Breaking

January 2, 2020

စကားကြီး(၁၀)မျိုး

 No photo description available.

စကားကြီး(၁၀)မျိုး

~~~~~~~~~~~

စကားကြီး(၁၀)မျိုးကို လူတိုင်း မှတ်မိကြမယ်ထင်ပါတယ်….။

၁။ ရေကူးညာတင် ပြောနည်း။

၂။ ကောက်ပင်ရိပ်လှီး ပြောနည်း။

၃။ ရေစီးဖောင်ဆန် ပြောနည်း။

၄။ အိုးတန်ဆန်ခပ် ပြောနည်း။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း။

၇။ တောင်သူယာခုတ် ပြောနည်း။

၈။ ကြက်ဆုပ်ခွပ်ပစ် ပြောနည်း။

၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း။

၁၀။ ခတ်တင်မောင်းနင်း ပြောနည်း။

(၁) “ရေကူးညာတင် ပြောနည်း”

မြစ်တစ်ဖက်ကနေ လိုရာဆိပ်ကမ်းကို ကူးလိုလျှင် မြစ်ညာက တင်ကူးမှ လိုရာရောက်မှာဖြစ်ပါတယ်…။ ဒီနည်းတူ မိမိအလိုရှိရာကို ရောက်အောင် အထက်ကနေ တင်ကူးပြောဆိုခြင်းကို “ရေကူးညာတင် ပြောနည်း” လို့ ခေါ်ပါတယ်…။

ရှေးအခါက သမားတော်ဇီဝကဟာ အူထုံးနေတဲ့သူဌေးသားကို ကူသရာမှာ (၇) ရက်လောက် အိပ်စေလိုပါတယ်….။ ဒါပေမယ့် သမားတော် ဇီဝကဟာ သူဌေးသားကို ဒီလိုမေးပါတယ်…။

ဇီဝက။ ။ “သူဌေးသား…. (၇)လခန့် အိပ်နိုင်သလား”

သူဌေးသား ။ ။ “မအိပ်နိုင်ပါ”

ဇီဝက ။ ။ “(၆)လခန့် အိပ်နိုင်ပါသလား”

သူဌေးသား ။ ။ “မအိပ်နိုင်ပါ”

ဒီလိုနဲ့ တစ်ရွေ့ရွေ့ လျော့လျော့ပြီး မေးလာလိုက်တာ နောက်ဆုံးတော့ လိုရင်းဖြစ်တဲ့ (၇) ရက်ကို ရောက်လာတယ်…။

ဒီတော့မှ သူဌေးသားလည်း လက်ခံလိုက်တယ်…။ သမားတော် ဇီဝက ဟာ သူဌေးသားကို ခုနစ်ရက် အိပ်စေပြီး ဝမ်းကို ခွဲ…. အူထုံးကို ဖြေလိုက်ပါတယ်…။

ဒီလိုစကားမျိုးဟာ “ရေကူးညာတင်” ဆိုတဲ့ စကားမျိုး ဖြစ်ပါတယ်…။

“ဒူးလောက်တင်မှ ရင်လောက်ကျ” ဆိုတဲ့ စကားအဓိပ္ပာယ်မျိုး ခပ်ဆင်ဆင်ပါပဲ…။

(၂) “ကောက်ပင်ရိတ်လှီး ပြောနည်း”

စပါးရိတ်တဲ့အခါ ကောက်ပင်တို့ကို လက်တစ်ဖက်နှင့်ဆုတ်ကိုင်ကာ တံစဉ်နှင့် အရင်းမှ တိကနဲ ဖြတ်ပြီး ရိတ်ယူရပါတယ်…။ အလားတူ တစ်ဖက်လူရဲ့စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်ပြီး ပိုင်အောင်ပြောခြင်းကို “ကောက်ပင်ရိတ်လှီး ပြောနည်း” လို့ ခေါ်ပါတယ်…။

