၉ အောက်တိုဘာ ၂၀၁၆ ရက်နေ့တွင် မြန်မာပြည်တွင်း၌ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်လွန်းသည့် ရိုဟင်ဂျာအချို့မှ ရရာဓား၊ တုတ်၊ လှံကိုင်ဆောင်ကာ နယ်ခြားစောင့် ရဲကင်းစခန်း အချို့အား တိုက်ခိုက်မှုကို အခြေပြု၍ မြန်မာတပ်မတော်က နယ်မြေရှင်းလင်း စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။
၄ လကြာသည့် ထိုစစ်ဆင်ရေးကြီးကို  ၁၆၊ ၀၂၊ ၂၀၁၇ တွင် အဆုံးသတ်ခဲ့ကြောင်း မြန်မာအစိုးရဘက်က  တရားဝင်ကြေညာခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း တပ်မတော်နှင့် သက်ဆိုင်ရာ အာဏာပိုင်များသည် ဥပဒေဘောင်အတွင်းက မှန်ကန်စွာ ဆောင်ရွက်ခဲ့သည်ဟုလည်း မြန်မာဒုသမ္မတ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုစစ်ဆင်ရေးကြီးအတွင်း လူသားမဆန်သော ပြစ်မှုကျူးလွန်မှုများစွာ ရှိခဲ့သည်ဟု နိုင်ငံတကာက ထောက်ပြခဲ့သည့်တိုင် မြန်မာအစိုးရပိုင်းက လျစ်လျူရှုကာ ကျူးလွန်သူများကို Genocide Convention  သဘောတူညီချက်နှင့်အညီ တစုံတရာအပြစ်ပေးရန် ပျက်ကွက်ခဲ့ပြန်သည်။
ဓား၊ တုတ်၊ လှံ လက်နက်အချို့ ကိုင်ဆောင်ထားသည့် Arakan Rohingya Salvation Army (ARSA) ဟူသော ရိုဟင်ဂျာတစုက တပ်မတော် ကင်းစခန်းနှင့် ရဲကင်း အချို့ကို ၂၅ ၊ ဩဂုတ်၊ ၂၀၁၇ ရက်နေ့တွင် တိုက်ခဲ့ခြင်း အကြောင်းပြပြီး နာရီပိုင်းအတွင်း နယ်မြေရှင်းလင်း စစ်ဆင်ရေးကြီးကို တပ်မတော်က တကျော့ပြန် လုပ်ဆောင်ခဲ့သည်။
သို့သော် UNHRC-FFM တွေ့ရှိချက်တွင် ဖော်ပြထားသည်မှာ တပ်မတော်သည် ၁၀ ဩဂုတ် ၂၀၁၇ ကတည်းက စစ်ကြောင်းများစွာ စစ်လက်နက်ပစ္စည်းစုံဖြင့် ရခိုင်ပြည်အတွင်း အသင့်နေရာယူ ပြင်ဆင်ထားခဲ့ကြောင်း၊ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များသည် ARSA တိုက်ခိုက်သည်ဆို သည့် အခွင့်အရေးကို အသုံးချ ဂျီနိုစိုက်အမှုကို ကျူးလွန်ရင်း ရိုဟင်ဂျာများအား အုံနဲ့ကျင်းနဲ့ မောင်းထုတ်ကာ ရွာပေါင်း ၃၉၂ ရွာ၊  ၃၇၇၀၀ ခန့်သော အဆောက်အအုံများကိုလည်း အပြီးပိုင် အစဖျောက်ဖျက်ခဲ့သည်။ 
ရိုဟင်ဂျာ အမျိုးသမီး၊ မိန်းခလေး၊ ကိုယ်ဝန်ဆောင်များပါ မကျန် ရက်စက်စွာ အင်နဲ့အားနဲ့ မုဒိမ်းကျင့်ခံရသည်သာမက ကလေးသူငယ် သက်ကြီးရွယ်များပါမကျန် အိမ်များအား အပြင်မှ ပိတ်မီးရှို့၊ ရုန်းကန်ထွက်လာသူများကို အပြီးပစ်သတ်၊ ထိုးသတ် စသည့် လူမဆန်သောလုပ်ရပ်များ ထိုစစ်ဆင်ရေးကြီးအတွင်း ရခိုင်ပြည်တဝန်း ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့သည်။ ပြည်တွင်းစစ်ဘေးသင့် ဒုက္ခသည်များအား လူသားချင်းစာနာသည့် နိုင်ငံတကာမှ အကူအညီပေးနိုင်ရန် ကြိုးပမ်းမှုများ၊ ပြည်တွင်းပြည်ပ မီဒီယာများအားလည်း မြန်မာအာဏာပိုင်များဘက်က အကြိမ်ကြိမ် ပိတ်ပင်တားဆီးခဲ့သည်။  ကျူးလွန်သည့် အသေးစိတ် အခြေအနေကိုလည်း ထိုစွဲဆိုချက်တွင် ဖော်ပြထားသည်။ 
