Breaking

May 25, 2020

စစ်တွေ မွတ်စလင်ရပ်ကွက်က ကျူးကျော်တွေ ဖယ်ရှားဖို့ အမိန့် ပြန်လည်ရုပ်သိမ်း


RFA Burmese
tSSepon
 
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရိုဟင်ဂျာတွေနေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက် မီးလောင်ပြင်နေရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို သုံးလအတွင်းဖယ်ရှားဖို့ မြို့နယ် အုပ်ချုပ်ရေးမှူး ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဒီကနေ့ သိရပါတယ်။
 
ကျူးကျော်အိမ်ပေါင်း ၁၂၅၅ လုံး ဖယ်ရှားဖို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက မေလ ၁၄ ရက်နေ့က အမိန့်ထုတ်ခဲ့ပြီး အဲဒီအမိန့်ကို ပယ်ဖျက်ကြောင်း ၁၉ ရက်နေ့ နေ့စွဲနဲ့ စာထုတ်ခဲ့တာပါ။
ပယ်ဖျက်ရတဲ့ အကြောင်းရင်းသိနိုင်ဖို့ အုပ်ချုပ်ရေးမှူးနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စက်ရုံစုရပ်ကွက် ကျူးကျော်ဖယ်ရှားရေး အမိန့်အကြောင်းကို RFA က မေလ ၁၈ ရက်နေ့က သတင်းထုတ်လွှင့်ခဲ့ပြီး နောက်တစ်နေ့မှာ အဲဒီအမိန့်ကို ပြန်လည် ပယ်ဖျက်လိုက်တာပါ။
စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်ကတော့ ဒီနေ့ မနက်က စစ်တွေမြို့မှာ လုပ်ကြံ သတ်ဖြတ်ခံရလို့ သေဆုံးသွားပါတယ်။
ဒီနေ့ မနက် ၈ နာရီလောက်က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုန်း နှာခေါင်းစည်းတပ်ထားသူ နှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားနဲ့ မသေမချင်း ထိုးသွားတာလို့ မိသားစုက ပြောပါတယ်။
ဦးသိန်းလှိုင် လုပ်ကြံခံရတာဟာ ကျူးကျော်တွေကိုဖယ်ပေးဖို့ အမိန့်ကို ရပ်ကွက်အတွင်းမှာ ကြော်ငြာခဲ့လို့လား၊ ပုဂ္ဂိုလ်ရေးပြဿနာကြောင့်လား ဆိုတာကို တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခအတွင်း နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး မွတ်စလင် တစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းအသီးသီးမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.