Breaking

December 26, 2025

'တတိယကမ္ဘာစစ် ဆန်းစစ်ချက်'


နိုင်ငံတကာ ဆက်ဆံရေးမှာ နည်းနည်း အပြောများနေတာလေးပေါ့။ တတိယကမ္ဘာစစ် ဘယ်တော့ ဖြစ်မလဲပေါ့။ ဖြစ်တာတော့ ဖြစ်မယ်။ ဘယ်တော့လဲပေါ့။ တတိကမ္ဘာစစ် အကြောင်းပြောတဲ့အခါ လူတွေက ရုရှတို့၊ တရုတ်တို့နဲ့ ချိတ်ဆက်ပြောကြတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ်မှာ ရုရှရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုဟာ တတိယကမ္ဘာစစ် အစပျိုးတဲ့သဘော ညွှန်းဆိုကြတယ်။ တရုတ်သည်လည်း ရန်လိုတယ်ပေါ့။ ထိုင်ဝမ်ကျွန်းနဲ့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်တယ်ပေါ့။ တကယ်က သမိုင်းကို ပြန်ကြည့်ရင် ပထမကမ္ဘာစစ်ကော၊ ဒုတိယ ကမ္ဘာစစ်ပါ ရုရှကကော၊ တရုတ်ကကော စခဲ့တာ မဟုတ်ဘူး။ အခု ထိတ်လန့်တကြား အော်နေတဲ့ ဥရောပနိုင်ငံတွေ တနည်း အီးယူနိုင်ငံတွေက စခဲ့တာ ဖြစ်တယ်။ အခု ပထမ ကမ္ဘာစစ်ကော၊ ဒုတိယ ကမ္ဘာစစ်ကော စတင်ခဲ့တဲ့ ဂျာမနီနိုင်ငံဟာ အီးယူအဖွဲ့ရဲ့ ဦးဆောင်နိုင်ငံ ဖြစ်နေပါပြီ။ ပြင်သစ်က စစ်ဘုရင် နပိုလီယံ (Napoleon Bonaparte) (1769-1821) လက်ထက်မှာကော၊ ဂျာမနီက နာဇီ ဟစ်တလာ (Adolf Hitler) (1889-1945) လက်ထက်မှာကော ရုရှက ကျူးကျော်ခံရသူသာ ဖြစ်တယ်။ တရုတ်ကလည်း ဒုတိယကမ္ဘာစစ် မတိုင်မီနဲ့ စစ်အတွင်းမှာ ကျူးကျော်ခံရသူ ဖြစ်ခဲ့တယ်။ သိကြတဲ့အတိုင်း အမေရိကန်နဲ့ တရုတ်သည် နိုင်ငံရေးစနစ်ချင်း မတူဘူး။ ရုရှနဲ့ ဥရောပသည် နိုင်ငံရေးစနစ်ခြင်း မတူဘူး။ အမေရိကန်နဲ့ ဥရောပသည် တရုတ်နဲ့ ရုရှကို ကျင့်ဝတ်အရ လက်မခံနိုင်ဘူး။ အခုအချိန်မှာ တရုတ်နဲ့ ရုရှက အင်အားသိပ်ကြီးလာနေပြီ ဖြစ်လို့ အမေရိကန်က စိုးရိမ်တယ်။ ရတဲ့နည်းနဲ့ အထူးသဖြင့် အမေရိကန်က တရုတ်ကို တားချင်တယ်။ ဥရောပက ရုရှကို တားချင်တယ်။ တတိယကမ္ဘာစစ် ဖြစ်မလား မဖြစ်ဘူးလား ဆိုတာ အမေရိကန်နဲ့ ဥရောပ အပေါ်မှာသာ မူတည်တယ်။

သေချာ သမိုင်းတွေ ဟိုးအဝေးကြီး လိုက်ရင်တော့ ဟုတ်ပါတယ်။ နိုင်ငံအများစုဟာ သူတို့သမိုင်းမှာ ကျူးကျော်သူ ဖြစ်ခဲ့သလို ကျူးကျော်ခံရသူလည်း ဖြစ်ခဲ့တယ်။ ခေတ်သစ်သမိုင်းမှာ ရုရှနဲ့ တရုတ်ဟာ ကျူးကျော်ခံရသူသာ ဖြစ်ခဲ့တယ်။ အဲဒီကြောင့်လည်း တချိန်က ကျူးကျော်ခံရသူတွေ၊ နိမ့်ပါးနေခဲ့သူတွေက အခုအချိန်မှာ အင်အားကြီးမားလာပြီး ပုခုံးချင်း ယှဥ်လာတော့ တစ်ချိန်က ကျူးကျော်ခဲ့သူတွေ၊ အနိုင်ရခဲ့သူတွေဟာ နေမထိထိုင်မသာ ဖြစ်လာပါတယ်။ ဟိုတစ်ချိန်ကတော့ ဆိုဗိယက် (ရုရှ) လည်း အင်အားကြီးမားခဲ့တာပဲ။ သို့သော် အတွင်းမှာတင် ပြဿနာတွေ ဖြစ်ပြီး ပြိုကွဲပျက်စီးသွားတယ်။ တရုတ်လည်း ဟိုးတချိန်က အင်ပါယာနိုင်ငံကြီး ဖြစ်ခဲ့တာပဲ။ သို့သော် အတွင်းမှာတင် ပြဿနာတွေ ဖြစ်ပြီး ချိနဲ့ အားနည်း သွားခဲ့တယ်။ အခု ရုရှနဲ့ တရုတ်က ဟိုအရင် ရှရုနဲ့ တရုတ် မဟုတ်တော့ဘူး။ သမိုင်းသင်ခန်းစာ အများအပြားကို ကျေညက်သူတွေ ဖြစ်သွားပြီ။ ‌ငွေရှိသွားပြီ။ ပညာရှိသွားပြီ။ အတွေ့အကြုံ ရှိသွားပြီ။ တော်ရုံနဲ့ ချည့်နဲ့ ပြိုကွဲမဲ့ အခြေအနေ မရှိဘူး။ စီးပွားရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ခိုင်မာအောင် တည်ဆောက်ပြီး ပြည်သူအများစုကလည်း မျိုးချစ်စိတ် လွှမ်းသွားခဲ့ပြီ။ ကိုယ့်အစိုးရကို သဘောမကျဘူး ဆိုရင်တောင် အမေရိကန်၊ ဥရောပကလာတဲ့ အသံတွေကို နားမယောင်ချင်ကြတော့ဘူး။