ရှေးအခါက သူဌေးသားတစ်ယောက်ဟာ ဗျိုင်းတစ်ကောင်ကို လေးနှင့်ပစ်ပြီး ယူလာတာကို အခြားသူဌေးသားတစ်ယောက်က မြင်တော့ လိုချင်စိတ် ဖြစ်မိတယ်…။

“ဒီဗျိုင်းဟာ တစ်နေ့ကို ရွှေစင်တစ်ကျပ်သား အန်ထုတ်ပေးလေ့ရှိတဲ့ ငါ့ဗျိုင်းဖြစ်ပါတယ်” လို့ စွပ်စွဲပြောဆိုတယ်…။

လေးပစ်သူ ။ ။ “ဟုတ်လား… ဒီလိုအန်ထုတ်ပေးလာတာ ဘယ်လောက်ကြာခဲ့ပြီလဲ…။”

ဗျိုင်းရှင်ဆိုသူ ။ ။ “တစ်နှစ်ရှိပါပြီ…။”

လေးပစ်သူ ။ ။ “ငါ့အိမ်ရှေ့မှာ ပုံထားတဲ့ ရွှေစင်ပုံကြီးထဲက တစ်နေ့ တစ်ကျပ်သား ပျောက်ဆုံးခဲ့တာ တစ်နှစ်ရှိခဲ့ပြီ… ဒီနေ့တော့ သူခိုးကို မိပြီ… ဗျိုင်းဟာ သူခိုးဖြစ်ပြီး ဗျိုင်းရှင်ဟာ သူခိုးလက်ခံဖြစ်တယ်…။ ဒါကြောင့် သင်ဟာ တစ်နှစ်အတွက် ရွှေသုံးပိဿာ၊ ခြောက်ဆယ်သားကို လျော်ပေးရမယ်…။”

ဗျိုင်းကို လိုချင်တဲ့ သူဌေးသားဟာ ရွှေစင်တို့ လျော်ပေးရလေတော့တယ်..။

ဒီလို တစ်ဖက်လူရဲ့စကားကို စုကိုင်ပြီး ပိုင်လောက်အောင် ပြောဆိုခြင်းကို “ကောက်ပင်ရိတ်လှီး ပြောနည်း” လို့ ခေါ်ပါတယ်…။

(၃) “ရေစီးဖောင်ဆန် ပြောနည်း”

ဖောင်ကြီးတစ်စင်းဟာ အညာဘက်ကို ဆန်တက်တဲ့ကာလ၊ လိုရာဆန္ဒရှိသမျှ အရာအားလုံးကို တင်ယူပြီး ဖြည်းညင်းသာယာစွာ ဆန်တက်မှသာ လိုရာအရပ်ကို ရောက်နိုင်ပါတယ်…။ အလားတူ စကားအရာမှာလည်း ဥပမာ၊ ဥပမေယျတို့နှင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းကို “ရေစီးဖောင်ဆန် ပြောနည်း” လို့ ခေါ်ပါတယ်…။

ဟံသာဝတီဘုရင် ရာဇာဓိရာဇ်မင်းလက်ထက်၊ ဒွါရာဝတီမင်း စစ်ချီလာရာတော့ ရာဇာဓိရာဇ်က သံတမန်စေလွှတ်ပြီး သဝဏ်လွှာပါးလိုက်တယ်…။ စာမှာ “အဆွေတော်” လို့ သုံးနှုန်းလိုက်တဲ့အပေါ် ဒွါရာဝတီမင်းက မနှစ်သက်ပါ…။ ဒါကြောင့်-

“ပဝတ္တိမင်းအနေနဲ့ ငါလိုဘုရင်ဖြစ်သူကို အဆွေတော်လို့ ခေါ်ဝေါ်တာ မသင့်တော်ဘူး… ဒီကိစ္စကို ပြေလည်အောင် သံတော်တို့က ချေလည်စေ… မချေလည်နိုင်ရင်တော့ ဆီအိုးကင်းမှာထည့်ပြီး ကြော်ရမယ်…။”

လို့ ဒွါရာဝတီမင်းက သံတော်တို့ကို မိန့်တယ်…။ သံတော်တို့က ပြန်လည်လျှောက်တင်ပါတယ်…။

