Breaking

April 21, 2024

ကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးဖို့ရှိ



U.S. Secretary of State Antony Blinken April 19, 2024. (Photo by Ciro De Luca / POOL / AFP)
U.S. Secretary of State Antony Blinken April 19, 2024. (Photo by Ciro De Luca / POOL / AFP)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံ ခရီးစဥ် အဖြစ် ဧပြီ ၂၄ ရက်ကနေ ၂၆ ရက်အထိ ရှန်ဟိုင်းနဲ့ ဘေဂျင်းမြို့တွေမှာ တရုတ် အကြီးတန်းအရာရှိတွေ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဥ်ထားပါတယ်။ တရုတ် နယ်စပ် အပါအဝင် မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်အားလုံးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ တိုက်ပွဲတွေ ပြင်းထန်နေချိန် ဒေသတွင်းကို အမေရိကန် ထိပ်တန်း သံတမန်တဦးသွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာ့ လက်ရှိ အခြေအနေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ဒီလ အစောပိုင်းက လုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး အပါအဝင် အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန် ပြောဆိုချက်တွေမှာ အကြိမ်ကြိမ် ထောက်ပြလာနေချိန်လည်း ဖြစ်ပါတယ်။

ဒီခရီးစဥ် အတွင်းမှာ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ယူကရိန်း စစ်ပွဲမှာ ရုရှားအပေါ် တရုတ်က မပံ့ပိုးရေး၊ တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ ရန်လိုမှုတွေနဲ့ မြောက်ကိုရီးယားရဲ့ မဆင်မခြင် လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ စတဲ့ အကြောင်းကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်မယ့် ပစ္စည်းတွေကို တရုတ်အနေနဲ့ ရုရှားကို ထောက်ပံ့တာမျိုး မလုပ်ဖို့ အမေရိကန်က သတိပေးနေချိန်မှာပဲ ဝန်ကြီး ဘလင်ကန်ရဲ့ ခရီးစဥ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေက ရုရှားရဲ့ ကာကွယ်ရေးစက်မှု လုပ်ငန်းတွေ အတွက် အရေးကြီး အစိတ်အပိုင်းတွေကို တိုက်ရိုက်ပံ့ပိုးပေးနေတာကို အမေရိကန်ဘက်က သတိပေးနေတာ ဖြစ်ပါတယ်။

ဒီတရုတ်ကုမ္ပဏီတွေကို အမေရိကန်က အရေးယူဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် အကြီးတန်း အရာရှိ တဦးက သတင်းထောက်တွေကို ထုတ်ပြောထားလို့ ဒီကိစ္စဟာ ဘလင်ကန်ရဲ့ ခရီးစဥ်မှာ ဦးစားပေး ဆွေးနွေးသွားဖွယ်လည်း ရှိနေပါတယ်။

တခြား ဆွေးနွေးမယ့် အရေးကိစ္စရပ်တွေထဲမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး အားကောင်းလာစေရေး၊ ဉာဏ်ရည်တု နည်းပညာ ဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့နဲ့ နှစ်ဖက် ပြည်သူ လူထု အချင်းချင်း ဆက်ဆံရေး ခိုင်မာစေဖို့ နည်းလမ်းတွေ ရှာဖွေရေး အစရှိတဲ့ အကြောင်း ကိစ္စရပ်တွေ ပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဘလင်ကန်နဲ့ အတူ လိုက်ပါသွားမယ့် အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတွေထဲမှာ ထိပ်တန်းမူးယစ်ဆေးထိန်းချုပ်ရေး အရာရှိ Todd Robinson လည်း ပါဝင်နေလို့ တရုတ်နိုင်ငံထဲကနေ အမေရိကန်ကို လူ့အသက်အတွက် အန္တရာယ်ကြီးတဲ့ ဖန်းတနယ်လ် (Fentanyl) ဓာတုမူးယစ်ဆေးဝါးတွေ စီးဆင်းနေတာကို တားဆီးနိုင်ရေး ဆွေးနွေးကြမယ်လို့လည်း မျှော်လင့်ရပါတယ်။

“အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆွေးနွေးမယ့် အစီအစဉ် အကြောင်းရာတွေမှာ အောင်မြင်မှု ရရှိနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ရှင်းလင်းပြတ်သားစွာ ရှုမြင်” ထားတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက သောကြာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတွေကနေ တိုးတက်မှုတွေ တွေ့ရပြီး ကြီးကြီးမားမား ရလဒ် တစုံတရာ ရဖို့အထိတော့ မျှော်လင့်လို့ မရသေးဘူးလို့ လေ့လာသူတချို့က ထောက်ပြနေကြပါတယ်။

https://burmese.voanews.com/a/us-china-antony-blinken-myanmar-/7578317.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.