Breaking

December 1, 2019

၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှု



ဒီဓာတ်ပုံလေးထဲက ကလေးငယ်တဦး ကတော့ ၁၉၉၄ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်ပွဲကြီးအပြီး အသက်မသေပဲ လွတ်မြောက်ရှင်သန်ရစ်သူများအနက်မှတစ်ဦးပဲ ဖြစ်ပါတယ်။အရှေ့အာဖရိက ဒေသတခုဖြစ်တဲ့ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှူလို့ဆိုရင် လူတိုင်းကြားဖူးကြမှာဖြစ်ပေမယ့်အသေးစိတ်ကိုတော့ သိသူနည်းပါးလာလိမ့်မယ်။ ဆက်လက်ပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အတီး လေ့လာထားသမျှလေးတွေကို တင်ပြပါရစေ။

ရက်ပေါင်း (၁ဝဝ) ကျော်ကြာမြင့်ခဲ့တဲ့ သတ်ဖြတ်မှုကြီးအတွင်းမှာ ဟူတူလူမျိုးစုတွေရဲ့ လက်ချက်ကြောင့် တွတ်စီလူမျိုး ရှစ်သိန်းကျော် (သို့) တစ်သန်းကျော်နဲ့ တွတ်စီတွေကို သနားပြီးဝှက်ပေးခဲ့တဲ့၊ အားနည်းသူတွေဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူတူလူမျိုး တစ်သိန်းကျော်ပါ အသတ်ခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ အဲ့ဒီအချိန်က ရဝမ်ဒါလူဦးရေရဲ့ ၂၀ ရာခိုင်နှုံးရှိနေပါတယ်။ ဤမျှလောက် အရေအတွက် မြင့်မားအောင် သတ်ဖြတ်မှူကြီးအပြီးမှာတော့ ရဝမ်ဒါနိုင်ငံဟာ ယနေ့ထက်တိုင်အောင်ပဲ ပြဿနာပေါင်း များစွာ ရင်ဆိုင်ရကာ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကို ခံစားနေရပါသေးတယ်။

နောက်ခံသမိုင်းကြောင်း

တကယ်တမ်းမှာတော့ ရဝမ်ဒါနိုင်ငံရဲ့သမိုင်းမှာ ဒီအရေးအခင်းကြီးဟာ ပထမဆုံးအကြိမ်တော့လဲ မဟုတ်ခဲ့ပါဘူး။ ၁၉၅၉ခုနှစ်မှာ ဟူတူလူမျိုး နိုင်ငံရေးသမားတဦးကို တွတ်စီလူမျိုးစုတွေက လုပ်ကြံတယ်ဆိုတဲ့ ကောလဟာလကို အခြေပြုပြီး စတင်ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းအတွင်းမှာလည်း ဘယ်ဂျီယမ် ကွန်မန်ဒိုပျောက်ကျားတပ်တွေ ရောက်ရှိလာပြီး အခြေအနေတွေကို မထိန်းသိမ်းမှီအထိ တွတ်စီလူမျိုး နှစ်သောင်းမှတစ်သိန်းခန့် သုတ်သင်ခံခဲ့ရပြီးနောက် ဒုက္ခသည် ထောင်ပေါင်းများစွာဟာ အိုးပစ်အိမ်ပစ်နဲ့ အနီးအပါးအိမ်နီးချင်းနိုင်ငံတွေကို ပြေးဝင်သွားခဲ့ရပါသေးတယ်။ ၁၉၆၀ခုနှစ်မှာ ဘယ်ဂျီယမ် အစိုးရရဲ့အကူအညီနဲ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွင်းမှာတော့ ဟူတူလူမျိုးတွေဟာ တွတ်စီလူမျိုးတွေအပေါ် အနိုင်ယူပြီး နိုင်ငံရေးအရ အသာစီးရသွားပါတော့တယ်။ ဒီအပြောင်းအလဲဟာ ရဝမ်ဒါနိုင်ငံမှာ အုပ်စိုးခဲ့တဲ့ တွတ်စီလူမျိုးဘုရင်စနစ်ကို အဆုံးသတ်သွားစေပါတော့တယ်။ တဖန် ၁၉၆၂ခုနှစ်မှာ အိမ်နီးချင်း နိုင်ငံကတွတ်စီလူမျိုး စစ်ပြေးဒုက္ခသည်တွေနဲ့ ဖွဲ့စည်းထားတဲ့ တွတ်စီဂွါရီလာ အမည်ရလက်နက်ကိုင် အင်အားစုဟာ ဂလဲ့စားချေထိုးစစ် ဆင်နွှဲရာမှ အာဏာရ ဟူတူအစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွါးပြီး နောက်ထပ် လူဦးရေ ခုနစ် သောင်းလောက် ထပ်မံ ဆုံးရှုံးရပြန်ပါတော့တယ်။ ဒီလို အမုန်းပွါးမှူတွေရဲ့ စတင်မြစ်ဖျားခံလာရာ အရင်းအမြစ်ကတော့ ကိုလိုနီ အမွေအနှစ်ဆိုးတွေကပဲ ဖြစ်ပါတယ်။