“အဆွေတော်လို့ ရေးသားသုံးနှုန်းခြင်းမှာ ဘုရားရှင်တို့ကအစ တပည့်သားသံဃာနှင့်တကွ ရေမြေ့ရှင်တို့တိုင်အောင် ခေါ်ဝေါ်တဲ့ထုံးစံဖြစ်ကြောင်း၊ ဘုရားရှင်တို့ဟာ ဘုရားရှင်ချင်းကိုသာ ညီတော်နောင်တော်ဟု ခေါ်ပါတယ်… သံဃာတို့က သံဃာအချင်းချင်းကိုသာ ညီတော်နောင်တော် ခေါ်ပါတယ်… လူ့ဘဝမှ တော်စပ်တဲ့ ဆွေမျိုးများကိုကား ဒီလိုမခေါ်ပါချေ… အလားတူ ဘုရင်မင်းမြတ်တို့ကလည်း ထီးနန်းမစံသေးတဲ့ ဆွေတော်မျိုးတော်တို့ကို အဆွေတော်လို့ ခေါ်ရိုးမရှိပါ… နန်းစံဘုရင်ချင်းကိုသာ အဆွေတော် ခေါ်ရိုးဖြစ်ပါတယ်… ဒါကြောင့် ရာဇာဓိရာဇ်မှာလည်း ဟံသာဝတီ ရွှေနန်းရှင်ဖြစ်တာကြောင့် အဆွေတော် ဟု သုံးနှုန်းခြင်း ဖြစ်ပါတယ်” လို့ သံတော်တို့က လျှောက်ထားပါတယ်…။

ဒီအခါ ဒွါရာဝတီမင်းနှင့်လိုက်ပါလာတဲ့ ပညာရှိမှူးမတ်တို့က သဗ္ဗညုတရှင်တော်ဘုရားတို့ကို ဥပမာပြုပြီး တပည့်သားသံဃာတော်နှင့်တကွ ရေမြေ့ရှင်တို့တိုင်အောင် ခေါ်ဝေါ်တဲ့ ထုံးစံနှင့် ချေလည်ခြင်းကို ချီးမွမ်းကြတာကြောင့် ဒွါရာဝတီမင်းလည်း “စကားချေလည်ခြင်းဟာ သင့်မြတ်ပါပေတယ်…”လို့ ဆိုကာ ဆုလာဘ်များစွာ ပေးပါတယ်…။

ဒီကဲ့သို့ ဥပမာ၊ ဥပမေယျတို့နှင့် လိုရာရောက်အောင်၊ ပေါ်လွင်အောင် ပြောခြင်းကို “ရေစီးဖောင်ဆန် ပြောနည်း” လို့ ခေါ်ပါတယ်…။

(၄) “အိုးတန်ဆန်ခပ် ပြောနည်း”

အိုးနှင့်ဆန်ဟာ တန်အောင်ချက်ရင် နူးနပ်စွာ သုံးဆောင်ရပါတယ်…။ အလားတူ စကားအရာမှာလည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းကို “အိုးတန်ဆန်ခပ် ပြောနည်း”လို့ ခေါ်ပါတယ်…။

ဘုရားအလောင်း သုဝဏ္ဏသာမဟာ မြားဆိပ်သင့်ပြီး လဲနေရာမှ၊ မိဘနှစ်ပါးကို သိကြားမင်းက-

“သား ရှင်စေလိုသလော… ရွှေအိုး လိုချင်သလော… မျက်စိမြင်ချင်သလော… တစ်ခွန်းသာ တောင်းဆိုပါ” လို့ မေးရာမှာ -

“သား ရွှေအိုးထမ်းလာတာကို မြင်ချင်ပါတယ်…” လို့ ဖြေတာကြောင့် အလိုဆန္ဒတို့အားလုံး ပြည့်စုံရပါတယ်…။

ဒီကဲ့သို့ အလိုရှိရာစကားကို မယုတ်မလွန်ပြောဆိုခြင်းကို “အိုးတန်ဆန်ခပ် ပြောနည်း” လို့ ခေါ်ပါတယ်…။

(၅) ဆီပွတ်ကျည်ပွေ့ ပြောနည်း

ဆီရအောင် ပွတ်တဲ့အခါ အထပ်ထပ်အခါခါ ပွတ်ရပါတယ်…။ အလားတူ အလိုရှိရာစကားကို အထပ်ထပ်ပြောခြင်းကို “ဆီပွတ်ကျည်ပွေ့ ပြောနည်း”လို့ ခေါ်ပါတယ်…။

ရှေးအခါက မင်းတစ်ပါးဟာ ဘုရားတည်ဖို့ စီမံနေရာ ဘုရင်က-

“ဘုရားပိန္နဲတိုင်ကို မန်ကျည်းနှစ်သားနှင့် လုပ်ရသော် မကောင်းလော” လို့ အမတ်ကြီးကို မေးပါတယ်…။

