Breaking

October 21, 2019

နေဝင်နေထွက် မမှန်တဲ့ နိုင်ငံတွေမှာ အစ္စလာမ့် ဝတ်ပြုချိန် တွေကို ဘယ်လို သတ်မှတ်လဲ

 
အောက်တိုဘာ ၂၀၊ ၂၀၁၉
M-Media
-အစ္စလာမ်ဘာသာဝင်တွေဟာ တစ်နေ့ကို ဘုရား ၅ ကြိမ် ဝတ်ပြုဆုတောင်းရပြီး ဝတ်ပြုချိန်တွေကိုတော့ နေထွက်၊ နေဝင်ကို ကြည့်ပြီး အတိအကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဖဂျရ်၊ ဇိုဟိုရ်၊ အာဆွရ်၊ မဂ်ရစ်ဘ်နဲ့ အေရှာ လို့ အာရဘီအမည်တွေပေးထားတဲ့ ဝတ်ပြုဆုတောင်းမှုတွေဟာ မနက်အာရုံတက်၊ နေ့လည်မွန်းလွဲ၊ ညနေ နေဝင်ချိန်၊ နေဝင်ပြီးအချိန်နဲ့ ညဉ့်ဦးယံတို့မှာ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

နေဝင်နေထွက် ပုံမှန်ရှိနေတဲ့ တိုင်းပြည်တွေမှာ ဒီအချိန်တွေကို ပုံမှန် တိုင်းတာ သတ်မှတ်လို့ လွယ်ပေမယ့် နေလုံး၀မထွက်၊ နေလုံး၀မဝင်တဲ့ အချိန်တွေရှိတဲ့ ဝင်ရိုးစွန်းနိုင်ငံတွေမှာတော့ အခက်ကြုံရလေ့ ရှိပါတယ်။

“ငယ်ငယ်တုန်းကဆိုရင် နေထွက်၊ နေဝင်ကို ကျွန်တော် စောင့်ကြည့်တယ်။ ဗလီက တစ်နေ့ ၅ ကြိမ် အာဇန် နိဗ္ဗာန်ဆော်သံကိုလည်း ကျွန်တော် ကြားရပါတယ်” လို့ ဆိုမာလီကနေ နော်ဝေနိုင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်တဲ့ ဟူစိန် အဘ်ဒီ ယူစွဖ်က ပြောကြားခဲ့ပါတယ်။

ယူဆွဖ်ဟာ နော်ဝေနိုင်ငံ အာတိတ်မြောက်ပိုင်းဒေသ Tromsø မြို့က ဗလီတစ်လုံးရဲ့ ရှေ့ဆောင်အီမာမ် ဖြစ်ပါတယ်။ Tromsø မြို့မှာ ဗလီ ၂ လုံးရှိပြီး ယူဆွဖ် အီမာမ်လုပ်နေတဲ့ ဗလီဟာ ၁၉၉၁ ခုနှစ်ကတည်းကနေ ငှားရမ်းအသုံးပြုနေတာ ဖြစ်ပါတယ်။

Tromsø မြို့ဟာ နေထွက်နေဝင် မမှန်ပါဘူး။ ၂ လလောက် နေမထွက်တဲ့အချိန်တွေ ရှိသလို နေထွက်ပြီး ၁ နာရီအတွင်းမှာ နေပြန်ဝင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် နော်ဝေနိုင်ငံရဲ့ အာတိတ်ဒေသတစ်၀ိုက်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဝတ်ပြုဆုတောင်းချိန်တွေကို သတ်မှတ်ဖို့အတွက် အခက်ကြုံရလေ့ရှိပြီး အခြားနည်းလမ်းတွေကိုလည်း ရှာဖွေလာရပါတယ်။

အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ Tromsø မြို့က Alnor Senter ဗလီကို စတင်တည်ထောင်ခဲ့တဲ့ နော်ဝေလူမျိုး ဆန်ဒရာမိုးနဲ့ အခြား အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ဆော်ဒီ၊ အီဂျစ်နဲ့ ကူဝိတ်နိုင်ငံတို့ အစ္စလာမ့်ပညာရှင်တွေကို ချဉ်းကပ်မေးမြန်းခဲ့ကြပါတယ်။

