Breaking

October 16, 2021

တစ်လအတွင်း Mytel တာဝါ ၁၂၀ ဖျက်ခံရ၊ ကျပ်ဘီလီယံ ၂၀ ခန့် ထိခိုက်

 2021-10-08


တစ်လအတွင်း Mytel တာဝါ ၁၂၀ ဖျက်ခံရ၊ ကျပ်ဘီလီယံ ၂၀ ခန့် ထိခိုက် ပလက်ဝမြို့နယ်က ဖောက်ခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင်တစ်ခုကို တွေ့ရစဥ်
Photo: CJ

မြန်မာနိုင်ငံရဲ့ လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာ Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်လို့ နိုင်ငံတစ်ဝန်းက ဒေသခံ အရပ်သားကာကွယ်ရေး PDF တပ်တွေရဲ့ ဖောက်ခွဲ ဖျက်ဆီးမှုတွေ ဆက်တိုက် ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက် မနေ့ကအထိ ဖျက်ဆီးခံခဲ့ရတဲ့ Mytel တာဝါတိုင်ပေါင်း ၁၂၀ ရှိပါပြီ။ ဒီလိုလုပ်ရတာက ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကို လက်တုံ့ပြန်တာပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးတိုင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မိုင်တဲကနေပြီတော့ ဝင်ငွေတွေ ဝင်တယ်။ စစ်လက်နက်တွေ ဝယ်တယ်။ ကောင်းစားဖို့လုပ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ငွေဝင်နေတဲ့လမ်းကြောင်းကို ပိတ်မိမယ်လို့ ယူဆလို့လုပ်တာ။ ဖောက်ခွဲလိုက်ပြီ ဆိုရင် စစ်တပ်က အုံနဲ့ကျင်းနဲ့ လာတယ်။ အခုဆိုရင် Mytel ပတ်ဝန်းကျင်မှာ မိုင်းတွေထောင်တာ လုပ်တယ်။ ကင်းဝပ်တာတွေ လုပ်တယ်"

စက်တင်ဘာ ၄ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းတွေနဲ့ ကချင်၊ မွန်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေက တာဝါတိုင်ပေါင်း ၁၂၇ တိုင် ဖောက်ခွဲဖျက်ဆီး ခံခဲ့ရပါတယ်။ အဲဒီအထဲက တာဝါတိုင် ၁၂၀ က Mytel တာဝါတိုင်တွေဖြစ်ပြီး ကျန် ခုနစ်ခုကတော့ အခြားဆက်သွယ်ရေး ကုမ္ပဏီက တာဝါတိုင်တွေ ဖြစ်ပါတယ်။

ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်း ဆောင်ရွက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်ဂျင်နီယာတစ်ဦးက ဆက်သွယ်ရေးတာဝါတိုင်တစ်ခုရဲ့တန်ဖိုးဟာ အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ ကနေ ၂၅၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ပြောပါတယ်။

"တာဝါတိုင်တစ်လုံးရဲ့ ကုန်ကျစရိတ်က ပုံမှန်ပြောလို့မရဘူး။ အော်ပရေတာတစ်ခုပဲ ဆင်ထားတဲ့ တာဝါတိုင်ဆိုရင် သိန်း ၁၅၀၀ ဝန်းကျင်ရှိတယ်။ ဒါကတော့ သုံးတဲ့ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ကွာသွားလိမ့်မယ်။ ဥပမာ အောက်က သုံးတဲ့စက်တွေဆိုရင် 30 KV ဆိုရင် ဒေါ်လာတစ်သောင်း ဝန်းကျင်လောက် ရှိတယ်။ တာဝါတိုင်ရော၊ အောက်က စက်တွေရောဆိုရင် အမြင့်ဆုံး သိန်း ၂၅၀၀ ဝန်းကျင်လောက်တော့ ကျမယ်ထင်တယ်ဗျ"

မြန်မာစစ်တပ်က သူတို့ရဲ့ ထိခိုက်နစ်နာမှုကို ထုတ်မပြောပေမယ့် ပြီးခဲ့တဲ့ တစ်လအတွင်း Mytel တာဝါတိုင် ၁၂၀ ဖျက်ဆီးခံလိုက်ရတာကြောင့် ငွေကျပ် ဘီလီယံ ၂၀ လောက်အထိ ထိခိုက်နစ်နာနိုင်တယ်လို့ တာဝါတိုင် လုပ်ငန်းဆောင်ရွက်သူတွေက ခန့်မှန်းပါတယ်။