အမတ်ကြီးက - “မန်ကျည်းနှစ်လည်း ကောင်းပါတယ်… ကျွန်းသားလည်း ကောင်းပါတယ်…”

ဒီလိုနဲ့ ဘုရင်မေးသမျှ သစ်သားများကိုလည်း ကောင်းကြောင်း၊ ကျွန်းသားလည်း ကောင်းကြောင်းကို ထပ်တလဲလဲ ထည့်ပြောတာကြောင့် နောက်ဆုံးမှာ ဘုရားပိန္နဲတိုင်အဖြစ် ကျွန်းသားကိုသာ ရွေးချယ်လိုက်ပါတော့တယ်…။

ဒီကဲ့သို့ အလိုရှိရာစကားကို ထပ်တလဲလဲပြောဆိုခြင်းကို “ဆီပွတ်ကျည်ပွေ့ ပြောနည်း”လို့ ခေါ်ပါတယ်…။

(၆) ဆင်ဝှေ့ရန်ရှောင် ပြောနည်း

ဆင်က လိုက်ဝှေ့ရင် လွတ်ရာလွတ်ကြောင်း ပြေးရှောင်ရာမှာ တည့်တည့်ပြေးလို့ မလွတ်နိုင်ပါဘူး…။ ကွေ့ကာ ကောက်ကာနှင့် တိမ်းရှောင်ပါမှသာ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်…။ အလားတူ စကားအရာမှာလည်း မိမိအဖို့ ဘေးအန္တရာယ်ကျရောက်လာမယ့်စကားကို ရှောင်လွှဲပြီး ပြောဆိုခြင်းကို “ဆင်ဝှေ့ရန်ရှောင် ပြောနည်း” လို့ ခေါ်ပါတယ်…။

ရှေးအခါက အိမ်ရှေ့မင်းတစ်ပါးဟာ ကျောင်းဆောက်ရာ၊ ကျောင်းတိုက်ကို ယက်မအောက် မြေကြီးထိအောင် ရွှေချပါတယ်…။ ဒါကို မြို့ဝန်က မြင်တော့ - “ဧကရာဇ်ကို တုပပြီး မြေကြီးအထိ ရွှေမချသင့်ဘူး” လို့ဆိုကာ အောက်ခြေက ရွှေများကို တိုက်ဖျက်ပစ်ပါတယ်…။

အိမ်ရှေ့မင်းက အမျက်ထွက်ပြီး စစ်မေးရာ မြို့ဝန်က တိုက်ရိုက်မလျှောက်တင်ဘဲ စကားတိမ်းရှောင်ပြီး-

“အရှင်အိမ်ရှေ့မင်းဟာ နောင်ဧကရာဇ်မင်း ဖြစ်လာမယ့်သူဖြစ်ပါတယ်… မင်းဧကရာဇ်မဖြစ်ခင် ရွှေအပြည့်ချပြီး ကျောင်းဆောက်သော် မင်းဧကရာဇ်ဖြစ်တဲ့အခါ မူလဆောက်တဲ့ ကျောင်းဆောင်နှင့် မင်းဖြစ်ပြီးမှ ဆောက်တဲ့ ကျောင်းဆောင်ဟာ ‘အတူတူပါပဲ… ခြားနားခြင်း မရှိ’ ဟု ပြောဆိုကြပါလိမ့်မယ်… ဒါကြောင့် မင်းဖြစ်တဲ့ကာလ ကျောင်းဆောက်တော်မူရင် နောင်ကိုချရန် ရွှေအခင်းကို ချန်လှပ်ထားရမှာ ဖြစ်ပါကြောင်း” လို့ လျှောက်တင်လေတယ်…။

ဒီလိုလျှောက်တင်တဲ့အတွက် အသက်ချမ်းသာရာ ရပါတယ်…။

ဒီကဲ့သို့ ဘေးလွတ်အောင် တိမ်းရှောင်ပြီး ပြောဆိုခြင်းကို “ဆင်ဝှေ့ရန်ရှောင် ပြောနည်း” လို့ ခေါ်ပါတယ်…။

(၇) တောင်သူယာခုတ် ပြောနည်း