၁၉၁၁ခုနှစ်မှာပဲ ဂျာမဏီကိုလိုနီ တပိုင်းဖြစ်နေတဲ့ ရဝမ်ဒါနိုင်ငံမှာ မြောက်ပိုင်းမှာရှိတဲ့ တွတ်စီတွေရဲ့ ဩဇာကို မခံလိုကြတဲ့ဟူတူလူမျိုးတွေကို တွတ်စီတွေက ရှင်းလင်းနိုင်ရန်အတွက် ဂျာမန်အစိုးရက ခြေထိုးခဲ့ပါသေးတယ်။ ပထမကမ္ဘာစစ် အပြီးမှာတော့ဗာဆိုင်း စာချုပ်အရ ရဝမ်ဒါနိုင်ငံဟာ ဘယ်ဂျီယမ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ပါတော့သည်။ ဘယ်ဂျီယမ် အစိုးရ အုပ်ချုပ်မှုအောက်မှာပဲ ဒီပြဿနာတွေရဲ့ မြစ်ဖျားခံရာ ဖြစ်တဲ့ ဟူတူနဲ့ တွတ်စီတွေကို သီးခြား မှတ်ပုံတင်ထုတ်ပေးခြင်း။ ပညာရေးစနစ်တွင်လည်း ခွဲခြားဆက်ဆံရေးစနစ်တွေကို စတင် ကျင့်သုံးပါလေတော့တယ်။ ကိုလိုနီစနစ် မတိုင်မှီရော၊ ကိုလိုနီကာလ အတွင်းမှာပါ တွတ်စီလူမျိုးစုတွေဟာ လူနည်းစုတွေ ဖြစ်နေပေမဲ့ ပညာတတ်ဦးရေ များပြားပြီး အုပ်ချုပ်ရေးပိုင်းမှာ ဝင်ဆန့်နိုင်ခဲ့ကြပါတယ်။ ဒီကွာခြားမှုတွေဟာ အပြင်ပန်းအားဖြင့်တော့ မထူးခြားလှပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့ အခါမှာတော့ လူများစုဖြစ်တဲ့ အောက်ခြေက ဟူတူလူမျိုးတွေ အတွက်တော့ ၁၉၉၄ခုနှစ်မှာဖြစ်ပေါ်လာမဲ့ အစုလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးရဲ့ စတင် မြစ်ဖျားခံရာ အကြောင်းအရင်းအမှန်ပဲဖြစ်လာပါတယ်။

ဝါဒဖြန့်စစ်ပွဲ

၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို ဟဆန်ဂီဇီ (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန်တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါအစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်းကာလအတွင်း အသံလွှင့်တဲ့နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိကာလမှာ ရေဒီယိုအစီအစဉ်နှစ်ခုက တာဝန်ရှိသူတွေဟာ တသက်တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ်တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။