ဒါကြောင့် စစ်တပ်က ဆက်သွယ်ရေးတာဝါတိုင် ဖောက်ခွဲဖျက်ဆီးသူတွေကို စုံစမ်းပြီး အရေးယူမယ်လို့ စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

မိုင်တဲတာဝါတိုင်တွေ ဆက်တိုက်ဖောက်ခွဲဖျက်ဆီးခံလာရတာကြောင့် စစ်တပ်က တာဝါတိုင်တွေ အနီးကပ် လုံခြုံရေးယူတာတွေနဲ့ ဒေသခံတွေကို တာဝါတိုင်နား မကပ်ဖို့ သတိပေးတာတွေပြုလုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက က ပြောပါတယ်။

"ကင်းစောင့်တာက အချိန်ပြည့်တော့ မစောင့်ဘူးဗျ။ နေဝင်ရိုးရီလောက်လာပြီး တိုင်ကို ပတ်ချာ လှည့်ကြည့်တယ်။ သေနတ် ၄၊ ၅ ချက်လောက်ဖောက်ပြီး ပြန်သွားတယ်။ အဲဒီအနီးအနားဝန်းကျင်က လူတွေကိုတော့ တိုင်နားကို မကပ်ဖို့ မှာသွားတယ်။ အရင်ကတော့ တစ်ပတ်လောက် စစ်သား ငါးယောက် လောက် လာစောင့်တယ်။ နောက်တော့မစောင့်တော့ဘူး။ မိုင်းထောင်ထားလို့ မစောင့်တာလို့ ယူဆ ရတာပေါ့"

မြို့နဲ့ အလှမ်းဝေးတဲ့ တာဝါတိုင်တွေအနီး မိုင်းထောင်ထားတာကြောင့် ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီ ဝန်ထမ်းတွေအနေနဲ့ တာဝါတိုင်ပြင်ဆင်ရေး ဆောင်ရွက်မယ်ဆိုရင် အကြောင်းကြားဖို့နဲ့ လုံခြုံရေးရယူပြီးမှ သွားရောက်ဖို့ ကုမ္ပဏီကနေတစ်ဆင့် အကြောင်းကြားလာတယ်လို့ တာဝါတိုင်တည်ဆောက်ရေး အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

"တာဝါတိုင်ရော၊ အောက်က စက်တွေရောဆိုရင် အမြင့်ဆုံး သိန်း ၂၅၀၀ ဝန်းကျင်လောက်တော့ကျမယ်"

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာအနီးက မိုင်တဲ ဖုန်းတာဝါတိုင်ကို ပြုပြင်ဖို့လာတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဟာ တာဝါတိုင်အနီးမှာ မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း အောက်တိုဘာ ၇ ရက် မနေ့ ညနေပိုင်း Mytel တာဝါတိုင်က မီးစက်ကို ဆီလာဖြည့်တဲ့ ဝန်ထမ်း သုံးယောက် မိုင်းနင်းမိလို့ ဝန်ထမ်းတစ်ဦး ခြေထောက် ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

mytel-mine.jpg
(မကွေးတိုင်း မြိုင်မြို့နယ်က Mytel တာဝါတိုင်နားမှာ စစ်ကောင်စီတပ် မိုင်းထောင်နေစဥ်) Photo: CJ

ဆက်သွယ်ရေးတာဝါတိုင်တွေအနီး မြေမြှုပ်မိုင်းထောင်တာတွေရှိကြောင်း ပြောဆိုချက်တွေအပါအဝင် တာဝါတိုင်တွေ ဖျက်ဆီးခံနေရတာနဲ့ ပတ်သက်လို့ RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးတဲ့အခါ ထူးထူးခြားခြား ဆောင်ရွက်တာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

