Breaking

March 1, 2021

သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ တချို့ထိခိုက်သေဆုံး

နန္ဒာချမ်း (ဝါရှင်တန် ဒီစီ)
2021-02-28

မြန်မာ့နွေဦးမှသည် အာရှနွေဦးဆိုတဲ့ ၆ နိုင်ငံမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီကနေ့ ဆင်နွှဲခဲ့ ကြတာပါ။ Milk Tea Alliance လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုကို မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ်မှာ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီပြည်လုံးကျွတ်ဆန္ဒပြပွဲကို အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီမနက်မှာ သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ အသံမိုင်းတွေ၊ လေးခွတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်အသီးသီးကနေ ထွက်လာမယ့် ဆန္ဒပြသူတွေကို မနက် ၈ နာရီကစပြီး မြို့နယ်တွေ ထိပ်မှာပိတ် ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

သာကေတ၊ တာမွေ ၊ကျောက်မြောင်း၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ကမာရွတ်၊ လှည်းတန်း ၊ မြေနီကုန်း၊ စမ်းချောင်း၊ တောင်ဥက္ကလာ စတဲ့မြို့နယ်တွေက ထွက်လာမယ့် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေအနေနဲ့ စုရပ်ကို မသွားနိုင်အောင် မြို့နယ်တွေအတွင်းမှာတင် ပစ်ခတ်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ရန်ကုန်တစ်မြို့လုံးကို စစ်မြေပြင်လို ပစ်ခတ်တာတွေ တောက်လျှောက်လုပ်နေပြီး ကနဦး သတင်းတွေအရ ပစ်ခတ်မှုတွေကြောင့် သင်္ဃန်းကျွန်းဆန္ဒပြပွဲမှာ အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထွန်းအောင်သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းဆရာမတစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ ဆန္ဒပြသူတွေ အများအပြားရှိနေတဲ့ လှည်းတန်းမှာလည်း ရဲတပ်ဖွဲ့က တစ်နေကုန်နီးပါး သေနတ်အချက် ပေါင်းများစွာ ပစ်ခတ် ဖြိုခွင်းခဲ့ရာမှာ အနည်းဆုံး နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲမှာ ထပ်မံသေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။

ရဲတပ်ဖွဲ့ဝင်တွေဟာ ကျည်အစစ်ကို သုံးပြီးတော့ ပစ်ခတ်နေတာလို့ ဆန္ဒပြပွဲမှာပါဝင် သူတွေက ပြောပါတယ်။ ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြနေသူတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

လူစုခွဲ ဖမ်းဆီးရာမှာ ထွက်ပြေးကြသူတွေကို နေအိမ်ခြံဝန်းတွေထဲထိလိုက်ပြီး ရိုက်နှက် ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။

မျက်ရည်ယိုဗုံးတွေကို အလွန်အကျွံ ပစ်ခတ်တာတွေရှိနေပြီး မီးခိုးလုံးတွေကြောင့် တိုက်ခန်းတွေပေါ်မှာ နေထိုင်သူတွေဟာ အိမ်ပေါ်ကနေ ရေဖြန်းတာတွေ လုပ်နေကြရပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့က ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်မှာ အရံအတားတွေ ချထားပြီး ရဲတပ်ဖွဲ့ဝင်တွေ တက်လာရင် ဆုတ်သွားတဲ့ ပုံစံနဲ့ ပစ်ခတ်မှုတွေကြားမှာ လူစုမခွဲပဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်ဖြိုခွင်းနေပေမယ့် ဆန္ဒပြသူတွေက ရန်ကုန်မြို့တော်ခန်းမအနီးထိ ရောက်ရှိလာခဲ့ပါတယ်။

ပဲခူးမြို့မှာလည်း ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ ကျည်အစစ်တွေ၊ ရာဘာကျည်တွေနဲ့ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက် ဖြိုခွဲတာကြောင့် ဆန္ဒပြသူ သုံးဦး သေဆုံးပြီး ၁၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အပြင် တခြား ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိကြောင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်တွေက ပြင်ပနေရာတွေမှာ ကုသပေးနေပါတယ်။

မန္တလေးမြို့ ၆၂ လမ်းမှာလည်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ ၁ဝ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

