Breaking

December 1, 2019

စစ်ရာဇဝတ်မှု တရားခံ ‌ဘော့စနီးယား ဗိုလ်ချုပ်ကြီး Slobodan Praljak တရားခွင်တွင် အဆိပ်သောက် သေကြောင်းကြံ

 

ဘော့စ်နီးယား ခရိုအက် အနွယ်ဝင် စစ်ရာဇဝတ်မှု တရားခံ တစ်ဦးသည် တရားရုံး စီရင်ချက် အပြီးတွင် အဆိပ်သောက်၍ သေကြောင်းကြံသွားခဲ့ကြောင်း သိရသည်။
အသက် ၇၂ နှစ်အရွယ် ဗိုလ်ချုပ်(ဟောင်း) ဆလိုဘိုဒန် ပရယ်လ်ဂျက်သည် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံတကာ ခုံရုံး တရားခွင်တွင် အသင့်ယူဆောင်လာသည့် ပုလင်းငယ် တစ်လုံးကို ထုတ်၍ အထဲမှ အဆိပ်ရည်များကို သောက်ခဲ့သည်။ ၎င်းကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
ကုလသမဂ္ဂ၏ တရားရေး ဌာနက တရားခွင်သည် ယခုအခါ လူသေမှုအတွက် စုံစမ်းစစ်ဆေးသည့် မှုခင်းဧရိယာ တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း အတည်ပြုခဲ့သည်။
ပရယ်လ်ဂျက်သည် စစ်ရာဇဝတ်မှု စွဲချက်များအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပြီး အယူခံဝင်ချိန်၌ ယင်းပြစ်ဒဏ် ဆက်လက် တည်မြဲစေရန် တရားရုံးက စီရင်ချက် ချမှတ်ချိန်၌ အဆိပ်ပုလင်းကို ထုတ်သောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဘော့စ်နီးယား ခရိုအက် တပ်ဖွဲ့များကို ဦးဆောင်ကာ ၁၉၉၂ မှ ၁၉၉၅ ထိ ဖြစ်ပွားသည့် ဘော့စ်နီးယား စစ်ပွဲကလအတွင်း မိုစတာမြို့၌ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိသည့်အတွက် ၂၀၁၃ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသည်။ အဆိုပါ ပြစ်ဒဏ်အတွက် အယူခံကို စစ်ဆေး ကြားနာပြီးနောက် ဆက်လက် အတည်ပြုရန် ဆုံးဖြတ်ခဲ့ချိန်၌ ပရယ်လ်ဂျက်က အဆိပ်သောက်ခဲ့ခြင်း ဖြစ်သည်။
ပရယ်လ်ဂျက်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စု လက်ထက်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် စစ်ဆေးခံရသည့် ဘော့စ်နီးယား ခရိုအက် စစ်ခေါင်းဆောင်နှင့် နိုင်ငံရေးသမား ခြောက်ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းတို့ ခြောက်ဦးစလုံး၏ နောက်ဆုံး အယူခံကို တရားရုံးက ပယ်ချခဲ့သည်။
ဘော့စ်နီးယား စစ်ပွဲကာလ အတွင်းက ဘော့စ်နီးယား ဆာ့ဘ်အနွယ်များ၏ မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည့်တိုင် ဘော့စ်နီးယား ခရိုအက်များနှင့် မွတ်ဆလင်များသည် အချင်းချင်း ၁၁ လကြာမျှ တိုက်ခိုက်ခဲ့ကြသည်။ မိုစတာသည် တိုက်ပွဲများ အပြင်းထန်ဆုံး ပေါ်ပေါက်ခဲ့ရာ မြို့တစ်မြို့ ဖြစ်သည်။
တရားသူကြီး၏ စီရင်ချက်ကို ကြားသိရပြီးချိန်၌ ပရယ်လ်ဂျက်က မတ်တပ်ရပ်ကာ လက်ကို ပါးစပ်နား မြှောက်လိုက်ပြီး ခေါင်းကို မော့လိုက်သည်။ ယင်းအပြုအမူသည် တစ်စုံတစ်ခုကို သောက်ချလိုက်သည့် ပုံစံ ဖြစ်နေသည်။ ထို့နောက် ၎င်းက “ကျုပ် အဆိပ်သောက်လိုက်တယ်”ဟု တရားသူကြီး ကာမယ်လ် အေဂီရက်စ်ကို လှမ်းပြောခဲ့သည်။
တရားသူကြီးလည်း ထိတ်ထိတ်ပြာပြာဖြင့် တရားခွင်ကို ဆိုင်းငံ့ကြောင်း ကြေညာပြီး လူနာတင်ကားတစ်စီး ခေါ်ယူရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ပရယ်လ်ဂျက် သောက်ခဲ့သည့် ပုလင်းငယ်ကို နေရာမရွှေ့ရန်လည်း တရားသူကြီးက ပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ တရားရုံးရှေ့သို့ မိနစ်ပိုင်းအတွင်း ဆေးရုံကားတစ်စီး ရောက်လာပြီး ရဟတ်ယာဉ် တစ်စီးလည်း အသင့်အနေအထားဖြင့် ပျံဝဲ စောင့်ကြည့်နေခဲ့သည်။ ဆေးရုံကား ဝန်ထမ်းများက ပရယ်လ်ဂျက်၏ အသက်ကို ကယ်တင်ရန် အစွမ်းကုန် အားထုတ်ခဲ့သလို အနီးရှိ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ၎င်း ကွယ်လွန်သွားခဲ့ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။
တရားခွင်တွင် တရားခံဖြစ်သူ သေကြောင်းကြံသွားသည့် ကိစ္စနှင့် ပတ်သက်၍ ဟိဂ်မြို့ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ရာဇဝတ် ထောက်လှမ်းရေး အရာရှိများ ညှိနှိုင်းပြီး စုံစမ်းစစ်ဆေးမှုများ စတင် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
Ref: CNN

 https://7daydaily.com/story/114397

ပည်ထောင်စုဟောင်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုတွေကို စစ်ဆေးနေတဲ့ နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးမှာ အယူခံ လာရောက် ရင်ဆိုင်နေတဲ့ ဘော့စနီးယား ခရိုအက် လူမျိုး ၆ ဦးထဲက တဦးဟာ အဆိပ်သောက် သေဆုံးခဲ့ပါတယ်။

တရားရုံးက သူ့ကို ထောင်ဒဏ် အနှစ် ၂ဝ အပြစ်ပေးထားတာကို အတည်ပြု လိုက်ပြီးတဲ့နောက် ခရိုအက် ဗိုလ်ချုပ်ကြီး Slobodan Praljak က ဆေးရည်တချို့ သောက်ခဲ့ ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/bbcburmese/posts/1602074486515097

No comments:

Post a Comment

Note: Only a member of this blog may post a comment.