Breaking

December 20, 2019

အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ


A Burmese-style mosque with an elaborately carved minaret in Amarapura during the Konbaung dynasty.
အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။
အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒ လက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သော ဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။ (၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
ပြန့်နှံ့ပုံ
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။
ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။
(သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.