တစ်ဘက်မှာကျတော့ အမေရိကန်နဲ့ ဥရောပမှာ အကြွေးတွေ ထူလာတယ်။ ချမ်းတော့ ချမ်းသာတယ်။ အကြွေးတွေနဲ့ ဖြစ်တယ်။ ရာဇဝတ်မှုခင်းတွေ များလာတယ်။ အပြင်ကလာတဲ့သူတွေ များလာတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး တွင်တွင်ပြောတော့ တစ်ကမ္ဘာလုံးက လူတွေကလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး ရှိတဲ့ အမေရိကန်နဲ့ ဥရောပကိုပဲ လာချင်ကြတယ်။ ပြင်ပကလူတွေကလည်း အထဲ (အမေရိကန်၊ ဥရောပ) ရောက်ပြီးရင် ရသမျှ အခွင့်အရေးတွေ တောင်းကြတယ်။ နဂို မူရင်းလူဖြူတွေတောင် မသိတဲ့၊ မရတဲ့ လူမှုဖူလုံရေး အခွင့်အရေးတွေ အကုန်ရကြတယ်။ လစ်ဘရယ် နိုင်ငံရေးသမားတွေ၊ ရှေ့နေတွေနဲ့ ပေါင်းပြီး အစားအစာ ကူပွန်တို့၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ဟာ ပြင်ပက ဝင်လာသူတွေအတွက် စျေးကွက်ကြီးတစ်ခုသဖွယ် ဖြစ်လာတယ်။ အားနည်းတဲ့သူတွေ ရပါစေဆိုပြီး သတင်းမီဒီယာတွေကလည်း မသိကျိုးကျွံပြုကြတယ်။ နောက်ဆုံး အချို့လူဖြူတွေက သူတို့က အခွန်ကျတော့ အမြဲဆောင်ရတယ်။ အခွန်ဆောင်ရတဲ့ သူတို့ငွေတွေကို သူတို့ အမှန် အပြည့်အဝ မခံစားရပဲ အပြင်က ဝင်လာတဲ့သူတွေကို ထောက်ပံ့ကူညီဖို့၊ အပြင်ကလာတဲ့သူတွေ တောင်းသမျှ လိုက်လျောဖို့ အသုံးပြုနေတယ် ဆိုတဲ့ ခံစားစိတ်တွေ ဝင်လာတယ်။ နောက်ဆုံး ထရန့်တို့လို အမျိုးသားရေးသမားတွေက အဲဒီ အောက်ခြေ မကျေနပ် ခံစားချက်တွေကို ကျယ်ကျယ် လောင်လောင် ဖော်ထုတ်ပြီး ရွေးကောက်ပွဲ ဝင်တော့ အနိုင်ရတယ်။ ထရန့်တို့လို နိုင်ငံရေးသမားတွေက လက်တွေ့ကျတယ်။ လစ်ဘရယ်တွေ၊ ဒီမိုကရက်တွေက အပြောပဲ ရှိတယ်။ လူဝင်မှုလည်း မတားဆီးနိုင်ဘူး။ တားလည်း ခဏပဲ။ ပြန်လာတာပဲ။ ရာဇဝတ်မှုတွေလည်း တိုးလာတယ်။ အိမ်ယာမဲ့တွေလည်း များလာတယ်။ ဒါတွေကို ကိုင်တွယ်ရင် သူတို့ (လစ်ဘရယ်တွေ) အမြဲ ပြောနေတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေနဲ့ အလဲအထပ် လုပ်ကြရတော့မယ်။ ဒီတော့ သူတို့နိုင်တာ အတွင်း (ပြည်တွင်း) မှာ မနိုင်ဘူး။ အပြင် (နိုင်ငံတကာ) ကို နိုင်တယ်။ အပြင်ဆိုတာ အာရှတို့၊ အာဖရိကတို့လို နေရာမျိုးတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးတယ်။ လူ့အခွင့်အရေး ကိစ္စတွေ ထောက်ပြတယ်။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ပြောဆိုတယ်။ အပြင်မှာ နာမည် ယူတာပေါ့။ ရလဒ်က တစ်ကမ္ဘာလုံးက လူတွေ အမေရိကန်ကို ရောက်လာတယ်။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းလာရတယ်။ နောက်ဆုံး အမေရိကန် ပြည်သူတွေက ထရန့်ကို မဲပေးလိုက်ကြတယ်။ ငါတို့ အမေရိကန် နိုင်ငံရေးသမားတွေ အပြောပဲ ရှိတယ်။ ဘယ်သူမှ အမုန်းမခံဘူးကွာ။ မင်းပဲ လုပ်ပါတော့။ မင်းပဲ ပြင်ပါတော့ ဆိုပြီး ထရန့်ကို မဲပုံအော ပေးလိုက်ကြတယ်။ ထရန့်က ဘာလုပ်ရမယ် ဆိုတာ သိတယ်။ သူဟာ စီးပွားရေး ပွဲစားလည်း ဖြစ်သလို အာဏာ ပွဲစားလည်း ဖြစ်တယ်။ အာဏာရဲ့ ဗဟိုချက်နဲ့ အခြေအနေကို ကောင်းစွာ ဆဝါးနိုင်သူ ဖြစ်တယ်။
ဥရောပကတော့ ဆက်ပြီး အိပ်မောကျနေတယ်။ ဥရောပသမဂ္ဂ (အီးယူ) ဆိုတဲ့ အဖွဲ့ဖွဲ့ပြီး ဘုံသဘောတူညီချက်တွေ ယူတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အထက်မှာ အီးယူဆိုတဲ့ အဖွဲ့ကြီး တည်ရှိဖို့ ကြိုးစားတယ်။ နောက်ဆုံး ယူအန်တို့၊ အခြား နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေနဲ့ ချိတ်ဆက်ပြီး အီးယူဟာ တစ်ကမ္ဘာလုံးကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး အထိုင်ကနေ လွှမ်းမိုး ချုပ်ကိုင် နိုင်ဖို့ ကြိုးစားတယ်။ သူနဲ့ အမြင်မတူတဲ့နိုင်ငံတွေ ဆိုရင် အမှားအယွင်း ဖြစ်ရင် နိုင်ငံတကာဥပဒေ ဆိုတာတွေနဲ့ ကိုင်ပေါက်တယ်။ အမြင်တူတဲ့သူဆို အမှားအယွင်း ရှိလည်း မသိချင်ယောင်ဆောင်နေတယ်။ အီးယူဟာ တစ်ကမ္ဘာလုံးက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ ဟစ်တိုင်ကြီး ဖြစ်လာတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ချိတ်ဆက် ညှိနှိုင်း အလုပ်လုပ်ကြရင်း တစ်သံတည်း ဖြစ်လာတယ်။ နောက်ဆုံး ကမ္ဘာ့ပညာတတ်အလွှာဟာ နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာဥပဒေ မူဘောင်ဆိုတာရဲ့ အောက်မှာ ဆင်ခြင် ချိန်ဆနိုင်တဲ့ နိုင်ငံရေး ဦးနှောက်သေသွားတယ်။ ဖောက်ထွက် တွေးခေါ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားတယ်။ အမေရိကန်က ထရန့်က ဒါကို မြင်လို့ အတင်း ရုန်းထွက်ပေမဲ့ ဥရောပက စံတန်ဖိုး ဆိုတာတွေ ဆုပ်ကိုင်ရင်း သူ့စကားနဲ့ သူပိတ်မိနေတယ်။ ဥ‌ရောပ နိုင်ငံများဟာ အီးယူလို အစုအဖွဲ့ကြီး (Establishment) အောက်မှာ ရောက်သွားတဲ့အခါ အုပ်စုများရဲ့ ထုံးစံအတိုင်း မီးစင်ကြည့်ကကြတယ်။ ညီညွတ်ရေးက အဓိက ဖြစ်တယ်။ နောက်ဆုံး အီးယူအဖွဲ့ကြီးဟာ နာမည်ကောင်း ယူလို့ရတဲ့ စုစည်းညွတ်ခြင်း (Unity) ဆိုတဲ့ ခေါင်းစဥ်အောက်မှာ စုဝေးကြ၊ ကြေငြာချက်တွေ ထုတ်ကြ၊ ဓါတ်ပုံတွေ အရိုက်ခံကြနဲ့၊ ဥရောပဆိုတာ အသံသာရှိပြီး အဆံမပါတဲ့ သက်ြန်အမြောက်ဆိုတာ လူတွေ သိလာတယ်။
ဥရောပက အီတလီ အမျိုးသမီး ဝန်ကြီးချုပ် Giorgia Meloni ဆိုရင် ထရန့်နဲ့ အတော်နီးစပ်တယ်။ ၂၀ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ထရန့် အမေရိကန်သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ တစ်ဦးတည်းသော ဥရောပ (အီးယူ) အကြီးအကဲလည်း ဖြစ်တယ်။ Giorgia Meloni နဲ့ သူမရဲ့ ပါတီ Brothers of Italy ဟာ ဥရောပ မီဒီယာအချို့မှာ လက်ယာစွန်း (far-right) လို့ သမုတ်ခြင်း ခံရတယ်။ လက်ယာစွန်း ဆိုတာ တနည်း ဖက်ဆစ်ပေါ့ဗျာ။ တကယ်တော့ Giorgia Meloni ဟာ အလိုက်အထိုက်နေတာ ဖြစ်ပါတယ်။ ထရန်နဲ့ တွေ့ရင် ထရန့်နဲ့ သင့်အောင် ပေါင်းပြီး ဥရောပ ပြန်ရောက်ရင် အီးယူနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေပါတယ်။ အချို့ မီဒီယာတွေကလည်း Giorgia Meloni ဟာ ထရန်နဲ့ အီးယူကို ပေါင်းကူးပေးမဲ့သူ ဖြစ်တယ် ဆိုပြီး ရေးသားကြတယ်။ ဆိုတော့ Giorgia Meloni ဟာ ထရန့်လူလား၊ ဥရောပ လူလား ဆိုတာ မသဲကွဲကြဘူး။ ဇွန်လ၊ ၂၀၂၅ ခုနှစ် ကနေဒါမှာ G – 7 စက်မှု ထိပ်သီး စည်းဝေးပွဲ ပြုလုပ်တယ်။ အဲဒီမှာ အစည်းအဝေးခန်းမထဲ အမေရိကန် သမ္မတထရန့် ဝင်လာတဲ့အခါ အီတလီ ဝန်ကြီးချုပ် Giorgia Meloni က ပြင်သစ် ဝန်ကြီးချုပ် Emmanuel Macron ကို လှမ်းကြည့်ပြီး ထရန့်လာတဲ့ဘက် မျက်စောင်း မသိမသာထိုး၊ မျက်ခုံးပင့်၊ မျက်လုံးပြူးပြီး သက်ပြင်း မသိမသာ ချတယ်။ မီဒီယာအချို့က အဲဒီမြင်ကွင်းကို မျက်နှာတွေ အနီးကပ် ရိုက်ပြီး စာသားမပါပဲ မှတ်တမ်း ဗွီဒီယို တင်တယ်။ ထရန့်ကြီးရေ၊ မင်းကို ငါတို့ ဘယ်လောက် ရွှံ့နေပါတယ်ပေါ့။ စိတ်ကုန်နေပါတယ်ပေါ့။ ကြောက်နေပါတယ်ပေါ့။ အမေရိကန် ကွန်ဆာဗေးတစ် မီဒီယာတစ်ခုက အဲဒီ ဗွီဒိယိုကလစ်ကို အကြိမ်ကြိမ် ပြရင်း ဥရောပ၏ စိတ်ရင်းအမှန် ဆိုပြီး သတင်းတင်ပါတယ်။
ပြောချင်တာ ဥရောပဟာ လက်တွေ့မကျပဲ အုပ်စုဖွဲ့ သာယာနေချိန်မှာ၊ အုပ်စုဖွဲ့ အပြစ်တင် (blame) နေချိန်မှာ ထရန့်က အခြေအနေမှန်ကို မြင်တယ်။ ပူတင်ကို ကိုယ်ချင်းစာတယ်။ ရုရှရဲ့ အနေအထားကို နားလည်တယ်။ သူသာ ရုရှသမ္မတ နေရာမှာဆို သူလည်း ယူကရိန်းကို ဟန့်တားမှာပဲ ဆိုတဲ့ စိတ်ရှိတယ်။ ဒါကြောင့်လည်း ပူတင်ကို သူ အားကျတယ်။ သူစိတ်နဲ့ တူတာကိုး။ အားကျတယ် ဆိုတာ ထောက်ခံတာ မဟုတ်ဘူးနော်။ လျော့မတွက်ဘူး လို့ ဆိုလိုတယ်။ ဥရောပက ရုရှကို ကျူးကျော်သူလို့ ပြောနေချိန်မှာ ဘာကြောင့် ရုရှက ကျူးကျော်သူ ဖြစ်လာတယ်ကိစ္စကို အဖြေမရှာဘူး။ အဖြေမရှာပဲ ကျူးကျော်သူ ဆိုပြီး ဝိုင်းဝန်းပိတ်ဆို့ အရှက်တကွဲ နောက်ဆုတ်စေဖို့ပဲ လုပ်ဆောင်နေကြတယ်။ ထရန့်က သူကိုယ်တိုင်သည် လစ်ဘရယ်တွေ (ဒီမိုကရက်တစ်တွေ) ရဲ့ ကျူးကျော်ခြင်းကို ခံရသူ ဖြစ်တယ်လို့ ခံယူတယ်။ သူနိမ့်ပါးချိန်မှာ လစ်ဘရယ်တွေက သူ့ကို အတင်းအပြစ်ရှာပြီး စွပ်စွဲချက်အမျိုးမျိုးနဲ့ အရှက်တကွဲ အကျိုးနည်းအောင် လုပ်ခြင်းခံရတာကို မမေ့ဘူး။ ဒါကြောင့် သူက ပူတင်ကို နားလည်တယ်။ ယူကရိန်းသည် တစ်ချိန်က ဆိုဗိယက် ပြည်ထောင်စုဝင်နိုင်ငံ ဖြစ်တယ်။ ၁၉၉၁ ခုနှစ်မှာ ဆိုဗိယက် ပြိုကွဲပြီး ၁၅ နိုင်ငံ ဖြစ်သွားတယ်။ အဲဒီထဲမှာ ရုရှနဲ့ ယူကရိန်းသည် အင်အား အကြီးဆုံးပဲ။ အခု