သတ်ဖြတ်မှူအတွက် ကြိုတင်ကြံစည်ကြခြင်း

ဟူတူအစွန်းရောက်တွေကို ဟူတူအစိုးရက ပြည်သူ့စစ်များ အဖြစ်လေ့ကျင့်ပေးခဲ့ပါတယ်။ တူစီလူမျိုးစုကို ဖိနှိပ်သတ်ဖြတ်ရာ မှာ အစိုးရစစ်တပ်က တိုက်ရိုက်သတ်တယ်လို့ အဖြစ်မခံလိုတဲ့အတွက် လူမျိုးစုအရပ်သားခြင်းအကြားမှာ ဖြစ်နေတဲ့ သာမန်ပဋိပက္ခအသွင်မျိုး ဖန်တီးလိုတာ ကလည်း တကြောင်းဖြစ်ပါတယ်။ ဟူတူသမ္မတဖြစ်သူက သူ့အပေါ်မှာ အပြစ်တင်မခံရလေအောင် ကစားခဲ့တာဆိုရင်လည်း မမှားပါဘူး။ အရေးအခင်းကာလ မတိုင်မီလေးမှာပဲ အစိုးရနဲ့နီးစပ်တဲ့ ဟူတူစီးပွါးရေးလုပ်ငန်းရှင် တစ်ယောက်ဟာ တရုတ်နိုင်ငံကနေပြီးတော့ ဓားအလက် ၅၈၁၀၀၀ ကို တင်သွင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဓားတွေဟာ သေနတ်တွေနဲ့စာရင် အဖိုးနှုန်းချိုသာပြီး ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်လို့ပါပဲ။

အရေးအခင်းကာလအတွင်း

ဇန်နဝါရီလ ၁၂ရက်နေ့ ၁၉၉၄ခုနှစ်မှာ ဟူတူလူမျိုး လက်ရှိအာဏာရသမ္မတနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘူရန်ဒီနိုင်ငံက သမ္မတဖြစ်သူတို့ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ရဝမ်ဒါနိုင်ငံအတွင်းရှိ ကီဂါလီမြို့ကို ဆင်းသက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပစ်ချခံခဲ့ရပါတယ်။ လုပ်ကြံမှုအတွင်းမှာ သမ္မတ နှစ်ဦးလုံး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒီလုပ်ကြံမှုဟာ တွတ်စီလူမျိုး သူပုန်တွေရဲ့လက်ချက်ဖြစ်တယ်လို့ ရေဒီယိုကစွပ်စွဲအပြီး နာရီပိုင်းအတွင်းမှာတော့ ရဝမ်ဒါနိုင်ငံ တစ်ဝှမ်းမှာ သတ်ဖြတ်ပွဲကြီး စတင်ပါတော့တယ်။ ဟူတူအစွန်းရောက် ပြည်သူ့စစ်တွေဟာ တွတ်စီလူမျိုးတွေ အပေါ်မှာ ရရာရွှေငွေတွေကိုလုယူ၊ တရုတ်နိုင်ငံက တင်သွင်းလာခဲ့တဲ့ဓားတွေနဲ့ယောကျာ်းတွေကိုအရင်သတ်၊ မိန်းမတွေကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်ကို သတ်ဖြတ်ပါတော့တယ်။ ထူးခြားချက်ကတော့ ဟူတူအစွန်းရောက်တွေဟာ တွတ်စီတွေအပေါ် သနားပြီးဝှက်ပေးကာ အားနည်းတဲ့ဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူတူတစ်သိန်းကျော်ကိုပါ အချင်းချင်း လက်စတုန်းလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကုလသမ္မဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်သား ၁၀ယောက်ပါ အဆစ်ပါသွားပါတော့တယ်။ အဆိုပါအခြေအနေကို ကုလသမ္မဂ္ဂငြိမ်းချမ်းရေးတပ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ရိုမီရိုဒလဲ က သက်ဆိုင်ရာ အထက် အဆင့်ဆင့်ကို အမြန်တင်ပြခဲ့ပေမဲ့ ဘယ်သူကမှ စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။