တောင်သူတို့ဟာ ယာခုတ်တဲ့အခါ ချုံငယ်၊ သစ်ပင်ငယ်တို့ကို အရင်ဆုံး ရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲကြပါတယ်…။ အလားတူ စကားအရာမှာ ဦးစွာပထမ စကားငယ်တို့ကိုသာ ပြောပြီး နောက်မှ စကားကြီးများကို ဖိပြောခြင်းဖြင့် အနိုင်ယူခြင်းကို “တောင်သူယာခုတ် ပြောနည်း” လို့ ခေါ်ပါတယ်…။

ရှေးအခါက ဝိဒေဟရာဇ်မင်းကြီးရဲ့ သိန်းအမတ်နှင့် မဟော်သဓာပညာရှိသုခမိန်တို့ “ပညာနှင့်ဥစ္စာ ဘယ်အရာက သာ၍မြတ်ကြောင်း” ငြင်းခုန်ကြရာမှာ - မဟော်သဓာက ပထမဦးစွာ သေးငယ်တဲ့ ဥပမာတို့နှင့်သာ တင်ပြပြောဆိုပြီး နောက်ဆုံးမှာတော့ လောကသုံးပါးမှာ အတုမရှိတဲ့ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရားထက် အဘယ်ဥစ္စာရှိသူက သာလွန်နိုင်မည်မဟုတ်၊ ဥစ္စာရှိသူထက် ပညာရှိသူက သာ၍မြတ်ပေ၏ ဆိုပြီး စကားကြီးနှင့် ပိတ်ဆို့ ပြောလေတယ်…။ အနိုင်နှင့်ပိုင်းလိုက်တယ်…။

ဒီကဲ့သို့ စကားငယ်တို့ကို အရင်ပြောပြီးမှ စကားကြီးတို့နှင့် ပိတ်ပြီးပြောဆိုခြင်းကို “တောင်သူယာခုတ် ပြောနည်း” ခေါ်ပါတယ်…။

(၈) ကြက်ဆုတ် ခွပ်ပစ် ပြောနည်း

ကြက်တို့ရဲ့ သဘောမှာ ခွပ်မယ့်ဟန်ပြုလိုက်၊ နောက်ကိုဆုတ်ကာဆုတ်ကာနှင့်ပြုပြီး တကယ်ခွပ်တဲ့အခါမှသာ စီးပြီး ခွပ် တတ်ကြပါတယ်…။ အလားတူ စကားအရာမှာလည်း သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးနောက်၊ တင်စီးနိုင်တဲ့အခါမှ စီးလျက်ပြောခြင်းကို “ကြက်ဆုတ် ခွပ်ပစ် ပြောနည်း” လို့ ခေါ်ပါတယ်…။

ဦးပေါ်ဦး လျှောက်ထုံးဖြစ်တဲ့ ကဝိသေတ္တုမဉ္ဖူသာကျမ်းမှကိုးကားရန် ဖော်ပြပေးလိုက်ပါတယ်…။

တစ်ရံရောအခါ အမရပူရ နေပြည်တော်ကြီးအတွင်း တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖိုမှ မီးထလောင်ကျွမ်းတော့ နန်းတော်ကြီးအပါအဝင် ရှိရှိသမျှ မီးလောင်ကျွမ်းကုန်တော့ ခေါက်ဆွဲဖိုပိုင်ရှင် ငရွှေကြည်က လက်လွတ်ထွက်ပြေး တိမ်းရှောင်နေတယ်…။

ထိုအခိုက်…. ဂန္ဓာလရာဇ်ပြည့်ရှင် ချင်းလုံဦးတည်မင်းက လျောင်းတူရဲနှင့် အဖော်နှစ်ဦးတို့ကို သံအမတ်ခန့်ပြီး ပဏ္ဏာလက်ဆောင်များ၊ ကုန်စည်ဝယ်ဖို့ ငွေတော်ရှစ်သိန်း၊ ကုန်တင်ဖို့ လားကောင်ရေ ခုနစ်ထောင်ကျော်တို့နှင့် အမရပူရကို လွှတ်လိုက်တယ်…။ ထိုသူတို့ဟာ ရန်ကင်းတောင်အနီးမှာ စခန်းချနေစဉ် စစ်ကိုင်းမင်းရဲ့ အိမ်တော်သားတို့ဟာ လက်နက်လှံဓား အမြောက်အမြားနှင့် တရုတ်ကုန်သည်တို့ကို တိုက်ခိုက်လုယူကြရာ လားတို့လည်း တကွဲတပြား၊ တရုတ်တို့လည်း ဒဏ်ရာဒဏ်ချက်တို့ ရကြကုန်တယ်…။ အဲဒီအခါ တရုတ်သံတို့က မင်းတရားကြီးကို ဒီအကြောင်းကို အစီအရင်ခံပြီး “ဒဏ်ရာဒဏ်ချက်ရရှိခဲ့တာကို မဟာမိတ်နိုင်ငံချင်း ဖြစ်တာကြောင့် မပြောမဆိုလိုကြောင်း၊ အထည်ပစ္စည်းဝယ်ဖို့ လွှတ်လိုက်တဲ့ ငွေတော်ရှစ်သိန်းကိုသာ ပေးလျော်စေလိုကြောင်း၊ ယင်းသို့မဟုတ်ပါက လုယက်သူတို့ကို တရုတ်တို့ထံ ပေးအပ်စေလိုကြောင်း” လျှောက်ထားကြတယ်…။

ဘုရင်မင်းမြတ်က ဒီအရေးကို ဆောင်ရွက်စေဖို့ အမတ်ကြီးဦးပေါ်ဦးကို တာဝန်လွှဲတော်မူတယ်…။ အမတ်ကြီးဦးပေါ်ဦးလည်း တရုတ်တို့ကို ဧည့်ဝတ်ကျေပွန်စွာ ပြုပြီး တရုတ်သံတို့ တောင်းဆိုတဲ့ လျော်ကြေးအတွက် စကားဆိုပါတယ်…။

“ဘုရင်ဦးတည်မင်းရဲ့ အမိန့်စာချွန်ကို ဖတ်သိရတဲ့အတိုင်း ကျွနု်ပ်တို့က ပေးလျော်ပါမယ်… တရုတ်ကုန်သည်တို့ ပျောက်ဆုံးသွားတဲ့ ပစ္စည်းအရပ်ရပ်ကိုသာ နောင်အခါ ကျန်ပါသေးတယ်လို့ မဖြစ်ရလေအောင် ထမင်းစားတဲ့တူကိုပါမချန် ယခုတစ်ခါတည်း စာရင်းတင်ပါ” လို့ ဦးပေါ်ဦးက ဆိုပါတယ်…။

“တရုတ်တို့က ငွေတော်ရှစ်သိန်းနှင့် မိမိတို့ပိုင်ငွေနှင့် ပေါင်းသော် ကိုးသိန်းခန့် ပျောက်ပါတယ်…” လို့ ဆိုတယ်…။

ဒီအခါ ဦးပေါ်ဦးက - “အဲဒီငွေတော်ကို လျော်ပါမယ်… ယခု အမရပူရနေပြည်တော်မှ ရွှေနန်းတော်ကြီးနှင့်တကွ တစမကျန် တရုတ်လူမျိုး ငရွှေကြည်ခေါက်ဆွဲဖိုမှစပြီး မီးလောင်ခံရတာကို သံမင်းတို့ အသိပဲ ဖြစ်ပါတယ်… ဒီအတွက် မူလမီးရှင် တရုတ်ငရွှေကြည်ကို ကျွန်ုပ်တို့လက်ဝယ်ရောက်လျှင် ပျောက်ဆုံးငွေ ကိုးသိန်းကို ရပါစေမယ်…။” လို့ ပြန်ကြားလိုက်တယ်…။

တရုတ်သံတို့လည်း ငရွှေကြည်ကို ရှာဖွေရာ မတွေ့တာမို့ မရနိုင်ကြောင်း စကားပြန်ပါတယ်…။