ရုရှနဲ့ ယူကရိန်း စစ်ဖြစ်တဲ့အခါ အရင် ပြည်ထောင်စုဝင်အချင်းချင်း ဖြစ်ကြတဲ့သဘောပဲ။ ယူကရိန်းက နေတိုးစစ်စာချုပ်ကို ဝင်ရောက်ဖို့ ကြိုးစားလို့ စစ်ဖြစ်တာက အဓိကပဲ။ နေတိုးစစ်စာချုပ် ဝင်ရင် နေတိုးတပ်တွေ ယူကရိန်းမှာ ချထားခွင့် ရမယ်။ ရုရှဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်တယ်။ သူ့နယ်စပ်နားကို နေတိုးတပ်တွေ လာမှာ မလိုလားဘူး။ ဒါက နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပဲ။ အနီရောင်မျဥ်းပဲ။ ယူကရိန်းဟာ အဲဒီ အနီရောင်မျဥ်းကို ဖြတ်ဖို့ ကြိုးစားခဲ့ပြီး အီးယူ (ဥရောပ) က နောက်ကွယ်ကနေ အားပေးခဲ့တယ်။ နောက်ဆုံး ယူကရိန်း‌ကော၊ ဥရောပကော အကျဥ်းအကြပ်ထဲ ရောက်သွားတယ်။
အကယ်လို့ အမေရိကန်သည် ဆိုဗိယက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး အခု ယူကရိန်းက နေတိုးတပ်တွေ ဖိတ်ခေါ်သလို ယခင် အမေရိကန်ပြည်ထောင်စု ပြည်နယ်တစ်ခုက ရုရှတပ်တွေ ဖိတ်ခေါ်မယ် ဆိုရင်၊ ခေါ်မဲ့ အရိပ်အယောင် ရှိတယ်ဆိုရင် အမေရိကန်က ခွင့်ပြုမှာ မဟုတ်ဘူး။ ကြိုတင် လက်ဦးမှု ယူမှာပဲ။ ဥရောပ (အီးယူ) လည်း ထိုနည်းအတိုင်းပဲ။ အကယ်လို့ ရုရှက ဖင်လန် သို့မဟုတ် ပိုလန်ကို ယူကရိန်းကို တိုက်သလိုမျိုး တိုက်မယ် ဆိုရင် ဥရောပက ခွင့်ပြုမှာ မဟုတ်ဘူး။ အခု ရုရှနဲ့ ယူကရိန်းက အရင် ပြည်ထောင်စုဝင်အချင်းချင်း ဖြစ်နေလို့သာ လက်ပိုက်ကြည့်နေတာ ဖြစ်တယ်။ ညီအကိုချင်း သတ်ပြီး အားနည်းတဲ့ အချိန်ကို စောင့်တာပဲ။ အခုဆို ရုရှကလည်း အားနည်းသွားတဲ့ အရိပ်အယောင် မရှိသေးဘူး။ ပြည်တွင်းမှာလည်း ပူတင်ကို အင်နဲ့ အားနဲ့ ဆန္ဒပြကြမဲ့ အခြေအနေ မရှိသေးဘူး။ ရုရှမှာလည်း သူ့မဟာမိတ်နဲ့သူ ဖြစ်တယ်။ ပိုပြီးသာ အားကောင်းလာတဲ့၊ စစ်တိုက် စွမ်းရည်ပြည့်ဝလာတဲ့ ရုရှကို မြင်တွေ့နေရတယ်။ အဲဒီမှာတင် တတိယကမ္ဘာစစ် ပြောဆိုမှုတွေက ကျယ်လာပြန်တယ်။
ထရန့်က တတိယကမ္ဘာစစ်ဆိုတာ ထည့်ပြောနေတာ ကြာပြီ။ သူသမ္မတ မဖြစ်ခင်ကတည်းက တတိယကမ္ဘာစစ်ကို ရှောင်နိုင်ဖို့ သူ့ကို မဲထည့်ပါလို့ ပြောတယ်။ မတ်လ၊ ၂၀၂၅ ခုနှစ်၊ အိမ်ဖြူတော်မှာ ထရန့်နဲ့ ယူကရိန်းသမ္မတ ဇာလင်စကီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က ထရန့်က ဇာလင်စကီးကို ကြိမ်းမောင်းရင်း ယူကရိန်းဟာ တတိယကမ္ဘာစစ်နဲ့ အလောင်းအစား လုပ်နေတယ် ဆိုပြီး စွပ်စွဲခဲ့တယ်။ သြဝုတ်လ၊ ၂၀၂၅ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ် (Alaska) မှာ ပြုလုပ်ခဲ့တဲ့ ထရန့်နဲ့ ပူတင် ထိပ်သီးဆွေးနွေးပွဲဟာလည်း ဘာရလဒ်မှ ရေရေရာရာ ထွက်မလာခဲ့ဘူး။ အောက်တိုဘာလ၊ ၂၀၂၅ ခုနှစ်၊ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက် (Budapest) ပြုလုပ်ဖို့ စီစဥ်ထားတဲ့ ထရန့်နဲ့ ပူတင် ဆွေးနွေးပွဲကလည်း ပျက်သွားခဲ့တယ်။ ဆိုရရင် ငြိမ်းချမ်းရေးအတွက် နမိတ်မကောင်းဘူး။ ၂၀၂၅ ခုနှစ် အလွန်ကာလများမှာ ကမ္ဘာတစ်လွှား တင်းမာမှုတွေ ပိုလာလိမ့်မယ်။ အမေရိကန်က ယူကရိန်းကို ရုရှအတွင်းပိုင်းအထိ ပစ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေ (Tomahawk missiles) ပေးပို့မယ် ဆိုပြီး ‌စကားရိပ်သန်းတယ်။ ဥရောပ တဝှန်းမှာလည်း ရုရှက စေလွှတ်တဲ့ ဒရုန်းတွေ မကြာခဏတွေ့ ရှိရတယ် ဆိုပြီး သတင်းတွေမှာ ဖော်ပြတယ်။ ဥ‌ရောပနိုင်ငံအချို့မှာ မဝင်မနေရ စစ်မှုထမ်းဥပဒေတွေ အသက်သွင်းဖို့ လုပ်ဆောင်လာတယ်။ အရေးပေါ် စားနပ်ရိက္ခာတွေ စုဆောင်းကြဖို့ အထိ လှုံ့ဆော်တယ်။ ဂျာမနီက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်တပ်ကြီး တည်ဆောက်နေပြီ ဆိုပြီး သတင်းအချို့မှာ ဖော်ပြတယ်။ ရုရှဘက်ကလည်း ယူကေနိုင်ငံ (ဗြိတိန်နိုင်ငံ) တစ်ခုလုံးကို ရေအောက်ကို ရောက်သွားစေနိုင်မဲ့ ကမ္ဘာဖျက် ညူကလီးယားစွမ်းအင်သုံး တော်ပီဒို ဒုံးလက်နက် (Poseidon nuclear-powered super torpedo) ဆိုတာနဲ့ အဲဒီဒုံးတွေကို သယ်ဆောင်နိုင်တဲ့ အထူးရေငုပ်သဘ်ောတစ်စင်း (The Khabarovsk) ကို ထုတ်ပြခဲ့တယ်။ ထရန့်ကလည်း ရုရှနဲ့ တရုတ်တို့ဟာ မြေအောက်မှာ လျို့ဝှက်ပြီး ညူကလီးယားလက်နက်တွေ စမ်းသပ်နေတယ် ဆိုပြီး အမေရိကန်လည်း ညူကလီးယားလက်နက် စမ်းသပ်မှုတွေ ပြန်လည်ပြုလုပ်မယ်လို့ ဆိုလာတယ်။ တနည်း ပြောရရင် ကမ္ဘာကြီးမှာ စစ်ရိပ်စစ်ငွေ့သန်းနေတယ်။ ဥရောပမှာ စစ်ရိပ်စစ်ငွေ့ သန်းနေတယ်။ တတိယကမ္ဘာစစ် အရိပ်အယောင်တွေ ပိုမို မြင်တွေ့လာရတယ်။
