Breaking

May 30, 2020

အစိုးရနဲ့ AA တွေ့ဆုံဆွေးနွေးရေး အလားအလာ အားရစရာမရှိ

2020-05-30

 
အကြမ်းဖက်နှိမ်နှင်းရေးအတွက် အစိုးရ တပ်မတော်က AA အဖွဲ့ကို စစ်ဆင်ရေးတွေ ဆက်လုပ်မှာဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုလည်း ဖွင့်ထားပြီး၊ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဘက်က တုံ့ပြန်မှုကတော့ အားရစရာ မရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက  သတင်းထောက်တွေကို ဒီနေ့ ပြောလိုက်ပါတယ်။  AA ပြောခွင့်ရသူ ခိုင်သုခကတော့ အစိုးရနဲ့ တပ်မတော်ဘက်က မျှော်လင့်စရာ ဘာမှမရှိတော့ တာကြောင့် ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားကြဖို့ တုံ့ပြန်လိုက်ပါတယ်။

အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ရခိုင်ပြည်နယ်ကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ ရက္ခိုင့်တပ်တော် AA က ကြေညာချက် ထုတ်ပြန်ထားတဲ့အပေါ် အစိုးရအဖွဲ့ရဲ့ သဘောထားကို RFA က မေးမြန်းရာမှာ လက်နက်ကိုင် နည်းလမ်းနဲ့ ရည်မှန်းချက် မအောင်မြင်နိုင်ဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြန်လည်ဖြေကြားလိုက်ပါတယ်။

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်ထားဆဲဖြစ်ပြီး AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေဘက်က တုံ့ပြန်မှုကတော့ အားရစရာ မရှိဘူးလို့  ဦးဇော်ဌေးက ပြောပါတယ်။

"ကျတော်တို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတယ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ကတော့ အစိုးရအနေနဲ့ သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေး အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေး ဒါတွေကိုတော့ တပ်မတော်က ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ် သို့သော်လည်းပဲ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုတော့ ပိတ်မထားဘူး သူနဲ့အတူ ပါရှိနေတဲ့ ကျန်တဲ့အဖွဲ့တွေကိုလည်း ကျတော်တို့ မကြာသေးခင်ကပဲ ထပ်ပြီးမေးတယ် ကြားထဲက peace creation group ကနေ တဆင့် ထပ်မေးတယ် ။ ဒီတွေ့ဆုံဆွေးနွေးရေးကို လိုလိုလားလားရှိရဲ့လား တွေ့ဆုံဆွေးနွေးဖို့ကိုရော ဆန္ဒရှိရဲ့လား မေးပါတယ် မေးတော့ လတ်တလောမှာတော့ တုံ့ပြန်မှုက အားရစရာအခြေအနေမရှိပါဘူး "

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေး ဆွေးနွေဖို့ မကြာသေးခင်ကပဲ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှုက အားရစရာ မရှိဘူးလို့ ပြောသွားတာပါ။

မေလ ၂၉ ရက်နေ့ ရက်စွဲနဲ့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရဲတပ်ဖွဲ့နဲ့  နယ်ခြားစောင့်တပ်တွေဟာ တပ်မတော် လက်အောက်ခံ အဖွဲ့တွေ ဖြစ်ပြီး တပ်မတော်ရဲ့ စစ်ဆင်ရေးကို အထောက်အကူ ပြုနေတာ၊ ရခိုင်ပြည်သူတွေအပေါ်  ဥပဒေကြောင်းအရ အကာအကွယ် မပေးနိုင်တာတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ အစိုးရနဲ့ တပ်မတော်ဘက်က ဘာမှ မျှော်လင့်စရာမရှိတော့ပဲ ရန်ငါစည်း ပြတ်သွားပြီဖြစ်လို့ ရခိုင်ပြည်နယ်ကနေ အစိုးရ ယန္တရားအားလုံး ထွက်ခွာသွားဖို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဘယ်သူကမှ ဆက်သွယ်လာတာ မရှိဘူးလို့လည်း ခိုင်သုခက ပြောပါတယ်။

AA အဖွဲ့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လမ်းကြောင်းကို အမြဲဖွင့်ထားပေမယ့် အစိုးရနဲ့ တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ရိုးသားမူမရှိလို့ နောက်ဆက်တွဲ စစ်ရေး ပဋိပက္ခတွေ ဆက်ဖြစ်နေတာလို့လည်း ပြန်လှန် စွပ်စွဲလိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေသလို မေလ ၂၉ ရက်နေ့ မနေ့က မနက်အစောပိုင်းက ရခိုင်ပြည်နယ် သဇင်မြိုင် နယ်ခြားစောင့်စခန်းကို AA အဖွဲ့က ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်အုပ်စု သဇင်မြိုင်ကျေးရွာမှာ အခြေပြုထားတဲ့ နယ်ခြားစောင့် ရဲစခန်းကို AA က ဝင်ရောက်တိုက်ခဲ့တာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီစခန်းမှာ ရဲအင်အား အနည်းငယ်သာရှိပြီး ကျဆုံးသူတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူ အရေအတွက်ကိုတော့ စီစစ်နေဆဲဖြစ်ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့နောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းနေကြောင်း ပြောထားပါတယ်။

အဲဒီ သဇင်မြိုင် နယ်ခြားစောင့်ရဲစခန်းကနေ AA ဖမ်းဆီးသွားသူတွေထဲက အမျိုးသမီး နှစ်ဦးနဲ့ ကလေးတစ်ဦးကို မေလ ၃၀ ရက်နေ့ ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

တဆက်တည်းမှာပဲ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် မြောက်ဦး လက္ကာကျေးရွာ မီးရှိုးခံရတဲ့  ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အထောက်အထားတွေအရ ဒီကိစ္စကို AA အဖွဲ့က လုပ်တာလို့ ဦးဇော်ဌေးက ပြောပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီကိစ္စကို တပ်မတော်ဘက်က လုပ်တာလို့ လက္ကာကျေးရွာဒေသခံတွေက ပြောပြီးသားဖြစ်ကြောင်းနဲ့ ဒေသခံတွေ ပြောတာကို မယုံဘဲ တပ်မတော်ဘက်က ပြောသမျှကိုသာ အစိုးရက လက်ခံနေကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ စစ်ရေးပြင်းထန်နေဆဲ ဖြစ်သလို အရပ်သားထိခိုက်မှုကလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၂၀ မေလ ၂၈ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၅၅ ဦးရှိနေပါတယ်။

နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဇူလိုင်လမှာ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အဆိုပြုထားပြီး ဒီတကြိမ်မှာ တက်ရောက်မယ့် ကိုယ်စားလှယ်ဦးရေကို အများအပြားလျှော့ချပြီး ကျင်းပသွားမယ်လို့ ဦးဇော်ဌေးက ပြောကြားသွားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.