နည်းလမ်း ၃ ခုပေး

အစ္စလာမ်ပညာရှင်တွေက နော်ဝေနိုင်ငံနဲ့ အနီးဆုံးနိုင်ငံတွေထဲက နေထွက်၊ နေဝင် ပုံမှန်ရှိတဲ့ နိုင်ငံရဲ့ ဝတ်ပြုချိန်အတိုင်း လိုက်နာဖို့၊ ဒါမှမဟုတ် ပြောင်းရွှေ့အခြေချသူတွေအနေနဲ့ မိမိတို့ မူရင်းနိုင်ငံရဲ့ ဝတ်ပြုချိန်အတိုင်း ဝတ်ပြုဖို့၊ နော်ဝေမှာ မက္ကာရဲ့ ဝတ်ပြုချိန်အတိုင်း သတ်မှတ်ထားဖို့ စတဲ့ နည်းလမ်း ၃ ခု ကို ချပြခဲ့ပါတယ်။

Tromsø မြို့က ဗလီ ၂ လုံးစလုံးဟာ တတိယနည်းလမ်းဖြစ်တဲ့ မက္ကာရဲ့ ဝတ်ပြုဆုတောင်းချိန်အတိုင်း သတ်မှတ်တဲ့ နည်းလမ်းကို လက်ခံကျင့်သုံးခဲ့ကြပါတယ်။

“အခြား ပိုကောင်းတဲ့နည်းလမ်း တွေ့တဲ့အထိ ဒါကို သုံးစွဲနေအုံးမှာပါ” လို့ Alnor Senter ဗလီရဲ့ ဘုတ်အဖွဲ့ဝင် မန်ဆူရ် ဝေဇီက ပြောကြားခဲ့ပါတယ်။

အခြားတိုင်းပြည်က အချိန်ကို လက်ခံကျင့်သုံးရတာကြောင့် နော်ဝေမွတ်စလင်တွေအတွက် သိပ်ပြီး အဆင်မပြေဘူးလို့လည်း ဝေဇီက ဆိုပါတယ်။

ပိုကောင်းတဲ့နည်းလမ်း

Tromsø မြို့မှာရှိတဲ့ ဗလီ ၂ လုံးစလုံးရဲ့ တာဝန်ရှိသူတွေဟာ ဧပြီလက ဆွီဒင်နိုင်ငံကို သွားရောက်ကာ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်နိုင်ငံတို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဝတ်ပြုချိန်သတ်မှတ်ရေး၊ ရမ်ဇာန်ဥပုသ်လမှာ ဝါဝင်၊ ဝါထွက်ချိန် သတ်မှတ်ရေး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အဖြေတစ်ခုရခဲ့ပြီး နေ့လည်ဝတ်ပြုမှုတွေဖြစ်တဲ့ ဇိုဟိုရ်နဲ့ အာဆွရ်ကို ဒေသစံတော်ချိန်အတိုင်း သတ်မှတ်ဖို့ အခြား ဝတ်ပြုမှု ၃ ကြိမ်ကို မက္ကာအချိန်တိုင်းထားရှိဖို့ ဖြစ်ပါတယ်။

နော်ဝေက Tromsø မြို့မှာ ဒီစနစ်ကို ဧပြီလကတည်းက ကျင့်သုံးခဲ့ပြီး တိုးတက်မှုတွေလည်း ရရှိခဲ့ပေမယ့် ပိုကောင်းတဲ့ နည်းလမ်းကို နော်ဝေမွတ်စလင်တွေက ဆက်လက်ရှာဖွေနေဆဲပါ

ဒီလိုသတ်မှတ်ထားပေးမယ့် နော်ဝေက တစ်ချို့မွတ်စလင်တွေက မက္ကာနဲ့ဝတ်ပြုချိန်အတိုင်း ကျင့်သုံးတာ၊ မိမိတို့ မူရင်းနိုင်ငံရဲ့ ဝတ်ပြုချိန်အတိုင်း လိုက်နာတွေ ရှိနေပြီး အရင်ရှုပ်ထွေးနေတဲ့ ဝတ်ပြုချိန်သတ်မှတ်ရေး ပြဿနာဟာ အခုအချိန်မှာ အထိုအလျောက် ပြေလည်နေပြီ ဖြစ်ပါတယ်။

Ref: BBC

No comments:

Post a Comment

Note: Only a member of this blog may post a comment.