Breaking

February 21, 2020

ဗစ်တိုးရီးယားအမှုတွင်တာဝန်မကျေသူများကို အရေးယူဖို့ သမ္မတ ညွှန်ကြား



  • 13.3k



Want create site? Find Free WordPress Themes and plugins.
နေပြည်တော်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတခုတွင် ဖြစ်ပွားခဲ့သည့်ဆိုသော ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ တာဝန် ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည့် အစိုးရ တာဝန်ရှိသူများကို အရေးယူရန် သမ္မတ ဦးဝင်းမြင့်က မနေ့က ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် လစဉ် ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ ဆုံပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ် သည်။
“သမ္မတကြီးက လမ်းညွှန်မှု ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ တင်ပြချက်များနှင့် စပ် လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မဆောင်ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော၊ လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော၊ ဥပဒေ ပြဌာန်းချက် များနှင့် ညီညွှတ်မှု မရှိသော တာဝန်ရှိသူကို သက်ဆိုင်ရာ အဖွဲ့ အစည်းက လိုအပ်သလို အရေးယူဆောင်ရွက်ရန် ဆိုတာ ညွှန်ကြားထားပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန် သမ္မတထံသို့ ဖခင်ဖြစ်သူက စာပေးပို့ တင်ပြလာသဖြင့် သမ္မတက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး စသည့် အဖွဲ့အစည်း ၃ ခုကို ညွှန်ကြားချက် ၄ ချက် ပေးခဲ့သည်ဟု သိရသည်။
“နံပါတ်၁ ကတော့ အမှုမှန် ပေါ်ပေါက်ရန်၊ နံပါတ် ၂ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်၊ နံပါတ် ၃ကတော့ ဥပဒေနှင့် အညီ ဖြစ်ရန်၊ နံပါတ် ၄ ကတော့ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ပကတိ တွေ့ ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြရန်ဆိုပြီး ကျနော်တို့ ညွှန်ကြားပါတယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာန ၃ ဖြစ်သည့် တရားလွှတ်တော်ချုပ်က တရားရေး ဆိုင်ရာ၊ ပြည်ထဲရေး ဝန်ကြီးဌာနက အမှုစစ်ဆေးရေး၊ ဖော်ထုတ်ရေးဆိုင်ရာ၊ ပြည်ထောင်စု ရှေ့ နေချုပ်ရုံးက ဥပဒေပိုင်း ဆိုင်ရာများ တင်ပြခဲ့ကြောင်း သိရသည်။
ယင်းတင်ပြချက်များကို စုစည်းပြီး သမ္မတက တာဝန်ရှိသူများကို တာဝန်ခံသည့်အနေဖြင့် အရေးယူခိုင်းခြင်း ဖြစ်သည်။
သမ္မတ၏ ညွှန်ကြားချက်အရ နစ်နာသူ ဗစ်တိုးရီယား အမည်နှင့် မိခင်၊ ဖခင်တို့၏ အမည်နှင့် ကိုယ်ရေး အချက် အလ က်များကို ထုတ်ဖော်ခဲ့သည့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများပါ အကျုံးဝင်ပါသလားဟု ဧရာဝတီက ဆက်လက် မေးမြန်းရာ “အကျုံးဝင်ကြောင်း” ဦးဇော်ဌေးက ပြောသည်။
ယခု ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ပြည်ထဲရေး ဝန်ကြီးဌာန အတွင်းဝန် ဦးခိုင်ထွန်းဦးကို ဖုန်းဆက်သည့်အခါ ဖုန်း ကိုင်သော်လည်း ဗစ်တိုးရီးယားကိစ္စ စတင်မေးမြန်းသည့်အချိန်တွင် ဖုန်းချသွားခဲ့ပြီး ထပ်မံ ကိုင်ဆောင်ခြင်း မရှိ တော့ပေ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ကျော်သီဟကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
ဗစ်တိုးရီယား၏ ဖခင်ဖြစ်သူက “ကျနော်တို့က အမှုမှန်ပေါ်ပေါက်ရေး သွားချင်တာ။ အမှုမှန်ပေါ်ပေါက်ရေး လမ်း ကြောင်းမှာ အမှုမှန် မပေါ်အောင် လုပ်ခဲ့ တဲ့ သူတွေကို အရေးယူခံရရင်တော့ အမှုမှန်ပေါ်ဖို့ တဆင့်တက်တယ်လို့ သဘောထားရမှာပေါ့။ ဆိုလိုတာက တဝက်တော့ ရောက်ပြီ။ နောက်လူတွေကတော့ အမှုမှန်ပေါ်ဖို့ ကြိုးစားပေးစေ ချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့ က သံသယ တရားခံအဖြစ် စွပ်စွဲခဲ့သူ ကိုအောင်ကြီးကိုလည်း အထောက်အထား မခိုင်လုံသဖြင့် တရားရုံးက လွှတ်ပေးခဲ့ပြီး ကိုအောင်ကြီး လွတ်မြောက်ပြီး နောက်တရက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ နစ်နာသူ ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း၊ ရဲဇာနည် Facebook စာမျက်နှာတွင် ရေးသား ဖော်ပြမှုများကြောင့် ရဲတပ်ဖွဲ့ကို ဝေဖန်မှု များစွာ မြင့်တက်ခဲ့သည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားသည် ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် မှုခင်းတပ်ဖွဲ့(CID) က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.