ဘယ်အင်အားကြီးနိုင်ငံတွေကမှ သူတို့စစ်တပ်တွေကို ရဝမ်ဒါကိုလွှတ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ လက်ရှောင်တဲ့အပိုင်းလည်း ရှိနေတယ်လို့ အစွပ်စွဲခံခဲ့ရပါသေးတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ရဝမ်ဒါ ပြဿနာမတိုင်ခင် လေးလလောက်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆိုမာလီယာက အရှုပ်အရှင်းကြောင့် လက်ရှောင်ခဲ့ကြတယ်လို့လဲ ဆိုပါတယ်။ ဆိုမာလီယာမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ဘယ်လိုလဲဆိုတော့၊ ကုလသမ္မဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ပါကစ္စတန်စစ်သားများနဲ့ အမေရိကန်စစ်သားများဟာ ဆိုမာလီယာ သူပုန်များနဲ့ တိုက်ပွဲဖြစ်ရာက သေဆုံးခဲ့ကြရပါတယ်။ အဲသလို ပူပူနွေးနွေး ဖြစ်ထားခဲ့တာကြောင့် အဲသလို အဖြစ်မျိုးကို နိုင်ငံကြီးတွေက ရဝမ်ဒါမှာ ထပ်ပြီးကြုံတွေ့လိုတဲ့ ဆန္ဒမရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

အဲသလို အခြေအနေမျိုးအောက်မှာ ဗိုလ်ချုပ်ဒလဲက ကုလသမ္မဂ္ဂဌာနချုပ်ကို သူတို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့လိုကြောင်း အစီရင်ခံပါတယ်။ အဲသလို မစွက်ဖက်ဖူးဆိုရင် နောက်ထပ်လူပေါင်းများစွာ သေကြေနိုင်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါကြောင့် ၃၆နာရီအတွင်း ဝင်ရောက်စွက်ဖက်ဖို့တင်ပြခဲ့ပါတယ်။ သို့သော် ထိုတင်ပြချက်ကို အဲသည်အချိန်က ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအာနန်က ပယ်ချခဲ့ပါတယ်။ ဒီလိုဝင်ရောက် စွက်ဖက်တာဟာ ကုလရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့လည်း အကြောင်းပြခဲ့ပါတယ်။ အဲသည့်အချိန်မှာ အမေရိကန် သမ္မတဖြစ်တဲ့ ကလင်တန်က အမေရိကန်အစိုးရ အနေနဲ့ အကူအညီမပေးတဲ့အပြင် ကုလသမ္မဂ္ဂငြိမ်းချမ်းရေးတပ်ကို ရဝမ်ဒါကနေ ပြန်ခေါ်ဖို့ ကိုဖီအာနန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ကုလတပ်ကို ရဝမ်ဒါကနေ ပြန်ပြီး ရုပ်သိမ်းခဲ့ ပါတယ်။