အဲဒီအထဲမှာ ယူကရိန်းကတော့ အခံစားရဆုံးပဲ။ သူ့နိုင်ငံလည်း ထောင်းလမောင်းကြေနေပြီ။ အဲဒီထက် ဆုံးရူံးစရာ မရှိတော့ဘူး။ ဆိုတော့ သူကတော့ အားလုံးကို စစ်ထဲ ဆွဲခေါ်သွားချင်ပုံရတယ်။ ယူကရိန်းက ရုရှ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲများမှာ သူမပါရင် မည်သည့် ဆုံးဖြတ်ချက်မှာ အကျုံးမဝင်ဘူးလို့ ပြောတယ်။ အမေရိကန်က ယူကရိန်း-ရုရှ စစ်ပြီးချင်ရင် နယ်မြေ အပေးအယူ လုပ်ရမယ်လို့ လေသံပစ်တယ်။ ယူကရိန်းကတော့ နယ်မြေနဲ့ ငြိမ်းချမ်းရေး အလဲအထပ် လုပ်ဖို့ အမေရိကန် ပြောတာကို မကျေလည်ဘူး။ အမေရိကန် ပြောသလို ယူကရိန်းက ရုရှကို ရုရှ သိမ်းယူထားတဲ့ နယ်မြေအချို့ကို ပေးလိုက်ရင် ရုရှက ဒီထက်မက ရှေ့တိုးလာစေဖို့ ရဲဆေးတင်သလို ဖြစ်မယ်လို့ ပြောတယ်။ ပြင်သစ် ဗိုလ်ချုပ်ကြီး General Fabien Mandon က ရုရှသည် ၃၊ ၄ နှစ်အတွင်း ဥရောပကို တိုက်ခိုက်လာနိုင်တယ် ဆိုပြီး သတိပေးတယ်။ ဂျာမန် ဗိုလ်ချုပ်ကြီး Lieutenant General Alexander Sollfrank ကလည်း မကြာမီကာလများမှာ ရုရှဟာ နေတိုးနိုင်ငံအချို့ကို အကန့်အသတ်နဲ့ သွေးတိုးစမ်း ကျူးကျော်လာနိုင်တယ် ဆိုပြီး သုံးသပ်တယ်။ နေတိုး အကြီးအကဲ Mark Rutte ကလည်း ရုရှဟာ ယူကရိန်းလောက်နဲ့ ရပ်တန့်မှာ မဟုတ်ဘူး။ အခြားသူ့ မဟာမိတ်တွေ ဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီးယား၊ အီရန် စတဲ့နိုင်ငံတွေနဲ့ ပူးတွဲပြီး ရေရှည်မှာ ဥရောပနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်ဖို့ ကြံစည်နေတယ် ဆိုပြီး သတိပေးတယ်။ နေတိုး စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ အချို့ ဥရောပ မဟာမိတ်များကလည်း အခုမျိုးဆက် တစ်ဆက်အတွင်းမှာ တတိယကမ္ဘာစစ်ကို မလွဲမသွေ မြင်တွေ့ရဖွယ် ရှိတယ် ဆိုပြီး သတိပေးကြတယ်။ အီးယူနဲ့ နေတိုးအုပ်စုက စစ်ဘက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို ရုရှဘက်ကလည်း သူ့မဟာမိတ်အချို့နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတယ်။ ဆိုရရင် ၂၀၂၅ ခုနှစ်အလယ်လောက်က စပြီး ဥရောပမှာ တိုက်ပွဲခေါ်သံတွေ အရှိန်မြင့်လာပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်မဲ့ အခြေအနေတွေ ဖြစ်လာနေပါတယ်။ တနည်းပြောရရင် ဥရောပမှာ စစ်ယန္တားယားကြီးက မသိမသာကော၊ သိသိသာသာကော လည်ပတ်နေပါပြီ။
ဥရောပလေ့လာသူအချို့က လာမဲ့ တတိယကမ္ဘာစစ်ကို ပြီးခဲ့တဲ့ ဒုတိယကမ္ဘာစစ် အခြေအနေတွေနဲ့ နှိုင်းယှဥ် သုံးသပ်တာ ရှိပါတယ်။ မတူပါဘူး။ အခု ရုရှက အရင် ရုရှ မဟုတ်တော့သလို အခု ဥရောပက အရင် ဥရောပ မဟုတ်တော့ဘူး။ အခု တရုတ်က အရင် တရုတ် မဟုတ်တော့သလို အခု အမေရိကန်က အရင် အမေရိကန် မဟုတ်တော့ပါဘူး။ ကမ္ဘာကြီးကလည်း အရင်လို ကမ္ဘာကြီး မဟုတ်‌တော့ဘူး။ အားလုံးက စာတတ်သွားကြပြီ။ အရင်က (ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက) ကမ္ဘာကြီးကို ဥရောပနိုင်ငံများက သိမ်းပိုက်ထားတာ ဖြစ်တယ်။ အခု အီးယူနိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပေါ်တူဂီ စတဲ့နိုင်ငံတွေက ကိုလိုနီ အရှင်သခင်တွေ ဖြစ်တယ်။ အာရှ၊ အာဖရိက၊ တောင်အမေရိကသည် သူတို့ အုပ်ချုပ်ခံ ကိုလိုနီတွေ ဖြစ်တယ်။ အခုက အဲဒီကိုလိုနီနိုင်ငံ အများစုက