Breaking

March 4, 2021

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂကိုယ်စားလှယ်တိုက်တွန်း

2021-03-03

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ဟာ သွေးထွက်သံယို အများဆုံးဖြစ်တဲ့နေ့လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ (Christine Burgener) က ပြောလိုက်ပါတယ်။

“ဒီနေ့ တရက်တည်းမှာတင် ၃၈ ဦး သေဆုံးခဲ့တာကြောင့် ဒီကနေ့ဟာ သွေးအစွန်းထင်းဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုဆိုရင် သေဆုံးသူ ၅ဝ ကျော်ရှိသွားပါပြီ။ တော်တော်များများလည်း ဒဏ်ရာရရှိထားပါတယ်” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အွန်လိုင်းကနေ ပြောဆိုခဲ့တာပါ။

မတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် တနိုင်ငံလုံးမှာ သေဆုံးသူ အနည်းဆုံး ၂၆ ဦး ရှိခဲ့တယ်လို့ RFA က ကနဦး အတည်ပြုချက် ရရှိထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းကို ကူညီဖြေရှင်းခွင့်ပေးဖို့ အာဆီယံဒေသတွင်းနိုင်ငံတွေက တောင်းဆိုခဲ့ပြီးနောက်တနေ့မှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အခုလို ပစ်ခတ်ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်။

“လူပေါင်း ၁၂ဝဝ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဘယ်မှာထိန်းသိမ်းထားသလဲဆိုတာကို သူတို့ရဲ့မိသားစုဝင်တွေ မသိကြပါဘူး။ သူတို့နေထိုင်ကောင်းရဲ့လား၊ မကောင်းဘူးလားဆိုတာလည်း သူတို့ရဲ့ မိသားစုဝင်တွေ မသိကြပါဘူး။ ဒီအခြေအနေကြီးကို ကျမတို့တွေ ဘယ်လောက်ကြာကြာ ကြည့်နေနိုင်မလဲ” - လို့ မစ် ဘာဂနာက မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ နေ့စဉ် စာအစောင် ၂ ထောင်လောက် သူ ရရှိနေပြီး နိုင်ငံတကာရဲ့အကူအညီနဲ့ အရေးယူမှုတွေကို အတော်လေးမျှော်လင့်နေကြတယ်လို့လည်း မစ်ဘာဂနာက ဆိုပါတယ်။ လက်နက်မဲ့ အရပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ရိုက်နှက်နေတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်နေတဲ့ သက်သေမှတ်တမ်းတွေကိုလည်း မြင်တွေ့ထားရတယ်လို့လည်း ပြောပါတယ်။

ဒီပြဿနာတွေကို လာမယ့် သောကြာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲမှာ မှန်ကန်တဲ့ အရေးယူ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုတယ်လို့လည်း မစ်ဘာဂနာက ပြောခဲ့ပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီမှာ မြန်မာစစ်တပ်အပေါ် တရုတ်နဲ့ ရုရှားရဲ့ ကာကွယ်ပေးနိုင်ခြေနဲ့ ပတ်သက်လို့လည်း - ဒါဟာ ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘဲ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးပြဿနာဖြစ်လာပြီလို့လည်း သူက ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနသတင်းစာရှင်းလင်းပွဲမှာလည်း - မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံအားလုံးကနေ တညီတညွတ်တည်း ရှုတ်ချကြဖို့ တောင်းဆိုခဲ့ပါတယ်။

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.