အမှန်မှာတော့ ၁၉၄၈ Genocide ဥပဒေအရ အဲသလိုသတ်ဖြတ်နေခြင်းကို ကာကွယ်တားဆီးနိုင်ခွင့် ကုလသမဂ္ဂမှာ တရားဝင် အခွင့်အရေးရှိပါတယ်။ သို့သော်လည်း ကုလသမဂ္ဂအနေနဲ့လည်း ဘယ်လိုနည်းကိုမှအသုံးပြုပြီး တားဆီးခဲ့တာ မရှိခဲ့ပါဘူး။ ဒါကြောင့် သတ်ဖြတ်မှုများ စတင်ခဲ့တဲ့ ပထမနှစ်ပတ် သုံးပတ်အတွင်းမှာတင် လူပေါင်းသိန်းချီပြီး အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အိုင်အာစီ အဖွဲ့ရဲ့ တွက်ချက်မှုများအရသိရပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်နိုင်ငံက ကလင်တန် အစိုးရဟာလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေကို ပြန်ခေါ်ဖို့ကိုသာ ကုလသမဂ္ဂကို တွင်တွင်ဖိအားပေးနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကလင်တန်ဟာ အဆိုပါလုပ်ရပ်အတွက် ရဝမ်ဒါ ပြည်သူတွေကို တရားဝင် တောင်းပန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ တွတ်စီလူမျိုး ကာဂါမီ ဦးဆောင်တဲ့ ရဝမ်ဒါ မျိုးချစ်တပ်ဦးဟာ နိုင်ငံတကာ အကူအညီ ရယူပြီး ရဝမ်ဒါနိုင်ငံရဲ့ အာဏာကို ပြန်လည်ရယူလိုက်တဲ့ ဂျူလိုင်လ နှောင်းပိုင်းမှာမှ အဆုံးသတ်သွားပါတော့တယ်။ ဒါပေမဲ့လဲ အမျိုးသားပြန်လည်ညီညွတ်ရေးအနေဖြင့် တွတ်စီတွေဘက်က ရပ်တည်ခဲ့တဲ့ ဟူတူလူမျိုး ဘီဇီမန်ဂူ ကိုသာ သမ္မတ ရာထူးခန့်အပ်ပြီး ကာဂါမီ ကိုယ်တိုင်ကတော့ ဒုသမ္မတ ရာထူးကို သာ ရယူခဲ့ပါတယ်။

အရေးအခင်းကာလ အပြီး ဆိုးကျိုးရလဒ်များ

၁၉၉၄ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ လက်ရှိ တရားရင်ဆိုင်ဆဲ ၁မှု၊ အယူခံဝင်ဆဲ ၁၇မှု၊ ဆိုင်းငံ့နှင့် အကျယ်ချုပ် ၁၀မှု၊ အမိန့်ချမှတ်ပြီး ၃၃မှုနဲ့ ရဝမ်ဒါပြည်တွင်း တရားရုံးကို လွှဲပြောင်းပေးအပ်ခဲ့တာကတော့ ၁၀မှုပဲဖြစ်ပါတယ်။ ဒီအထဲမှာ မီဒီယာ သမားသုံးယောက်လဲ ပါဝင်ပါတယ်။ ပြစ်ဒဏ်ကျခံပြီး သူများထဲမှ ၁၁ယောက်ကတော့ ရက်စေ့လို့ လွတ်မြောက်သွားပြီဖြစ်ပြီး ၃ယောက်ကတော့ ထောင်တွင်းမှာပဲ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါသည်။

စီးပွါးရေး

ဒီလူမျိုးတုန်း သတ်ဖြတ်မှုကြီး အပြီးမှာတော့ ကော်ဖီနဲ့လက်ဖက်ခြောက်သာ အဓိကတင်ပို့နေရပြီး ကွန်ဂိုနဲ့တန်ဇီးနီးယားတို့လို နိုင်ငံကြီးတွေကြားမှာ ညပ်နေတဲ့ အာဖရိက ကုန်းတွင်းပိတ် နိုင်ငံငယ်လေးဟာ ဒီနေ့အထိ ဘယ်လိုမှနာလန်မထူနိုင်အောင် ဖြစ်နေရပါတယ်။ ၇၀ရာခိုင်နှုှုန်းသောရဝမ်ဒါနိုင်ငံက အိမ်ထောင်စုတွေဟာ မိန်းမတွေက ဦးဆောင်နေရပြီး အကြောင်းရင်းကတော့ သူတို့ရဲ့ ယောကျာ်းတွေဟာ သတ်ဖြတ်မှုအတွင်းမှာ သေဆုံးသွားခဲ့လို့ပါပဲ။

