Breaking

April 20, 2020

ညမထွက်ရအမိန့်ထုတ်ထားတဲ့ ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး လုပ်ဆောင်နေတဲ့ ကာလအတွင်း ဒေသတချို့မှာ ညမထွက်ရ သတ်မှတ်ထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးလုပ်ငန်းတွေ ပိုမို ဆောင်ရွက်နေပါတယ်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ရှစ်ခုမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားသလို မန္တလေးတိုင်းမှာလည်း  ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း  အပြင်ထွက်သူတွေမရှိစေရေး ရဲတပ်ဖွဲ့က လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေပါတယ်။
ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာတာကို တွေ့ရတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအောင်က ပြောပါတယ်။
“ညဘက်ပြည်သူတွေ သိပ်မထွက်ကြဘူး၊ ရှိခဲ့ရင် ပညာပေးပြီး ပြန်လွှတ်ပါတယ်။ ထုတ်ထားတဲ့စည်းကမ်းကို မန္တလေးပြည်သူတွေ လိုက်နာကြပါတယ်”
ညမထွက်ရအမိန့် ထုတ်ထားတဲ့အပြင် မန္တလေးမြို့အဝင် တိုးဂိတ်မှာ မြို့တွင်းဝင်မယ့် မော်တော်ယာဉ်တွေကို စစ်ဆေးနေပါတယ်။
မြို့ကိုဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာအပြင် အချက်အလက်တွေ ကောက်ယူနေကြောင်း ရာအိမ်မှူး တစ်ယောက်ဖြစ်တဲ့ ဦးဟန်ငွေထွန်းက ပြောပါတယ်။
“အဝင်အထွက် စားရင်းတွေမှတ်တယ်။ အပူချိန်တိုင်းတယ်။ ကားအမျိုးtစား၊ ဖုန်းနံပါတ်တွေ မှတ်တယ်။ ညနေပိုင်းမှာ ကားအဝင်အထွက်က တော်တော်လေးများတယ်"
မန္တလေးမြို့တွင်း မြို့ပြင် လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၁၂ ဖွဲ့ ဖွဲ့ထားပြီး အဖွဲ့တစ်ခုစီမှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
လုံခြုံရေးဆောင်ရွက်ရတာ ရေရှည်ဖြစ်လာမယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်ချက်တွေ ရှိလာနိုင်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးအောင်က ပြောပါတယ်။
“ပြည်သူလူထုက ပညာပေးဆောင်ရွက်တာတွေလည်းရှိတယ်။ ရက်ရှည်လာရင်တော့ ရဲတပ်ဖွဲ့တွေအတွက် နှာခေါင်းစည်းတွေ၊ လက်ဆေးဂျယ်တွေ လိုအပ်တာတွေ ရှိပါတယ်။ ကျန်တဲ့ အခက်အခဲတော့မရှိပါဘူး၊ တရားရုံးတွေကိုလည်း လုံခြုံရေးဆောင်ရွက်ပေးတာတွေ နားနေရတဲ့အတွက် လုံခြုံရေးဆောင်ရွက်တာ အဆင်ပြေတယ်”
အပြင် လုံး၀မထွက်ဖို့ ကန့်သတ်ထားတဲ့အချိန်မှာ မဖြစ်မနေထွက်ဖို့ လိုအပ်လာမယ်ဆိုရင် တိုင်းဒေသကြီးအစိုးရ ထုတ်ပေးထားတဲ့ ညအပြင်ထွက်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး ထွက်ရမှာဖြစ်ပါတယ်။
ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဥပဒေနဲ့ အရေးယူနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းက (စ) ဈေးမှာ ဈေးရောင်းချသူတွေ နှာခေါင်းစည်းတပ်ဖို့ အသိပညာပေးရာမှာ သစ်သီးရောင်းချသူ အမျိုးသားတစ်ဦးက လိုက်နာမှုမရှိဘဲ အသိပညာပေးသူတွေကို ဓားနဲ့ခြိမ်းခြောက်ခဲ့တဲ့အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဥပဒေ ပုဒ်မ ၂၆ နဲ့ အရေးယူလိုက် ပါတယ်။
ဒီပုဒ်မဟာဆိုရင် ထောင်ဒဏ် နှစ်နှစ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ခုလုံး ချမှတ်နိုင် ပါတယ်။
နေပြည်တော်၊ စစ်ကိုင်းနဲ့ ရန်ကုန် စတဲ့ တစ်ခြား ပြည်နယ်၊ တိုင်းဒေသတွေမှာလည်း အလားတူ ညမထွက်ရ တားမြစ်မိန့် ထုတ်ပြန်ထားပြီး ရပ်ကွက် လမ်းတိုင်းလိုလိုမှာ လုံခြုံရေးတွေ ချထားပါတယ်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.