Breaking

February 7, 2021

အာဏာသိမ်းစစ်အစိုးရကို အရေးယူဖို့ ဥရောပသမဂ္ဂမှာ မဲခွဲမည်

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ဖေဖော်ဝါရီ ၆ ရက် မနေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ဥရောပပါလီမန် အမတ်တွေနဲ့ ဥရောပနိုင်ငံရေး အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

EU ဥရောပပါလီမန်အမတ်တွေနဲ့ သြစတြီးယားနိုင်ငံ လွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လူပေါင်း ၂ဝဝ လောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို အရေးယူ ဖို့ EU ဥရောပသမဂ္ဂမှာ ရှေ့တပတ်ထဲ မဲခွဲကြမယ်လို့ ဥရောပပါလီမန်ဆိုင်ရာ သြစတြီးယား လွှတ်တော်အမတ် Lukas Mandl က ပြောပါတယ်။

“မြန်မာပြည်သူတွေအတွက် ကျနော်တို့ မားမားမတ်မတ် ရပ်တည်နေပါတယ်။ သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ဖို့ သြစတြီးယား ဖယ်ဒရယ်ပါလီမန်မှာ ရှေ့တပတ်ထဲ မဲခွဲတာကိုလည်း တွေ့ရပါလိမ့်မယ်။ အရေးယူဒဏ်ခတ်ဖို့လည်း ဥရောပပါလီမန်မှာ ရှေ့တပတ်ထဲ မဲခွဲမှာပါ။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေက လွှတ် တော်တွေဟာ မြန်မာပြည်သူတွေအတွက် ကြိုးပမ်းနေကြပါတယ်။ မြန်မာပြည်သူတွေကို မေ့လျော့မထားပါဘူး။ ဒါဟာ အင်မတန်မှအရေးလည်း ကြီးပါတယ် ဒါကိုလည်း အခုဗီယမ်နာမြို့ကနေ သတင်းစကား ပါးလိုက်ပါတယ်”

ဥရောပပါလီမန်အမတ် Andreas Schieder ကလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြောပါတယ်။

“ဒီကနေ့ အခုဒီနေရာမှာ ရောက်နေရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အတွက် ကျနော်တို့ တုန်လှုပ်ခဲ့ရလို့ပါ။ ကျနော်တို့အနေနဲ့ နှစ်ပေါင်းများစွာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အစဉ်တစိုက် အားပေးခဲ့တာပါ။ အခုလည်းပဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ဖို့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ တောင်းဆိုပါတယ်။ မြန်မာလူထုနဲ့အတူ ကျနော်တို့ရပ်တည်နေပြီး၊ စစ်တပ်ရဲ့လုပ်ရပ်ကို ဆန့်ကျင်ပါတယ်”

သြစတြီးယားနိုင်ငံရဲ့ Liberal ပါတီ လွှတ်တော်အမတ် Helmut Brandstätter ကလည်း…

“မြန်မာနိုင်ငံက အခြေအနေတွေအပေါ် ကျနော်တို့ စိုးရိမ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ လွတ် လပ်ခွင့်ရှိသလို၊ ရွေးကောက်ပွဲမှာ သမ္မတတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ မဲပေးရွေးချယ် ခွင့်လည်း ရှိရမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာပြည်သူတွေနဲ့လည်း တသားတည်း ရှိနေပါတယ်”

အလားတူ Green နိုင်ငံရေးပါတီ လွှတ်တော်အမတ် Niki Kunrath ကလည်း ဒီဆန္ဒပြပွဲမှာ သူ ပူးပေါင်းပါဝင်ရတဲ့ အကြောင်းကို ပြောပါတယ်။

“လက်ရှိအခြေအနေအပေါ် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာလူထုနဲ့လည်း ကျနော်တို့ တသားတည်း ရှိနေပါတယ်”

ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုတွေကြားမှာ ပြုလုပ်ခဲ့ရတဲ့ ဒီဆန္ဒပြပွဲကို ဦးဆောင်သူ ကိုကျော်စိုးဝင်းကတော့ မြန်မာပြည်သူတွေ စိတ်ဓာတ်မကျဖို့ တိုက်တွန်းခဲ့ပါတယ်။

“ပြည်ပမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း အနည်းဆုံး မြန်မာပြည်သူ ပြည်သားတွေလောက် ခံစားရပါတယ်။ ကျနော်သိသလောက် ဒီမှာရောက်နေပြီးတော့ ငိုတဲ့သူတွေ အများကြီးရှိပါတယ်။ မအိပ်နိုင်၊ မစားနိုင်၊ အလုပ်မလုပ်နိုင်တဲ့ မြန်မာပြည်သူတွေ အများကြီး ရှိပါတယ်။ မြန်မာပြည်အတွက် စိတ်ပူပြီး မြန်မာ သတင်းတွေကို အနည်းဆုံး ၁၄ နာရီ၊ ၁၅ နာရီ ကြည့်ကြပါတယ်။ အဲ့ဒါကြောင့် မြန်မာပြည်ကလူတွေ ဇွဲမလျှော့ ပါနဲ့ ကျနော်တို့လည်း ဒီကနေ တတ်နိုင်သလောက် လုပ်ပါမယ်။ ကျနော်တို့ နောက်ဆုံး တိုက်ပွဲ အောင်မြင်သည်အထိ လုပ်ပါမယ်”

ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကိုဒေးဗစ်နေမင်း ကလည်း လုံခြုံရေးစစ်သားတွေအနေနဲ့ ဆန္ဒပြပြည်သူတွေကို မပစ်ခတ်ဖို့ မေတ္တာရပ်ခဲ့ပါတယ်။

“ပြည်သူ့ရဲ့ဘက်တော်သားမှန်ရင် တောင်းဆိုနေတဲ့ ပြည်သူတွေရဲ့စကားကို လေးလေးနက်နက် ထားဖို့ ကျနော် ပြောချင်ပါတယ်။ ပြည်သူ့တပ်မတော်သားမှန်ရဲ့ ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောပါလို့ ကျနော် ပြောချင်ပါတယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ‌‌ခြောက်ရက်မြောက်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက ပြည်နယ် အတော်များများနဲ့ နိုင်ငံတကာမှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

 https://www.rfa.org/burmese/news/eu-action-coup-02062021200409.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.