လူမှူရေး

ဒီအရေးအခင်းကြီး အပြီးမှာတော့ ရဝမ်ဒါလူထုဟာရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာလူမှုဒုက္ခတွေကို ယနေ့တိုင်ခံစားနေရဆဲပါ။ အရေးအခင်းကာလအတွင်းမှာ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေ အပါအဝင် ရဝမ်ဒါနိုင်ငံဟာ အာဖရိကမှာ အေအိုင်ဒီအက်စ်ရောဂါပိုး အများဆုံးတွေ့ရှိရတဲ့နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ အသက်မသေပဲ လွတ်မြောက်လာတဲ့ကလေးငယ်တယောက်ဆိုရင် အစာကိုလိုသည်ထက်လွန်ကဲစွာ စားသုံးတတ်တဲ့စိတ်ရောဂါ စွဲကပ်နေပါတယ်။ အကြောင်းကတော့ သူမိဘတွေရှိစဉ်က အစာကျွေးတာကို ငြင်းပယ်ပြီး နာရီပိုင်းအတွင်းမှာပဲ မိဘနှစ်ပါးလုံးဟာ သတ်ဖြတ်ခံခဲ့ ရပြီးတော့ ကလေးငယ်ဟာ ကံကောင်းစွာနဲ့လွတ်မြောက်လာခဲ့ပြီး ဒီစိတ်ရောဂါဟာ တသက်လုံးစွဲကပ် ခံနေရပါတော့တယ်။

Genocide ဆိုတာ

ဂျီနိုဆိုက်ဒ်သည် လူမျိုးတုန်းရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလအတွက်သာမက စစ်မဖြစ်သည့်ကာလအတွက်လည်း အကျုံးဝင်သည်။ ကျူးလွန်သည့် နိုင်ငံများတွင် လူ့အသက်ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများ ပျံ့နှံ့နေပြီး အာဏာရှင်ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေဘောင် ပြင်ပကလူများ၊ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမားများ၊ နယ်ချဲ့လက်ပါးစေများ၊ ပုဆိန်ရိုးများ၊ လူတန်းစားရန်သူများ၊ တန်ပြန်တော်လှန်ရေး သမားများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး ဂျီနိုဆိုက်ဒ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင်။ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ မြင့်မြတ်သောတာဝန် ထမ်းဆောင်နေသူများ၊ မြင့်မြတ်သောလူမျိုးများ၊ အမျိုးဘာသာသာသနာသန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိကအနစ်နာခံနေသူများ၊ အမျိုးသားနိုင်ငံရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေးသမားများ စသည်ဖြင့် မိမိတို့ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့်၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုကာ မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့်တွန်းပို့လေ့ရှိကြသည်။ ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထားသည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။

    “နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။

    (က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊

    (ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊

    (ဂ) တစ်ခုလုံးအရ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ် ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊

    (ဃ) ယင်းလူအုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊

    (င) ယင်းလူ အုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”

၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

    “လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံးလိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း၊ ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ဖျက်ဆီးပစ်ရန် အထူးရည်ရွယ်ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။”

ဟူ၍ဖြစ်လေသည်။

ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံးအာဏာရှင်တို့ကို ပြင်ပမှအင်အားသုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက်သေ သာဓကများဖြစ်သည်။ သတိချပ်စရာပင်ဖြစ်သည်။

ကဲ ဒီနေ့တော့ သုံးသပ်တင်ပြမှုကို ဒီလောက်နဲ့ပဲရပ်နားပါရစေ။ ရဝမ်ဒါဖြစ်စဉ်များကို အသေးစိတ် ဆက်လက်လေ့လာချင်သူများကတော့ “ဟိုတယ်ရဝမ်ဒါ” ဆိုတဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ယူကျူ့ပေါ်မှာ သွားရောက်ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။


Rwanda Genocide documentary Part I

Rwanda Genocide documentary Part II

Rwanda Genocide documentary Part III

Rwanda Genocide documentary Part IV

Rwanda Genocide documentary Part V

Rwanda Genocide documentary Part VI

Rwanda Genocide documentary Part VII

Rwanda Genocide documentary Part VIII

Hotel Rwanda


ဝါးလုံးရှည် အတီး ရဲ့ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ဝါးလုံးရှည်အတီး၏ ခွင့်ပြုချက်ဖြင့် စာလုံးပေါင်းသတ်ပုံအပါအဝင် အနည်းငယ် ပြင်ဆင်မှုရှိပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.