ဒီအခါ ဦးပေါ်ဦးက- “နှစ်တိုင်းနှစ်ပြည် မဟာမိတ်ဖြစ်ကြတာ နှစ်ရှည်လများ ရှိခဲ့ပြီ… မိတ်မပျက်စေခြင်းအကျိုးငှာ တိမ်းရှောင်နေသူ တရုတ်ငရွှေကြည်တစ်ယောက်ကိုသာ ပေးအပ်ပါတောင်းဆိုခဲ့တယ်… ရှာဖွေမရတာကြောင့် မပေးအပ်နိုင်ဆိုချေပြီ… ကျွနု်ပ်တို့ထံ တောင်းရမ်းတဲ့ ဓားပြတို့မှာ လူများစွာဖြစ်တော့ အဘယ်မှာရှာကြံ ရနိုင်ပါအံနည်း… ပေးလျော်စေလိုတဲ့ ငွေကိုးသိန်းမှာလည်း၊ တရုတ်လူမျိုး ငရွှေကြည်ရဲ့မီးကြောင့် ပျက်စီးသွားတဲ့ ပစ္စည်းတန်ဖိုးမှာ ကုဋေငါးဆယ်မျှမက ရှိချေတယ်… ယင်းငွေများကို ကျွနု်ပ်တို့က နှစ်ပြည့်တစ်ပြည် အကြည်တော်မပျက် ရှိကြစေခြင်းငှာ သံမင်းတို့ ဘုရင်ထံ တောင်းခံခြင်း မပြုပါ… ပျောက်ဆုံးသွားတဲ့ ငွေကိုးသိန်းခန့်လောက်ကို ကျွနု်ပ်တို့ထံ တောင်းခံခြင်းပြုတာ ပြည်ထောင်တကာ မင်းများစွာတို့ ကြားသိရင် စင်စစ်ရယ်မောဖွယ်ကြီး ဖြစ်ပါလိမ့်မယ်… ဒါကြောင့် ဒီအချက်ကို စဉ်းစားပြီးမှ တောင်းခံသင့်ကြောင်းကို သံမင်းတို့မင်းထံ လျှောက်ထားပါလေ” လို့ ဆိုလိုက်ပါတယ်….။

သံအမတ်တို့ရဲ့ တင်ဆက်လွှာအရ ဦးတည်မင်းက လျော်ကြေးငွေ မတောင်းစေတော့ဘဲ၊ ပြန်လာကြဖို့ အကြောင်းကြားလေတယ်….။

ဤကဲ့သို့ စကားကို ဦးစွာ အလျှော့ပေးပြီး စီးလာတဲ့အခါမှ စီးပြီးပြောခြင်းကို “ကြက်ဆုပ်ခွပ်ပစ် စကားပြောနည်း” လို့ ခေါ်ပါတယ်…။

(၉) ရေစစ်ကရား ရေသွားသောသွင် ပြောနည်း

ရေစစ်သော ဓမ္မကရိုဏ်ကို ရေမှာနှစ်ကာ ရေပြည့်လျှင် အပေါက်ကို လက်နှင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူရဲ့ စကားကို ပိတ်မိအောင် ပြောသောစကားကို “ရေစစ်ကရား ရေသွားသောသွင် စကားပြောနည်း” ခေါ်ပါတယ်…။

ရှေးအခါက သူငယ် ၄ ယောက်နှင့် အဘိုးအိုတစ်ယောက်ဟာ “မယုံဘူး”ပြောသူကို ကျွန်ပြုစတမ်း ချိန်းချက်ပြီး ယုံတမ်းစကား ပြောကြတယ်…။

ပထမသူငယ်က- “ငါ ငယ်စဉ်က အမိဝမ်းတွင်းမှာ ပဋိသန္ဓေနေစဉ် အမိဖြစ်သူ ချဉ်သီးစားချင်ကြောင်း သိရတော့ ဝမ်းတွင်းမှ ထွက်ပြီး ချဉ်သီးရှာပေးခဲ့တယ်… ရလာတော့မှ ဝမ်းတွင်းကို ပြန်ဝင်နေလိုက်တယ်… ယုံကြည်ပါသလော” လို့ ဆိုတယ်…။

ဒုတိယသူငယ်က- “ငါဟာ မန်ကျည်းသီး စားချင်တာကြောင့် ကိုယ့်ခြေမကိုယ် ပြန်ကိုင်ပစ်ကာ မန်ကျည်းပင်ပေါ်ကို တက်တယ်…. မန်ကျည်းသီး တင်းပေါင်းများစွာ ဆွတ်ပြီး မဆင်းနိုင်တာကြောင့် အိမ်မှ လှေကားကို ပြန်ယူပြီး ဆင်းခဲ့ရတယ်… ယုံကြည်ပါသလော” လို့ ဆိုတယ်…။

တတိယသူငယ်က- “ငါဟာ ငါးစားချင်တာကြောင့် ရေငုပ်ပြီး ငါးကို ဖမ်း၊ ရေထဲမှာပဲ မီးဖုတ်စားတယ်… ယုံကြည်ပါသလော” လို့ ဆိုတယ်…။

စတုတ္ထသူငယ်က- “ငါ့မိဘအိမ်ဟာ အလွန်မြင့်တယ်… အိမ်မှ အိမ်စေကျွန်မရဲ့ ဖွားမြင်စ သားကလေးဟာ ကြမ်းပေါက်မှ ကျွံကျတာ ဆံပင်ဆွတ်ဆွတ်ဖြူမှ အောက်ကို ရောက်တယ်… ယုံကြည်ပါသလော” လို့ မေးတယ်…။

ကျန်လူများက ယုံကြည်ပါတယ်လို့ချည်းသာ ဖြေကြတယ်…။

နောက်ဆုံးမှာ အဘိုးအိုအလှည့်…

“ငါဟာ ဝါပင်တစ်ပင်စိုက်တယ်… ဝါသီး ၄ သီး သီးတယ်… အဲဒီဝါသီးတွေကနေ သူငယ် ၄ ယောက် ပေါ်ပေါက်တယ်… သူငယ် ၄ ယောက်ကို ငါ ကျွန်ပြုထားတယ်… အဲဒီသူငယ် ၄ ယောက် ငါ့ထံမှ ထွက်ပြေးကြတယ်… သူတို့ကို ငါ လိုက်ရှာတယ်… အခုတော့ တွေ့ရပြီ… သင်တို့ ၄ ယောက်ဟာ ငါ့ကျွန် သူငယ် ၄ ယောက်ပါပဲ… ယုံကြည်ပါသလော” လို့ မေးတယ်…။

သူငယ် ၄ ယောက်မှာ ယုံပါတယ် ဆိုရင်လည်း အဘိုးအိုရဲ့ကျွန်၊ မယုံပါဆိုရင်လည်း ကျွန်ဖြစ်ကြရတယ်…။

အဲဒီလို သူ့စကားကို ပိတ်မိအောင် ပြောတဲ့စကားကို “ရေစစ်ကရား ရေသွားသောသွင် စကားပြောနည်း” လို့ ခေါ်ပါတယ်…။

(၁၀) ခတ်တင်မောင်းနင်း ပြောနည်း

သူ့စကားကို ဟုတ်တယ်လည်းမဆို၊ မဟုတ်ဘူးလည်း မဆိုဘဲ၊ မတင်မကျ ပြောခြင်းကို “ခတ်တင်မောင်းနင်း ပြောနည်း”လို့ ခေါ်ပါတယ်…။

ရှေးအခါက မင်းမှုထမ်းတစ်စုက လူဆိုးတစ်ယောက်ကို ဖမ်းဆီးမိတယ်…။ သေဒဏ်ပေးမည်အပြုမှာ လူဆိုးက- ငါဟာ တောင်ဘီလူးဆရာတော်ရဲ့ တူ ဖြစ်တယ် လို့ ဆိုပါတယ်…။ မှန်မမှန်မေးမြန်းဖို့ ဆရာတော်ထံကို ခေါ်သွားကြတယ်…။ ကျောင်းရောက်တော့ ဆရာတော်ကို မေးလျှောက်ကြတယ်…။ ဆရာတော်က တွေးတောတယ်…။ မဟုတ်ဘူးပြောရင် ဒီလူ သေမယ်… ဟုတ်တယ်ပြောရင်လဲ ငါ မုသားရောက်မယ် လို့ တွေးမိတယ်…။

ဒါနဲ့ - “ဤသူ ငါ့တူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲ” လို့ မိန့်တော်မူတယ်…။ မင်းမှုထမ်းတို့လည်း ဟုတ်မှာဘဲထင်မှတ်ပြီး ထပ်မလျှောက်ဝံ့တော့ဘဲ ပြန်သွားကြတယ်…။ လူဆိုးလည်း ချမ်းသာရာ ရတယ်…။

ဒီလို မတင်မကျ ပြောခြင်းကို “ခတ်တင်မောင်းနင်း ပြောနည်း” လို့ ခေါ်ပါတယ်…။

စကားကြီး ဆယ်မျိုး ဤတွင် ပြီး၏။

( ဘက်မလိုက်သော အမျိုးသားရေးဝါဒ )

No comments:

Post a Comment

Note: Only a member of this blog may post a comment.