Breaking

January 12, 2021

လွှတ်တော်သစ်မစခင် နောက်ဆုံးအကြိမ် လွှတ်တော်ခေါ်ဖို့ တပ်မတော်သားတွေ တောင်းဆို


စောဖိုးခွား
2021-01-11

လွှတ်တော်သစ်မစခင် နောက်ဆုံးအကြိမ် လွှတ်တော်ခေါ်ဖို့ တပ်မတော်သားတွေ တောင်းဆို  
၂ဝ၂ဝ ပြည့်နှစ် မတ်လ ၄ ရက်နေ့က လွှတ်တော်အစည်းအဝေးတက်ရောက်လာသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ။
Photo: AFP

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်သစ်တွေပါဝင်မယ့် လွှတ်တော်အသစ် ပြန်မစခင် လွှတ်တော်ဟောင်းကို နောက်ဆုံးတစ်ကြိမ် ပြန်ခေါ်ပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိ လွှတ်တော်ထဲမှာ နေရာယူထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အယောက် ၁၆၀၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၃၆ ယောက်၊ ရခိုင်အမျိုးသားပါတီ လေးယောက်၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ တစ်ယောက်နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် နှစ်ယောက် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ယောက် စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော် နာယကဆီကို တောင်းဆိုတင်ပြထားတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတွေအရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကျော်က တောင်းဆိုရင် လွှတ်တော်အစည်းအဝေး ခေါ်ယူပေးရမယ်ဆိုတာကိုလည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့ လွှတ်တော်နောက်ဆုံးအကြိမ် ခေါ်ယူပေးဖို့ တောင်းဆိုတာလို့လည်း ဆိုပါတယ်။

အဲဒီ လွှတ်တော်အစည်းဝေးမှာ ရွေးကောက်ပွဲ မဲမသမာမှုတွေ ဖြေရှင်းပေးဖို့ အရေးကြီးအဆိုတွေ တင်ပြဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်ကလည်း တနင်္ဂနွေနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ ဒီကာလမှာ လွှတ်တော်အစည်းအဝေး ခေါ်ယူဖို့ မရှိတော့ဘဲ လာမယ့်ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ပါဝင်တဲ့ တတိယအကြိမ် လွှတ်တော်အစည်းအဝေးသစ်ကို စတင်မယ်လို့ ကြေညာထားပါတယ်။

 https://www.rfa.org/burmese/news/army-calls-for-parliament-last-session-01112021110728.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.