လွတ်မြောက်သွားပြီ။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခေတ်အဆက်ဆက်ကို ဖြတ်ကျော်ရင်း အတွေ့အကြုံတွေ များလာပြီ။ အရင်လို အကူအညီလောက်နဲ့၊ လူ့အခွင့်အရေးလောက်နဲ့ ချယ်လှယ်လို့ မရတော့ဘူး။ ချုပ်ကိုင် ခြိမ်း‌‌‌ခြောက်လို့ မရတော့ဘူး။ နိုင်ငံတွေအားလုံးက အကျိုးစီးပွားဆိုတာ ကြည့်လာပြီ။ နိုင်ငံတကာဆက်ဆံရေးကို ကစားသင့်သလောက် ကစားတတ်လာပြီ။ တစ်ဘက်တည်းက လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူး။ ရွေးချယ်စရာဘက်တွေ ရှိလာပြီ။ ဘရာဇီးလို၊ တောင်အာဖရိကလို၊ အိန္ဒိယလို အင်အားကြီးတဲ့ နိုင်ငံတွေကလည်း အလိုက်အထိုက် နေကြတယ်။ အမေရိကန်က ဘရာဇီးနဲ့ တောင်အာဖရိကကို အတင်းဖိအားပေးတော့ သူတို့က တရုတ်နဲ့ ရုရှနဲ့ ပိုနီးစပ်သွားတယ်။ မြောက်ကိုရီးယားကို ဖိအားပေးတော့ မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ပြပြီး ရုရှကို စစ်သည်တွေ စေလွှတ် အကူအညီပေးတယ်။ ဗိယက်နမ်ကလည်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေ ပိုမိုတည်ဆောက်လာတယ်။ ဂျပန်ကလည်း တရုတ်ရန်ကို ကြောက်တော့ အမေရိကန်နဲ့ ပြေးကပ်တယ်။ ဂျပန်၊ ဖိလစ်ပိုင်၊ သြစတြေးသျှ ၃ ပွင့်ဆိုင် စစ်ရေးပူးပေါင်းမှုတွေ ပိုမို အားကောင်းလာတယ်။ ၂၀၂၅ ခုနှစ်အကုန်မှာ ဂျပန် အမျိုးသမီး ဝန်ကြီးချုပ်ရဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကားကြောင့် တရုတ်နဲ့ ဂျပန်အကြား တင်းမာမှုက တဟုန်ထိုး တိုးမြှင့်သွားတယ်။ စစ်ခရာသံက ဥရောပကနေ အာရှဘက် ရောက်ချင်သွားတယ်။ အားလုံးဟာ နိုင်ငံရေး ကစားနေကြတယ်။ တနည်း ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းအတွက် တင်ကြိုမျှော်တွေး ပြင်ဆင်နေကြတယ်။
ချုပ်ဆိုရရင် တတိယကမ္ဘာစစ် ဆိုသည်မှာ အင်အားကြီးနိုင်ငံတွေကသာ အစပြုနိုင်တယ်။ သူတို့အပေါ်မှာသာ မူတည်တယ်။ သူတို့အချင်းချင်း မီးကုန်ယမ်းကုန် တိုက်မှသာ ဖြစ်နိုင်တယ်။ သာမန်ထိတွေ့မှုတွေလောက်နဲ့၊ တဆင့်ခံ စစ်ပွဲတွေလောက်နဲ့ တတိယကမ္ဘာစစ်ကြီး မဖြစ်နိုင်ဘူး။ သူတို့ အချင်းချင်းကတော့ အတတ်နိုင်ဆုံး ရှောင်ကြလိမ့်မယ်။ ယူကရိန်းလို တဆင့်ခံနိုင်ငံတွေသာ ဖွတ်ဖွတ်ညက်ညက် ကျေသွားမယ်။ စစ်ကြီးကတော့ မဖြစ်ဘူး။ သို့သော် ယူကရိန်းထဲကို အမေရိကန်၊ ဥရောပတပ်တွေ ဝင်လာပြီ။ ရုရှတပ်တွေ ယူကရိန်းအပြင်ထိ ထွက်လာပြီ ဆိုရင်တော့ တတိယကမ္ဘာစစ်ကြီးက မဝေးတော့ပြီ။ ဒီလိုပဲ ထိုင်ဝမ် (ကျွန်း) လို တဆင့်ခံနေရာတွေသာ ဖွတ်ဖွတ်ညက်ညက် ကျေသွားမယ်။ စစ်ကြီးကတော့ မဖြစ်ဘူး။ သို့သော် ထိုင်ဝမ်ထဲကို အမေရိကန်တပ်တွေ ဝင်လာပြီ။ တရုတ်က ထိုင်ဝမ် အပြင်ထိ ထွက်လာပြီ ဆိုရင်တော့ တတိယကမ္ဘာစစ်ကြီးက မဝေးတော့ပြီ။ အင်အားကြီးနိုင်ငံ အချင်းချင်း ထိပ်တိုက်တွေ့မှသာ၊ သူ့ဘက်ကိုယ့်ဘက် မဟာမိတ်နိုင်ငံတွေ ဝင်ပါလာကြမှသာ စစ်ကြီး ဖြစ်မှာပဲ။ တရုတ်သည် ကမ္ဘာ့ရေးရာတွေမှာ စစ်ရေးအရ တိုက်ရိုက် ဝင်ရောက် စွက်ဖက်တဲ့ အစဥ်အလာ မရှိသလို ရုရှသည်လည်း ယူကရိန်းက လွဲရင် ကျန် အီးယူ၊ နေတိုး ဥရောပနိုင်ငံတွေကို မတိုက်ခိုက်ပါဘူး၊ လိုအပ်ရင် အဲဒီလို မတိုက်ခိုက်ဘူး ဆိုတာ တရားဝင်စာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ အလွတ်သဘော ပြောထားတယ်။ တရုတ်သည် ကမ္ဘာကို စစ်ရေးအရ လွှမ်းမိုးနိုင်တဲ့ အင်အားမရှိသလို ရုရှသည်လည်း ဥရောပတစ်တိုက်လုံးကို ထိန်းချုပ်နိုင်တဲ့ အင်အား မရှိပါဘူး။
