Breaking

May 19, 2021

မြန်မာဒုက္ခသည်တွေအတွက် နယ်စပ်တွေဖွင့်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို ကုလတိုက်တွန်း

 ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-05-18

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအတွက် နယ်စပ်တွေကို ဖွင့်ထားပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲ ဖိလစ်ပို ဂရမ်ဒီက မြန်မာနိုင်ငံ ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိ အဖြစ်အပျက်တွေကြောင့် ရှိနှင့်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့အရေးကို မေ့မသွားဖို့လည်း အရေးကြီးတယ်လို့ သူက မနေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မေလ ၁၈ရက်နေ့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဂျနီဗာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုနှစ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် တွေအတွက် အကူအညီအထောက်အပံ့တွေ ပေးဖို့ ပူးတွဲ တုန့်ပြန်ဆောင်ရွက်မှု အစီအစဉ် JRP ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီ JRP ထဲမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အခြား NGO အဖွဲ့အစည်းတွေ ပူးပေါင်းပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၈၀,၀၀၀ နဲ့ ကောက်ဘဇားခရိုင်တွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၇၂,၀၀၀ စုစုပေါင်း လူဦးရေ ၁.၄သန်းကို အကူအညီ အထောက်အပံ့ပေးဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီ JRP အစီအစဉ်အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉၄၃ သန်း ဒါမှမဟုတ် ဒေါ်လာ တစ်ဘီလျံ နီးပါး လိုအပ်မှာ ဖြစ်ပြီး၊ ဒီပမာဏဟာ များပြားတယ်လို့ ထင်ရပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ တစ်ဦးကို တစ်ရက်မှာ နှစ်ဒေါ်လာလောက် နှုန်းသာ ရကြမှာဖြစ်တယ်လို့ UNHCR အကြီးအကဲ ဖီလစ်ပို ဂရန်ဒီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပချိန်အထိ အခုနှစ်အတွက် လိုအပ်ချက်ရဲ့ ၃၆ ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာ သန်း ၃၄၀ ကို အလှူရှင်တွေဆီက ရထားပြီးပြီလို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာမယ့် ဒုက္ခသည်အသစ်တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ရှိနှင့်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လည်း မေ့မထားဖို့ ဖီလစ်ပို ဂရန်ဒီက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပြီးပါပြီ။ ကျွန်တော်တို့ UNHCR အဖွဲ့အနေနဲ့ကတော့ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအတွက် နယ်စပ်တွေကို ဖွင့်ထားပေးဖို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတွေကို တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ ရိုဟင်ဂျ ဒုက္ခသည်တွေ အရေးကို မေ့လျော့မသွားဖို့ အရေးကြီးပါတယ်။”

အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာ နိုင်ငံကနေ ထွက်ပြေး ခိုလှုံနေသူ အရေအတွက် တစ်သောင်းခွဲလောက် ရှိသွားပြီလို့ အိန္ဒိယ တာဝန်ရှိသူ တစ်ဦးက ပြောတဲ့အကြောင်း ရိုက်တာ သတင်းဌာနက မနေ့က သတင်းဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေ အပါအဝင် မြန်မာ နိုင်ငံသား တော်တော်များများဟာ အိန္ဒိယ နိုင်ငံဘက်ကို လာရောက် ခိုလှုံခဲ့ကြပြီး၊ အခုအချိန်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ မြန်မာစစ်တပ်ရဲ့ စစ်ရေး တိက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် အိန္ဒိယဘက်ကို ထွက်ပြေးလာသူ အရေအတွက် တိုးလာလိမ့်မယ်လို့ ယူဆတဲ့အကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

အလားတူပဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားလာတဲ့နောက် ဒေသခံပြည်သူ အနည်းဆုံး ငါးသောင်းလောက် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဒီအထဲက အမြောက်အများဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။

မြန်မာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတဲ့ ကရင်တိုင်းရင်းသားဒုက္ခသည်တွေဟာ ထိုင်းဘက်မှာ ရက်အနည်းငယ်သာ နေထိုင်ပြီး၊ မြန်မာနိုင်ငံဘက်ကို ပြန်လည်သွားရောက်ခဲ့တာကြောင့် ထိုင်း အာဏာပိုင်တွေက အတင်းအကြပ် ပြန်ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှုးက မြန်မာနိုင်ငံဘက်က လာတဲ့ဒုက္ခသည်တွေဟာ သူတို့ရဲ့ ဆန္ဒအလျှောက် ပြန်သွားကြတာ ဖြစ်ကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေဘက်က အတင်းအကြပ် ပြန်ခိုင်းတာမျိုးမရှိကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့ကတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်ခိုင်းမှာ မဟုတ်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ်စတင်း ဘာဂနာနဲ့ တွေ့ဆုံရာမှာ ကတိပေး ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်လာတဲ့ အဖြစ်အပျက်တွေကြောင့် အခြေအနေတွေ ပိုမိုရှုပ်ထွေးလာနေပြီး၊ UNHCR အနေနဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ လုပ်ဆောင်ရတာ ပိုမိုခက်ခဲလာတဲ့ အကြောင်းနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံက အကြပ်အတည်းတွေ ပြေလည်သွားအောင် ဖြေရှင်းဖို့အတွက်ကို အာရုံ စူးစိုက်ပြီး လုပ်ဆောင်ဖို့ လိုတယ်လို့လည်း UNHCR အကြီးအကဲ ဖီလစ်ပို ဂရန်ဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

 https://www.rfa.org/burmese/news/un-us-myanmar-military-coup-05182021202328.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.