"ကာကွယ်ဖို့ဆိုတဲ့နေရာမှာတော့ ပုံမှန်လုပ်နေကျပဲ။ ထူးခြားပြီး လုပ်ဆောင်တာတော့ မရှိပါဘူး။ ယခင် ကတည်းက ခြံစည်းရိုးခတ်ထားတာတွေ ရှိတယ်။ တချို့စိတ်မချရတဲ့ နေရာဆိုရင်တော့ ခြံစည်းရိုး ပြန်ခတ်တာမျိုးတွေ ရှိကောင်းရှိနိုင်တယ်။ ထူးခြားပြီး လုပ်ဆောင်တဲ့ဟာမျိုးတော့ ရှိစရာလည်း အကြောင်းမရှိပါဘူး။ ပြောရမယ်ဆိုရင် Mytel တာဝါတိုင်ပဲဖြစ်ဖြစ် ဘယ်တာဝါတိုင်ပဲဖြစ်ဖြစ် နိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ဆောင်နေတာပဲ ဖြစ်တယ်"

အခုလို ဆက်သွယ်ရေးတာဝါတိုင်တွေ ဆက်တိုက်ဖျက်ဆီးခံလာရတဲ့နောက်ပိုင်း နိုင်ငံတစ်ဝန်းက မြို့နယ် ၂၆ ခုကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားပါတယ်။ တာဝါတိုင်တွေ ဖျက်ဆီးခံရပြီး အင်တာနက် ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ စစ်တပ်ဟာ ဒေသခံကာကွယ်ရေး တပ်တွေကို နှိမ်နင်းဖို့ စစ်အင်အားတွေပါ တိုးချဲ့နေတာတွေ့ရတယ်လို့ မြင်းခြံမြို့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"တာဝါတိုင် ဖောက်ခွဲမှုတွေရှိလာတော့ စစ်ကောင်စီက သူတို့ရဲ့အင်အားတွေကို တိုးချဲ့တယ်။ မြို့တွေမှာ ဆိုရင်လည်း မြို့အဝင်အထွက်တွေ၊ ရပ်ကွက်အဝင်အထွက်တွေ၊ လမ်းဆုံတွေမှာ၊ စာသင်ကျောင်းတွေမှာ သူတို့ရဲ့တပ်တွေကို နှစ်မိုင်ခြားလောက် ချထားတယ်။ ရွာတွေမှာလည်း နှစ်ရွာ၊ သုံးရွာခြားတစ်ခါ တပ်စွဲထားတယ်။ တာဝါတိုင်တွေ ပြဿနာပေါ်ပြီးတော့ အင်တာနက်ဖြတ်ခံရတယ်။ အင်တာနက် ဖြတ်ခံရတဲ့အချိန် ပြဿနာတွေ အများကြီး မြို့မှာကြုံနေရတယ်"

mytel-sagaing.jpg
(စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင် ဆက်စပ်ပစ္စည်းတွေ စက်တင်ဘာ ၈ ရက်နေ့က ဖျက်ဆီးခံရစဥ်) Photo: CJ

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်မှာ ကချင်ပြည်နယ် ဖားကန့်ကို စစ်တပ်က အင်တာနက် စတင် ဖြတ်တောက်ခဲ့ ပါတယ်။ စက်တင်ဘာလထဲမှာတော့ ချင်းပြည်နယ်က ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း၊ မကွေးတိုင်းက မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း၊ တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်းက ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ယင်းမာပင်၊ အရာတော်၊ ကောလင်း၊ ဝင်းသိုလ် ၊ပင်လယ်ဘူး၊ ကသာ မန္တလေးတိုင်းက မိုးကုတ်၊ မြင်းခြံ မြို့တွေမှာ အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဒီအင်တာနက် ဖြတ်တောက်မှုတွေကြောင့် မြို့နယ် ၂၆ ခုမှာ နေထိုင်တဲ့ လူပေါင်း သုံးသန်းကျော် ဟာ သတင်းအချက်အလက် ရရှိပိုင်ခွင့်တွေ ဆုံးရှုံးနေပါတယ်။

နိုင်ငံတကာသံရုံးတွေကလည်း အခုလို အင်တာနက် ဖြတ်တောက်တာကို စိုးရိမ်တဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကတော့ အင်တာနက်ဖြတ်တောက်မှုဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့နဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်အုပ်စုတွေက ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖျက်ဆီးတာကြောင့်လို့ စက်တင်ဘာ ၂၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တာဝါတိုင်တွေ ဖျက်ဆီးခံနေရတာကိုတားဆီးဖို့ စစ်ကောင်စီက နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေပေမယ့် လည်း ဖျက်ဆီးခံရမှုတွေကတော့ ဆက်ပြီးရှိနေပါတယ်။

 https://www.rfa.org/burmese/program_2/mytel-tower-10082021051336.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.