တရုတ်က စစ်ရေးအရ ကမ္ဘာကို လွှမ်းမိုးသိမ်းပိုက်ဖို့ ကြိုးစားရင် သူ့သေတွင်းသူ တူးတာပဲ ဖြစ်မှာပေါ့။ တရုတ်မှာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်ဆိုတာ အသေအချာ မရှိပါဘူး။ ဒီလိုပဲ ရုရှက စစ်ရေးအရ ဥရောပကို လွှမ်းမိုး သိမ်းပိုက်ဖို့ ကြိုးစားရင် သူ့သေတွင်းသူ တူးတာပဲ ဖြစ်မှာပေါ့။ ရုရှမှာလည်း လောက်လောက်လားလား မဟာမိတ်ဆိုတာ မရှိပါဘူး။ ရုရှ လူဦးရေကလည်း ၂၀၂၄ ခုနှစ် သန်းကောင်စာရင်းများအရ သန်း ၁၅၀ မပြည့်ပါဘူး။ လူသားရင်းမြစ်အရ၊ မဟာမိတ်အနေအထားအရ ရုရှက ဥရောပကို မထိန်းချုပ်နိုင်ပါဘူး။ ရုရှ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန် မဟာမိတ်ဖွဲ့ထားတယ် ဆိုတာလည်း အီးယူ၊ နေတိုး စတဲ့ အနောက် မဟာမိတ်အဖွဲ့တွေလို ခိုင်မာမှု မရှိပါဘူး။ အီရန်နဲ့ တရုတ်၊ ရုရှတို့ နှစ်စဥ် ပုံမှန် စစ်ရေးလေ့ကျင့်မှုသာ ပြုကြတယ်၊ တကယ်တမ်း အမေရိကန်က အီရန်ကို ဗုံးကြဲတော့ တရုတ်နဲ့ ရုရှ အသံတောင် ထွက်မလာပါဘူး။ အခု တရုတ်နဲ့ ရုရှရဲ့ ကာလကြာရှည် မဟာမိတ် ဗင်နီဇွဲလားနိုင်ငံကို မူးယစ်ဆေးဝါး အကြောင်းပြပြီး အမေရိကန်က ရေတပ်နဲ့ ပိတ်ဆို့၊ နေ့လား၊ ညလား တိုက်မယ်လုပ်တော့ တရုတ်ကော၊ ရုရှကော ဟိုလိုဒီလိုလိုနဲ့ ဗင်နီဇွဲလားနဲ့ ခပ်ဝေးဝေးမှာ နေကြတာပဲလေ။ အခက်အခဲ အကြပ်အတည်းတွေကသာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ မျက်နှာဖုံးတွေကို ဆွဲချွတ်စေပါတယ်။ ဒါဆို အမေရိကန်ကောဆိုရင် အမေရိကန်မှာ နေတိုးလို၊ ဥရောပလို၊ ကနေဒါ၊ သြစတြေးသျှလို ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေးတွေ ရှိပါတယ်။ အာရှမှာလည်း ဂျပန်လို၊ တောင်ကိုရီးယားလို၊ ဖိလစ်ပိုင်လို နိုင်ငံတွေနဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေး ရှိပါတယ်။ အခုလတ်တလော အမေရိကန်က ဥရောပ မဟာမိတ်တွေကို ဖယ်ခွာနေတယ် ဆိုတာ ဥရောပကို ကာကွယ်ရေးမှာ ပိုမို ကြံ့ခိုင်သန်မာစေလိုလို့သာ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်နဲ့ ဥရောပ အခြေအနေက ဘယ်လိုလဲ ဆိုရင် ခလေးကြီးကို အမြဲချီထား၊ လမ်းလျောက်ရင် လက်ကို အမြဲ ကိုင်ထားနေရာကနေ ခလေးကြီးက လူမှုဖူလုံရေးလို၊ လူသားချင်း စာနာမှုလို၊ လူ့အခွင့်အရေးလို ကိစ္စတွေမှာပဲ သာယာနေပြီး ကာကွယ်ရေးလို ကိစ္စတွေမှာ စိတ်မဝင်စားတော့၊ ရင့်ကျက်မလာတော့ ဥရောပ ခလေးကြီးကို လမ်းပေါ် တစ်‌ယောက်တည်း လွှတ်ပြီး အမေရိကန် အဖေကြီးက အဝေးက စောင့်ကြည့်နေတဲ့သဘော ဖြစ်ပါတယ်။ အတင်းလာလာ ဂျီကျနေတော့ မျက်နှာထားကို တင်းထားတဲ့သဘောသာ ဖြစ်ပါတယ်။ အမှန်က အနောက်နိုင်ငံတွေ ဆိုတာ သူတို့အချင်းချင်း အရေးအကြောင်းဆို သွေးနီးပါတယ်။ သွေးက စကားပြောပါတယ်။ ဒါ့အပြင် အမေရိကန်သည် ကမ္ဘာတစ်လွှား ရာနဲ့ချီတဲ့ သူ့စစ်အခြေစိုက်စခန်းများမှတဆင့် ကမ္ဘာ့မည်သည့်နေရာမဆို တစ်ကိုယ်တော် စစ်ရေးအရ တိုက်ခိုက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။
အခုက အမေရိကန်က တရုတ်နဲ့ ရုရှ ကို ဆက်ဆံရာမှာ ချော့တလှည့်၊ ခြောက်တလှည့် သဘော ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အကုန် ၂၀၂၆ ခုနှစ် အဝင်မှာ အမေရိကန်နိုင်ငံရေးသမားအချို့က အမေရိကန်နဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့မှ လွဲပြီး မှတပါး အခြားမရှိဘူး ဆိုတဲ့ လေသံအချို့ ပစ်နေသလို ယူကရိန်းကိုလည်း ရုရှအလိုလိုက်ဖို့ ရုရှဘက်ကနေ တိုက်တွန်းပြောဆိုနေပါတယ်။ အပြင်က ကြည့်ရင်တော့ အမေရိကန်နဲ့ တရုတ် နောက်ဆုံးတော့ ညားမှာပါပဲပေါ့။ အမေရိကန်နဲ့ ရုရှက နောက်ဆုံး ပေါင်းမှာပဲပေါ့။ နိုင်ငံတကာဆက်ဆံရေးဆိုတာ အဲဒီလောက် မရိုးရှင်းဘူးလေနော။ လက်ရှိ အနေအထားက အမေရိကန်က တစ်ခါတစ်ရံ တရုတ်နဲ့ ရုရှ အလိုလိုက်သယောင် ထင်ရပေမဲ့ တချိန်တည်းမှာ တရုတ်နဲ့ ရုရှ အားနည်းအောင် ပိတ်ဆို့မှုတွေ၊ အခွန်စည်းကြပ်မှုတွေ၊ ဖိအားပေးမှုတွေ ပြောင်ပြောင်းတင်းတင်း လုပ်ဆောင်နေပါတယ်။ တရုတ်နဲ့ ရုရှ စီးပွားရေး အကြပ်ဆိုက်ပြီး အားနည်းလာရင် ပြည်တွင်းမှာတင် အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ အမေရိကန်က မျှော်လင့်ပါတယ်။ အမေရိကန်သည် တစ်ချိန်တည်းမှာ သူ့စီးပွားရေး ခိုင်မာတောင့်တင်းအောင် လုပ်ဆောင်နေပါတယ်။ ဂျပန်၊ ဥရောပ စတဲ့ မဟာမိတ်တွေကိုလည်း စစ်ရေး အသုံးစရိတ်တွေ တိုးသုံးစေပြီး စစ်ပြင်စေပါတယ်။ အဲဒီလို တရုတ်နဲ့ ရုရှမှာ စီးပွားရေးကျဆင်း၊ ပြည်တွင်း အကျပ်အတည်းတွေ ဖြစ်၊ ရန်သူပတ်လည်ဝိုင်းပြီး အမေရိကန် စီးပွားရေးက တိုးတက်နေတယ် ဆိုရင် တရုတ်နဲ့ ရုရှသည် အလိုအလျောက် ပြောင်းလဲလာမယ်လို့ အမေရိကန်က မျှော်လင့်ပါတယ်။ အဲဒါကိုယ်က ထရန့်အစိုးရ လက်ရှိ အသုံးပြုနေတဲ့ ‘Peace through Strength’ နိုင်ငံတကာဆက်ဆံရေး မူဝါဒပဲ ဖြစ်ပါတယ်။ ‘အင်အားတောင့်တင်းမှုမှ တဆင့် ငြိမ်းချမ်းရေးဆီသို့’ ဖြစ်ပါတယ်။
