Breaking

June 3, 2020

ကျောင်းသင်ရိုးမှာနှစ်နိုင်ငံ သမိုင်းတည်းဖြတ်ခွင့် ပညာရေး သဘောတူမှု အစ္စရေး-မြန်မာ ချုပ်ဆို

အစ္စရေးနဲ့မြန်မာတို့ကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တရပ်ကို တနင်္လာနေ့က လက်မှတ်ရေးထိုး ခဲ့ကြပါတယ်၊၊ အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း အစ္စရေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tzipi Hotovely က သူ့တွစ်တာမှာ ကြေညာခဲ့သလို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်း နဲ့ လက်မှတ်ရေးထိုးတဲ့ ပုံကိုပါ တွစ်တာမှာ တင်ခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ holocaust လို့ခေါ်တဲ့ ဂျူးလူမျိုးတွေကို နာဇီတွေ အဆိပ်ဓါတ်ငွေ့ပေး သတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ မတူကွဲပြားမှုကို လက်မခံတဲ့ကိစ္စ၊ လူမျိုးရေးခွဲခြားတဲ့ကိစ္စ၊ ဂျူးဆန့်ကျင်ရေးနဲ့ နိုင်ငံခြားသားကြောက်ရွံ့စိတ်တို့ဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ကျောင်းသင်ခန်းစာမှာ ထည့်သွင်းသွားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံ Haaretz သတင်းဌာနက ဖော်ပြပါတယ်၊၊
ဒါ့အပြင် မြန်မာပညာရေးဆိုင်ရာ လေ့လာရေးအစီအစဉ်တွေကို အစ္စရေးက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး Hebrew ဘာသာစကားနဲ့ မြန်မာဘာသာစကား သင်ကြားရေးအတွက်လည်း အပြန်အလှန် လုပ်ဆောင်ကြမယ်လို့ဆိုပါတယ်၊၊ ဒီသဘောတူညီချက် အကောင်အထည် ဖော်ရေးအတွက် နှစ်နိုင်ငံပူးတွဲ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ၃ နှစ်တကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က လက်နက်ရောင်းချမှု အပါအ၀င် ဒဏ်ခတ်ပိတ်ပင်ထားချိန်မှာ အစ္စရေးနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ စစ်ရေးအပါအ၀င် ခေတ်မှီလက်နက်တွေ ရောင်းချတာတွေနဲ့ ဆက်ဆံမှုတွေတိုးပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ စက်တင်ဘာလထဲမှာတော့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုမလုပ်ဖို့ အစ္စရေး အထက်တရားရုံးက တားမြစ်ခဲ့တာပါ။ ဒါပေမယ့် အစ္စရေး မြန်မာသံတမန်ဆက်ဆံရေးကတော့ ခိုင်ခိုင်မာမာရှိနေ တာပါ။
ဒီသီတင်းပတ်အတွင်း အစ္စရေးမှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က သိပ္ပံနဲ့နည်းပညာ ဝန်ကြီးတွေ တက်ရောက်တဲ့ သိပ္ပံမူဝါဒဆိုင်ရာ အစည်းအဝေးကိုလည်း မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခဲ့တာပါ။ မကြာသေးခင်က ဂျေရူစလင်မှာ အမေရိကန် သံရုံးသစ်ဖွင့်ပွဲ ကိုလည်း မြန်မာသံရုံးက ကိုယ်စားလှယ် တက်ရောက်ခဲ့တယ်လို့ အစ္စရေး နိုင်ငံထုတ် Haaretz သတင်းစာမှာ ဖေါ်ပြထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.