အငတ်ဘေးကြုံတွေ့စေရေး စနစ်တကျစီမံ
ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့ကြီးများ (FAO၊ WFP) ၏ ထုတ်ပြန်ချက်အရ မြန်မာအာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင် တားဆီးမှုများသည် ရိုဟင်ဂျာများ ချို့တဲ့အငတ်ဘေး ကြုံစေရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရာရောက်နေကြောင်း ဖော်ပြထားသည်။
ရိုဟင်ဂျာရွာများ ဒုက္ခသည်များ စစ်ဘေးသင့်များအား အစာဆေးဝါး အရေးပေါ် ကျန်းမာရေး ဆေးကုသမှု အလုံးစုံကို ၂၇-၀၈-၂၀၁၇ နယ်မြေရှင်းလင်းစစ်ဆင်ရေး အကြောင်းပြ ကန့်သတ်ခြင်း၊ ရိုဟင်ဂျာများ၏ လယ်မြေများသိမ်းဆည်း လယ်လုပ်ငါးဖမ်း အသက်မွေး ဝမ်းစာရှာဖွေမှုများအား လွန်စွာကန့်သတ်ခြင်း၊ ရိုဟင်ဂျာတို့၏ လယ်မြေ ဧက ၄၅,၀၀၀ ကျော်အား မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဆက်နွှယ်ပတ်သက်သူများ လုပ်ကိုင်လျှက်ရှိခြင်း၊ အာဏာပိုင်များ၏ အကာအကွယ်ဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများ ဝင်ရောက်ကာ စားနပ်ရိက္ခာ ကျွဲနွားသားငါး လယ်မြေ ရှိသမျှ ဝင်လုလေ့ရှိခြင်းတို့ ကြုံတွေ့ခဲ့၊ ကြုံတွေ့ဆဲ ဖြစ်သည်။
ဂျီနိုစိုက် ဆက်လက်ကျူးလွန်နေဆဲဟု ၄င်းတို့မှတ်ယူ
(၁) ရိုဟင်ဂျာတို့အပေါ် ဖိနှိပ်မှုများ ဆက်လက်ရှိနေသည်သာမက မြန်မာ့မြေပေါ်မှ ရိုဟင်ဂျာ Identity ပျောက်သွားရေး မြန်မာအစိုးရ အာဏာပိုင်များ ဆက်လက်ကြိုးပမ်းရာ ရောက်နေခြင်း။
(၂) ၂၀၁၂ တွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှု နောက်ပိုင်း ၁၂၈,၀၀၀ ကျော်သော ရခိုင်ပြည်တွင်းရှိ ရိုဟင်ဂျာများနှင့် မွတ်ဆလင်ကမန်များအား ထိန်းချုပ်ရေးစခန်းများတွင် ယနေ့တိုင် ပိတ်လှောင်ခံထားရပြီး သွားလာထွက်ပြေးသူများအား ကြီးလေးသော ထောင်ဒဏ်အပြစ်များ ချမှတ်လျက်ရှိခြင်း။
(၃) မြန်မာအစိုးရအနေဖြင့် ဂျီနိုစိုက် အဖြစ်မှန်ကို နိုင်ငံတကာမသိအောင် အစဉ်တစိုက် ဖုံးဖိထားသည့်အတွက် ရခိုင်ပြည်တွင်း လက်ရှိနေထိုင်လျှက်ရှိသော ၆၀၀,၀၀၀ ခန့်သော ရိုဟင်ဂျာများနှင့် မွတ်ဆလင်ကမန်များ၏ အနာဂတ်အတွက် လွန်စွာစိုးရိမ်မကင်းဖြစ်ရခြင်းတို့ကို ဂမ်ဘီယာ Report တွင် highlight လုပ်ထားသည်။
လက်တလော မြန်မာလိုက်နာရမည့် အချက်များ ICJ ထုတ်ပြန်ပေးရေး ဤ report တွင်တောင်းဆို