တစ်ဦးကတော့ ဦးခေါင်းထိမှန်ခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး သေဆုံးသွားပြီလို့ သတင်းထွက် နေပေမယ့် နေ့လည် ၃ နာရီအထိ အတည်ပြုလို့ မရသေးပါဘူး။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးတာကြောင့် သေဆုံးသူ တချို့ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူ တစ်ဦးဖြစ်တဲ့ ကိုနော်ငိုဟာ ဆိုရင်လည်း ကျည်အစစ်နဲ့ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကနေ ကျောကိုဖောက်ထွက်သွားခဲ့ပြီး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက် အင်အားသုံးပြီး သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းတာလို့ ဆန္ဒပြသူတစ်ဦးကလည်း ပြောပါတယ်။

ကနဦး သတင်းတွေအရ ထိခိုက်ဒဏ်ရာရရှိသူ ၃ဝ ကျော် ဆေးရုံရောက်နေပြီး ဖမ်းဆီးခံရသူ ၃ဝ ထက်မနည်း ရှိပါတယ်။

မြိတ်မြို့မှာလဲ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ နေအိမ်တွေအထိ သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ် တာတွေရှိခဲ့ပါတယ်။

မြိတ်မြို့မှာတော့ ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်း ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး အဖမ်းဆီး ခံရသူ ရာနဲ့ချီရှိနေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေကို မနေ့ညထဲက မြိတ်မြို့မှာ လိုက်လံ ဖမ်းဆီးနေတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ မရှိတဲ့ နေရာကိုရှောင်ပြီး ဆက်လက်ဆန္ဒပြနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသတွေဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ လားရှိုး၊ ပုသိမ်၊ မော်လမြိုင်၊ စတဲ့နေရာတွေမှာလဲ နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖြိုခွဲနေပြီး ဖမ်းဆီးခံရသူ ဒဏ်ရာရရှိသူတွေ ရှိနေပါတယ်။

အနယ်နယ်အရပ်ရပ်မှာ ဆန္ဒပြသူတွေ ဖမ်းဆီးခံနေရသလို ဒဏ်ရာရသူ သေဆုံးသူတွေ ရှိနေပါတယ်။

အရေအတွက်ကိုတော့ RFA က အတိအကျ အတည်မပြုနိုင်သေးပါဘူး။

HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကြီးကတော့ လူအသေအပျောက်ရှိတဲ့အထိ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး ဖြိုခွင်းနေတဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ် လူစုခွဲတာမျိုး မလုပ်သင့်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ထိခိုက်သေဆုံးမှုတွေ အတွက်လည်း သီးခြား လွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

မကွေးမြို့မှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီ ဆန္ဒပြသူတွေထဲက ၅၀ ကျော်ကိုလည်း ဖမ်းဆီးသွားပါတယ်။

အရပ်ဝတ်နဲ့ လုံခြုံရေးအဖွဲ့တွေက လမ်းကြားတွေထဲထိ ဝင်ရောက်ဖမ်းဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေး ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့ ညှိနှိုင်းနေပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာလည်း ဒီနေ့မနက်က ဆန္ဒပြသူတွေကို အသံဗုံးသုံး လူစုခွဲခံရပြီး ရှစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သတင်းထောက်တွေလည်းပါဝင်ပြီး ပုသိမ်မြို့က သံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ ရန်ကုန်မြေနီကုန်းမှာ အလွတ်တန်း သတင်းထောက် မရှင်မိုးမြင့်၊ မြစ်ကြီးနားက 74 Media သတင်းထောက် မောင်ပေါင်လန်း၊ ခွန်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်နေမင်းတို့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

မနေ့ကလည်း သတင်းသမား ငါးဦး ဖမ်းဆီးခံထားရပြီး ဖမ်းဆီးထားသူတွေကို အခုချိန်ထိ ပြန်မလွှတ်ပေး သေးပါဘူး။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနေ့က တစ်ရက်တည်းမှာတင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒီလို အရေးယူနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက လျော့မသွားဘဲ ပိုမိုကျယ်ပြန့် လာတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းတပ်ဖွဲ့ ယာယီရဲမှူး တင်မင်းထွန်းလည်း အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဒီနေ့ စတင်ပါဝင်လာပါတယ်။

လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ဟာ ကျဆင်းနေကြောင်းနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုမှာ ရဲတပ်ဖွဲ့ဟာ အထိုးကျွေးခံထားရကြောင်းလည်း ယာယီရဲမှူး တင်မင်းထွန်းက ပြောပါတယ်။

ကုလသမဂ္ဂကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ အရေးယူတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောဆို ထားပါတယ်။

 https://www.rfa.org/burmese/news/military-killed-protesters-in-myanmar-02282021002633.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.