နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
မြန်မာပြည်သူတွေရဲ့ အာဏာရှင်ဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ဖို့ အတွက် နော်ဝေနိုင်ငံက ပါမောက္ခ ခြောက်ဦးက မတ်လ ၂၂ ရက်နေ့မှာ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီကို အဆိုပြုလွှာ တင်လိုက်ပါတယ်။
CDM လှုပ်ရှားမှုဟာ မြန်မာအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးသလို၊ မြန်မာပြည်သူတွေ ဒီမိုကရေစီပန်းတိုင် ရောက်ဖို့ အတွက် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှု အလွန် အရေးကြီး တယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုတဲ့ပုဂ္ဂိုလ်တွေထဲက အော်စလို တက္ကသိုလ်က ပါမောက္ခ Kristian Stokke က ပြောပါတယ်။
ပါမောက္ခ Kristian Stokke ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
--------
မေး
- ဟုတ်ကဲ့ ဆရာရေ။ ဆရာနဲ့ ဆရာ့မိတ်ဆွေတွေက မြန်မာပြည်သူတွေရဲ့
အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုကြီးကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု
ချီးမြှင့်ပေးဖို့ ဆုရွေးချယ်ရေးကော်မတီကို အဆိုပြုလွှာ တင်လိုက်တဲ့စာ
ကျနော်တို့ဖတ်ရပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ဆရာတို့ ဘယ်လိုစိတ်ကူးစိတ်သန်း
ရလာသလဲ၊ ရည်ရွယ်ချက်က ဘယ်လိုလဲခင်ဗျ။
ဖြေ - ဒီစိတ်ကူးကို လွယ်လွယ်နဲ့ရတာတော့ မဟုတ်ပါဘူး။ ကျနော်က ကမ္ဘာပေါ်က ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ထင်ရှားတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ လုပ်ခဲ့သလို မြန်မာပြည် အတွက်ကိုလည်း လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက စလို့တော့ အချက်နှစ်ချက် တွေ့ရပါတယ်။ အဲဒါကတော့ အတော့်ကို တုန်လှုပ် ခြောက်ခြားစရာတွေ ဖြစ်ရပ်တွေ မြင်တွေ့ရရုံတင် မဟုတ်ပါဘူး။ စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်မယ့် ဒီမိုကရေစီဖော်ဆောင် နိုင်အောင်ဆိုတဲ့ စိတ်ကူးစိတ်သန်း၊ မျှော်လင့်ချက်တွေနဲ့ လူထုကြီးရဲ့ လှုပ်ရှားမှုကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် CDM လို့ခေါ်တဲ့ ပြည်သူတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အကြမ်းမဖက် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်တဲ့လုပ်ရပ် ဖြစ်ပြီး၊ ဒါဟာ ငြိမ်းချမ်းရေး နိုဘယ်ဆု နဲ့ထိုက်တန်နေတာပါပဲ။ ဒီ CDM လှုပ်ရှားမှုဟာ အနာဂတ်မြန်မာ့နိုင်ငံ ရေးမှာ အရေးကြီးသလို၊ ပုံစံသစ်တခုလည်း ဖြစ်နေပါတယ်။ ဒီလုပ်ရပ်က ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး အတွက် ကြိုးစားနေတဲ့ တခြားနိုင်ငံတွေအတွက်လည်း စံနမူနာယူစရာ ဖြစ်နေပါတယ်လို့ ကျနော် ထင်ပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီဆိုတာကလဲ အာဏာရှင်တွေအတွက် ဖိအား ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာပြည် က CDM လှုပ်ရှားမှုဟာ မြန်မာပြည်အတွက်တင်မကဘဲ နိုင်ငံတကာအတွက် အရေးကြီးတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် CDM လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်နေပါတယ်။