ဂျီနိုစိုက် ဆက်လက်ကျူးလွန်နေဆဲဟု မှတ်ယူသည့်အတွက် ICJ ၏ Genocide Convention လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံ လတ်တလော လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်မူများ ချမှတ်ပေးရေး ဂမ်ဘီယာဘက်က တောင်းဆိုထားသည်။
(၁) မြန်မာအာဏာပိုင် လက်နက်ကိုင်လုပ်ပိုင်ခွင့် အစိုးရအခွင့်ထူးခံ တသီးပုဂ္ဂလ တစုံတရာ တိုက်ရိုက် သွယ်ဝိုက်ပတ်သက်ဆက်နွှယ် မည်သူမဆို ရိုဟင်ဂျာဂျီနိုစိုက် ကျူးလွန်နေခြင်း ချက်ချင်းရပ်ပေးရန်။
(၂)အထက်တွင် ဖော်ပြခဲ့သော ဂျီနိုစိုက်ဆိုင်ရာ တင်ပြထားချက်များနှင့် စပ်လျဉ်း၍ သက်သေ အထောက်အထား  (မည်သည်ဖြစ်စေ) ဖျောက်ဖျက်မှု မပြုရန်။
(၃) ဤစွပ်စွဲချက် တောင်းဆိုချက် ဖော်ပြချက် တင်ပြချက်များအား ICJ ရုံးတော်၌ ဖြေရှင်းနေစဉ် ကာလအတွင်း မြန်မာနှင့် ဂမ်ဘီယာအနေဖြင့် မှန်ကန်တရားမျှတသည့် အဆုံးအဖြတ်ကို ထိခိုက်စေမည့် လုပ်ဆောင်မှု မှန်သမျှအား ရှောင်ရှားရန်။
(၄) အထက်တွင် တင်ပြခဲ့သည့်အတိုင်း ICJ ရုံးတော်၏ လက်တလောလိုက်နာရန် ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များ ချမှတ်ပေးနိုင်ရန် မြန်မာနှင့် ဂမ်ဘီယာအနေဖြင့် မိမိတို့ တင်ပြလိုသည်များအား ယနေ့ ၁၁၊ ၁၁၊ ၂၀၁၉ မှ ၄ လအတွင်း တင်ပြရန် တို့ပါဝင်သည်။
Genocide Convention ပါ Article I, III, IV, V, VI တို့အား အနက်ဖွင့်ဆိုရသော်
မြန်မာဘက်မှ Genocide Convention ပဋိညာဉ်  Article I, III, IV, V, VI များအား ချိုးဖောက်သည်ဟု စွဲဆိုလာသည့်အတွက် ထို Article I, III, IV, V, VI တို့၏ အနက်ကို စာရေးသူ ရှင်းပြရစေ။
Article-I စစ်ဖြစ်နေချိန် (သို့) စစ်ပြေငြိမ်းနေချိန်ဖြစ်ဖြစ် ဂျီနိုစိုက်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်သဖြင့်  တားဆီးရန်၊ ကျူးလွန်သူများကို အပြစ်ပေးရန် လိုက်နာပါမည်။
Article-III (a-e) လူမျိုးတုံးသတ်ဖြတ် ကျူးလွန်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ အမုန်းဖန်တီးပြီး ကျူးလွန်ရန် ညွှန်ကြားခြင်း၊ ပါ၀င်ပတ်သက် ကျူးလွန်ရန် ကြိုးစားခြင်း၊ ပြောဆိုလုပ်ဆောင်ချက်များ မှားယွင်းစွာ တစ်ဖက်သတ်ဆန်ပြီး ကျူးလွန်သူများနှင့် ကြံရာပါအသွင် တရားမမျှတခြင်း။
Article-IV Article-III တွင် အကြုံးဝင်သော ကျူးလွန်သူ မည်သူမဆို နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအာဏာပိုင်၊ ရွေးချယ်ခံကိုယ်စားလှယ်၊ တသီးပုဂ္ဂလပင်ဖြစ်လင့်ကစား အရေးယူ အပြစ်ပေးရမည်။