တတိယကမ္ဘာစစ်ကြီး ဖြစ်နိုင်ပါသလား။ တတိယကမ္ဘာစစ် ဖြစ်နိုင်ချေဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး အာသီသအပေါ်မှာ‌ အများကြီး မူတည်ပါတယ်။ အမေရိကန်ရဲ့ တရုတ်နဲ့ ရုရှအပေါ် သဘောထားအပေါ်မှာ အများကြီး မူတည်တယ်။ တရုတ်နဲ့ ရုရှကို ရတဲ့နည်းနဲ့ (စီးပွားရေး၊ နိုင်ငံ‌ရေး၊ စစ်ရေး) ထိန်းချုပ်မလား။ ထရန့် မတိုင်ခင် အခြေအနေကလို ဒီအတိုင်းပဲ ဆက်သွားမလား (ပူးပေါင်းဆောင်ရွက်မလား)။ သေချာတာက ဒီအတိုင်းဆက်သွားရင် (ပူးပေါင်းဆောင်ရွက်) အမေရိကန်နဲ့ ဥရောပ အကျဘက်ကို ရောက်မယ်။ တရုတ်နဲ့ ရုရှ အတက်ဘက်ကို ရောက်မယ်။ စစ်ကိုတော့ ရှောင်လွဲနိုင်မယ်။ ငြိမ်းချမ်းမယ်။ အမေရိကန်သည် အဆမတန် အင်အားကြီးလာတဲ့ တရုတ်နဲ့ ယဥ်တွဲနေထိုင်ရမယ်။ ဥရောပသည် အဆမတန် အင်အားကြီးလာတဲ့ ရုရှနဲ့ ယဥ်တွဲနေထိုင်ရမယ်။ အမေရိကန်နဲ့ ဥရောပသည် အမြဲတမ်း အကြောက်တရားတွေ အောက်မှာ နေထိုင်သွားရမယ်။ ခံပြင်းစိတ်တွေနဲ့‌ နေထိုင်သွားရမယ်။ အမေရိကန်နဲ့ ဥ‌ရောပ စိတ်အခြေအနေက အာရှ၊ အာဖရိက စိတ်အခြေအနေ မဟုတ်ဘူး။ အမြဲ ရှေ့ရောက်ချင်တဲ့သူတွေ၊ အမြဲ ထောက်ပြဝေဖန်တဲ့သူတွေ၊ အမြဲ လွတ်လပ်စွာ နေထိုင်ပြောဆိုလိုသူတွေ ဖြစ်တယ်။ သူတို့ကသာ သူများကိုပြောလိုပြီး သူများက သူတို့ကို ပြောတာ မခံလိုသူတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဝန်းကျင်ကိုသာ အလိုရှိတယ်။ ရတဲ့နည်းနဲ့ (စီးပွားရေး၊ နိုင်ငံ‌ရေး၊ စစ်ရေး) ထိန်းချုပ်မယ် ဆိုရင်တော့ အခု ထရန့်လုပ်နေသလိုပေါ့။ ပထမ စီးပွားရေးနဲ့ ပိတ်ဆို့မယ်။ အခုဆို တရုတ်နဲ့ ရုရှကို သွင်းကုန် အခွန်တွေ၊ ကန့်သက်ထိန်းချုပ်မှုတွေ ချပြီးပြီ။ ဒုတိယ နိုင်ငံရေးနဲ့ ပိတ်ဆို့မယ်။ တရုတ်၊ ရုရှနဲ့ အဆင်ပြေတဲ့ နိုင်ငံတွေ (အီရန်၊ ဗင်နီဇွဲလား) ကို ထိန်းချုပ်ထားပြီ။ ကမ္ဘာ့နိုင်ငံ အများအပြား တရုတ်၊ ရုရှနဲ့ ဆက်ဆံရေးကို ပြန်စဥ်းစားနေရပြီ။ တတိယ စစ်ရေးနဲ့ ပိတ်ဆို့မယ်။ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ ပိုမို တပ်လှန့်ထားပြီ။ တရုတ်ရဲ့ မဟာရန်သူ ဂျပန်ကလည်း စစ်သံပေးနေပြီ။ ညူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အထိ လေသံပစ်နေပြီ။ အဂ်လန်၊ ဂျာမနီ၊ ပြင်သစ်ကလည်း သူတို့တပ်တွေ ရုရှအနီးဝန်းကျင် ပို့ကြပြီ။ အနီးက ပိုလန်နိုင်ငံကလည်း သူ့နိုင်ငံမှာ နေတိုး ညူကလီးယား လက်နက်တွေ လာချထားဖို့ လေသံပစ်ထားပြီ။ တရုတ်နဲ့ ရုရှက ညံ့ရင်တော့ အကြောင်းမဟုတ်။ အထဲမှာပဲ ပုန်းနေရင်တော့ အကြောင်းမဟုတ်။ သူတို့ကလည်း သူတို့ အားမနည်းခင်၊ ဝိုင်းပတ် ပိတ်ဆို့ မခံရခင် အပြင်ကို ထွက်လာမယ် ဆိုရင် ပွဲကတော့ လှပြီ။
သေချာတာကတော့ အခုအခြေအနေတွေကို ဘယ်သူမှ တားဆီးလို့ မရတော့ပါဘူး။ မယုံကြည်မှုတွေက လွှမ်းမိုးသွားပါပြီ။ သံသယတွေက သိပ်ကြီးသွားပါပြီ။ အင်အားရှိသူ နိုင်စတမ်း ဖြစ်သွားပါပြီ။ စစ်အင်အားကိုလည်း အမြင့်ဆုံးအထိ ဆက်လက် မြှင့်တင်နေကြပါလိမ့်မယ်။ ဂုဏ်သိက္ခာအတွက် ရှေ့သာ တိုးကြပါလိမ့်မယ်။ အဆုံးထိသာ သွားကြပါလိမ့်မယ်။ ဘယ်အထိ ဖြစ်မလဲ။ ဘယ်လောက်အထိ ဖြစ်မလဲ။ တတိယကမ္ဘာစစ်ကြီး ဖြစ်မလား ဆိုတာကတော့ အမေရိကန်နဲ့ ဥရောပ အပေါ်မှာသာ မူတည်တယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.