မေး - ဆရာတို့က အခုလို ကြိုးစားပေးတာကို မြန်မာပြည်သူတွေ သိရတဲ့အခါ ဝမ်းသာကြမှာပါ။ ဒါပေမဲ့ တဘက်မှာတော့ မြန်မာပြည်သူတွေက သူတို့မှာ လက်နက်မရှိဘဲ၊ လက်နက် ရှိနေတဲ့သူတွေက ဖိနှိပ်နေတယ်၊ ဒါကြောင့် R2P ဆိုတဲ့ နိုင်ငံပေါင်းစုံတပ်နဲ့ ကုလသမဂ္ဂက ကြားဝင်ကာကွယ်ပေးတာတို့၊ နိုင်ငံတကာက စစ်ရေး အကူအညီ ပေးပါဆိုပြီး တောင်းဆိုနေတာတွေ ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီလို တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေကို ဘယ်လို အားပေးစကား ပြောချင်ပါလဲခင်ဗျ။
ဖြေ - ဟုတ်ပါတယ်။ မြန်မာပြည်သူတွေက နိုင်ငံတကာကနေ သာမန် ထောက်ခံရုံတင်မဟုတ်ပဲ စစ်ရေး အကူအညီတွေ မျှော်လင့်နေတယ်ဆိုတာ တွေ့ရပါတယ်။ တချို့မျှော်လင့်ချက်တွေက တကယ့်လက်တွေ့နဲ့ ဝေးနေသလို၊ တချို့ မျှော်လင့်ချက်တွေကလည်း ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံတကာကလည်း စစ်တပ်က အာဏာသိမ်းတာကိုရော အကြမ်းဖက်တာကိုပါ ပြစ်တင် ရှုတ်ချနေပါတယ်။ ပြီးတော့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကိုလည်း ထောက်ခံနေပါတယ်။ ဒါပေမဲ့ ဒီလို ထောက်ခံမှုလောက် ကို မြန်မာပြည်သူတွေ အားမရသလို နိုင်ငံတကာကလည်း အခုထက်ပိုတဲ့ အကူအညီတွေ ပေးနိုင်တာ ရှိပါတယ်။ သူတို့အနေနဲ့ ဖေဖော်ဝါရီ လဆန်းကတည်းက စခဲ့တဲ့ လူထုလှုပ်ရှားမှုကို အသိအမှတ်နိုင်တယ်၊ လူထုရဲ့ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုကို အားပေးနိုင်တယ်၊ မြန်မာလူထုရဲ့သတ္တိကို ချီးကျူးဂုဏ်ပြုနိုင်တယ်။ အခုလို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးဖို့ အဆိုပြုလွှာ တင်တယ်ဆိုတာ ကလည်း မြန်မာပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်တယ် ဆိုတာကို ပြသတဲ့ နိုင်ငံတကာရဲ့လှုပ်ရှားမှု အသေးလေးပါပဲ။ ဒါပေမဲ့ ဒီလို ဆောင်ရွက်ပေးတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သတိထားမိပြီး ပူးပေါင်း ပါဝင်လာဖို့လည်း မျှော်လင့် ထားပါတယ်။
မေး - ကျနော်တို့သတိထားမိသလောက်ဆိုရင် နော်ဝေပြည်သူတွေနဲ့ နော်ဝေအစိုးရဟာ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုအတွက် တော်တော်ကူညီခဲ့တာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာတော့လည်း မြန်မာပြည်ငြိမ်းချမ်းရေးတို့ ဖွံ့ဖြိုးရေးတို့အတွက် ကူညီတာတွေ တွေ့ရသလို၊ နော်ဝေက မိုဘိုင်းလ်တယ်လီဖုန်း ဝန်ဆောင်မှုကုမ္ပဏီကြီး ဖြစ်တဲ့ တယ်လီနောကလည်း မြန်မာပြည်မှာ ဝင်ပြီးလုပ်ကိုင်နေတာ ရှိပါတယ်။ အခုအခြေအနေမျိုးမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ ဆရာတို့အနေနဲ့ တိုက်တွန်းလို့ ရနိုင်မလားခင်ဗျ။
ဖြေ - ဒါက သိပ်ကောင်းတဲ့မေးခွန်း ဖြစ်သလို၊ ကျနော့်အတွက် ဖြေဖို့လည်း ခက်ပါတယ်။ ပထမဆုံး ကျနော် ပြောချင်တာက အခု ကျနော် ပြောနေတာဟာ နော်ဝေပြည်သူတွေကိုယ်စား မဟုတ်သလို နော်ဝေအစိုးရ ကိုယ်စား ပြောတာလည်း မဟုတ်ပါဘူး။ ကျနော်နဲ့ ကျနော့်မိတ်ဆွေ၊ ကျနော်ကူညီနေတဲ့ အဖွဲ့တွေ ကိုယ်စားပဲ ပြောနိုင်တာပါ။ သူတို့ မြန်မာပြည်မှာ ပူးပေါင်းဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လဲ နော်ဝေအစိုးရက ကျနော်ပြောတာကို နားထောင်ဖို့လိုမယ်လို့ သူတို့ တွေးမှာ မဟုတ်ပါဘူး။ မြန်မာနဲ့ နော်ဝေ ဆက်ဆံ နေတာဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်ပါပဲလို့ ကျနော်တကယ် ထင်ပါတယ်။ ဒီ့အတွက် သူတို့ လေ့လာထားတဲ့ကိစ္စတွေ၊ ရွေးချယ်ထားတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့ ကျနော်နဲ့ သဘောတူ ဖို့လည်း လိုမှာမဟုတ်ပါဘူး။ ၂၀၁၀/၁၁ လောက်က နော်ဝေ အစိုးရရော အနောက်နိုင်ငံ အစိုးရတွေကပါ မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးကနေ နိုင်ငံရေး လွတ်လပ်ပွင့်လင်းဖို့ ဆိုတဲ့ အကောင်းမြင်ဘက်ကနေ ကြည့်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ချုပ်ပြီးပြောရရင် အဲဒီတုန်းက ဘယ်နည်းပရိယာယ်နဲ့ လုပ်ရပ်က အကောင်းဆုံး အမှန်ဆုံး ဖြစ်ခဲ့တယ်ထင်သလဲ ဆိုတဲ့ မေးခွန်းပါပဲ။ အဲဒီလို နော်ဝေအစိုးရရဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကို အားပေးကူညီမယ့် ဆက်ဆံရေး ထူထောင်မှု အစိတ်အပိုင်း တစ်ခုအနေနဲ့ မိုဘိုင်းကုမ္ပဏီကလည်း ရောက်သွားတာပါ။ တယ်လီနောကုမ္ပဏီဟာ နည်းပညာအရရော ဝန်ဆောင်မှုအရပါ ကောင်းကောင်း ပေးနေပါတယ်လို့ တချို့လူတွေက ပြော ပါတယ်။ ဒါပေမယ့် တဘက်မှာလဲ ဒီအချိန်မှာ တရားဝင် ရွေးချယ်ခံထားရတဲ့ အစိုးရနဲ့ ပြည်သူတွေဘက်ကနေ ဘာကြောင့် သွေးစည်းညီညွတ်မှု မပြတာတာလဲ ဆိုတဲ့ မေးခွန်းတွေ အထုတ်ခံရပါတယ်။ အဲဒီတော့ အခုမေးခွန်းက အရေးကြီးသလို နော်ဝေမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အချေအတင် ဆွေးနွေးတာတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ဘယ်လိုဆက်ပြီး ပံ့ပိုးကူညီမလဲ ဆိုတာပေါ့။
မေး - ဟုတ်ကဲ့ အခုဆိုရင် စစ်တပ်က အာဏာသိမ်းတာ ရက်ပေါင်း ၅၀ ကျော်လာသလို ပြည်သူတွေလည်း သေဆုံးရ၊ ဒဏ်ရာရကြ၊ အဖမ်းခံရနဲ့ တော်တော့်ကို ပင်ပန်းနေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ရောက်အောင် ဘယ်လို ဆောင်ရွက်သင့်လဲဆိုတာ ဆရာ့အနေနဲ့ ဘယ်လို အကြံပြုချင်ပါလဲခင်ဗျ။
ဖြေ - ပထမဆုံးပြောချင်တာကတော့ မြန်မာပြည်သူတွေဟာ တီထွင်ကြံဆ၊ လှုပ်ရှားမှုတွေမှာရော နည်းပရိယာယ်ကြွယ်ဝမှုနဲ့ သတ္တိပြောင်မြောက်မှုမှာပါ ပိုပြီး ထက်မြက်ကြပါတယ်။ သူတို့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ ကျနော့်အနေနဲ့ အကြံပြုနိုင်အောင် ကြိုးစားဖို့ မလွယ်ပါဘူး။ ပြီးခဲ့တဲ့အပတ်တွေက တွေ့ရတဲ့ လူထုလှုပ်ရှားမှုမျိုး ဆက်လုပ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒါအပြင် တကယ့်ကို အရေးအကြီးဆုံးကတော့ မြန်မာပြည်တလွှားက တိုင်းရင်းသားပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံ၊ အသက်အရွယ်၊ကျားမမခွဲခြားဘဲ ပိုပြီး ဒီမိုကရက်ဆန်တဲ့ ငြိမ်းချမ်းတဲ့အသွင် ဆောင်တဲ့ ပုံသဏ္ဍာန်နဲ့ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ညီညွတ်ရေး တည်ဆောက်ဖို့ပါ။ အားလုံး သဘောတူတဲ့ ဘုံသဘောတူညီချက်နဲ့ ပန်းတိုင်ထားပြီး ကြိုးစားဖို့ဆိုတာပဲ အကောင်းဆုံး အကြံပြု ချင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မြန်မာပြည်သူတွေနဲ့အတူ သွေးစည်း ညီညွတ်စွာနဲ့ ရပ်တည်နေပါတယ်။
ဟုတ်ကဲ့ ဆရာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
https://www.rfa.org/burmese/interview/cdm-nobel-peace-prize-03262021202612.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.