Article-V Genocide Convention ပါ သဘောတူညီချက်များ အသက်ဝင်လာစေရေး စီလျော်သည့် ဥပဒေပြဋ္ဌာန်းချက်များအား သက်ဆိုင်ရာနိုင်ငံအနေဖြင့် ၄င်းတို့နိုင်ငံ၏ အခြေခံဥပဒေတွင် ဖော်ပြရန်လိုအပ်ပြီး Article-III ပါ အချက်အလက်များ ကျူးလွန်သည့် မည်သူမဆိုအား ထိရောက်စွာ အရေးယူ အပြစ်ပေးရမည်။
Article-VI Article-III တွင် အကြုံးဝင်သောသူအား နိုင်ငံတွင်းရှိ ဘက်မလိုက် တရားစီရင်ရေး ခုံရုံးဖြင့် ဆုံးဖြတ်အပြစ်ပေးရန် (သို့) နိုင်ငံတကာအဖွဲ့အစည်းများ လိုက်နာရမည့် သဘောတူညီ ချက် ရယူထားပါက ထိုသတ်မှတ်ချက်ပါအတိုင်း ဘက်မလိုက် တရားစီရင်မှု၏ အဆုံးအဖြတ်ကို လိုက်နာခံယူမည်။
Genocide Convention Article-I, III, IV, V, VI တို့အား နားလည်သဘောပေါက်ပြီဆိုပါက အောက်ပါ ဂမ်ဘီယာ တောင်းဆိုချက်ကို လေ့လာကြည့်ရအောင်။
ICJ မှ အောက်ပါကြေညာချက် ထုတ်ပေးရန် ဂမ်ဘီယာ တောင်းဆို
ICJ ရုံးတော်မှ မြန်မာအစိုးရ တာဝန်ရှိသူများအပေါ် အောက်ပါအတိုင်း ကြေညာ ချက်ထုတ်ပေးပါရန်။
မြန်မာနိုင်ငံသည် 
(၁) Genocide Convention သဘောတူညီချက် Article-I, III, IV, V, VI တို့အား ချိုးဖောက်ကြောင်း။
(၂) လက်ရှိကျူးလွန်လျှက်ရှိသော  ရိုဟင်ဂျာဂျီနိုစိုက်အား ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း။
(၃) Articles I and VI အရ အပြစ်ရှိသူများအား ဘက်မလိုက်ခုံရုံး (ခုံသမာဓိ တရားသူကြီးများ ရှေ့မှောက်)တွင် အရေးယူအပြစ်ပေးရန် လက်ခံရမည်ဖြစ်ကြောင်း။
(၄) ထိုနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဂျီနိုစိုက်ဒုက္ခသည် ရိုဟင်ဂျာများ ငြိမ်းချမ်း၊ ဘေးကင်း၊ သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးလိုအပ်သည့် ထိခိုက်နစ်နာကြေးစရိတ် တစုံတရာသတ်မှတ်ပေးရန်၊ အကန့်အသတ် ကင်းသည့် နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးရန်၊ လုံခြုံမှုရှိပြီး ခွဲခြားဆက်ဆံမှု ကင်းစွာ ဘဝရပ်တည်နိုင်ရေး ဆောင်ရွက်ရန်၊ ဂျီနိုစိုက်ဆိုင်ရာ လုပ်ဆောင်ချက်များအား ရှောင်ရှားရန်တို့ကို လိုက်နာရမည်ဖြစ်ကြောင်း။
(၅) နောက်နောင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တော့မည်မဟုတ်ကြောင်း မှန်ကန်သည့် ကတိကဝတ် ပြုပါကြောင်း ဆိုသည့် အချက် ၅-ချက် တောင်ဆိုထားသည်။
ဒေါက်တာ သိန်းမိုးဝင်း (Sydney)
၂၇၊ နိုဝင်ဘာ၊ ၂၀၁၉
(ယခုဆောင်းပါးသည် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးထံ တိုင်ကြားချက်အပေါ် စာရေးသူက ဘာသာပြန်ကောက်နုတ်တင်ပြထားခြင်းသာဖြစ်သည်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.