Breaking

October 21, 2019

အမှုဖွင့်ချင်ပေမယ့် ရဲက အမှုမဖွင့် ပေးဘူး ဆိုရင် ဆောင်ရွက်ရမယ့် နည်းလမ်းများ


ရေးသားသူက ရဲမှူးကြီး မြင့်ဝေ(ငြိမ်း) ဖြစ်ပါတယ် အများပြည်သူသိသင့်တဲ့ အကြောင်းအရာတွေပါ
ကျွန်တော်ပြောချင်(ရေးချင်)နေတာကြာပါပြီ။မီဒီယာများ (အထူးသဖြင့် Facebook)မှာ မကြာခဏတွေ့နေရသည့် ရဲစခန်းသို့ ရာဇဝတ်မှုများ သွားရောက်တိုင်တန်းသည်ကို (သတင်းပေးသည်ကို)အမှုဖွင့်ခြင်းမပြုသည့် ကိစ္စဖြစ်ပါတယ်။
တကယ်တော့ ရဲစခန်းမှာ အမှုတိုင်လျှင် အမှုဖွင့်ပေးရမည်မှာရဲများ၏မဖြစ်မနေ(မလွဲမသွေ) လုပ်ရမည့် အလုပ်ဆိုသည်ကို ရဲတိုင်းသိကြပါတယ်။ အချို့သောနားလည်နှံ့စပ်သည့် ပြည်သူများနှင့် ဥပဒေပညာရပ် တတ်ကျွမ်းသူများလည်း သိကြပါ တယ်။
မသိကြသေးသော ပြည်သူများသိနိုင်အောင် ရေးပြရလျှင်ဖြင့်ရာဇဝတ်မှု (ရဲအရေးပိုင်သောအမှု) ဖြစ်ပွားကြောင်း ရဲစခန်းသို့ လာရောက်တိုင်ကြားလျှင် ရဲတွေခေါ်နေကြတဲ့ FIR ဆိုတာFirst In formation Report ဖြစ်ပါတယ်။ မြန်မာလိုတော့ ပထမသတင်းပေးတိုင်ချက်ပါ။ ဒီလိုမှုခင်း ဖြစ်ပွားကြောင်း ရဲထံပထမဆုံးပေးတဲ့သတင်းလို့ ဆိုတာဖြစ်ပါတယ်။
တိုင်ချက်လို့ အတိုခေါ်ကြပါတယ်။ဒီလိုရာဇဝတ်မှု ရဲအရေးပိုင်တဲ့အမှု ဖြစ်ပွားခဲ့ရင် ကာယကံရှင် ကိုယ်တိုင်လာရောက် တိုင်ကြားမှသာအမှုဖွင့်ပေးရမှာ မဟုတ်ပါဘူး။ နစ်နာသူကာယကံရှင် ကိုယ်တိုင် တိုင်ကြားနိုင်သလိုကြားက သိရှိသူ၊ မြင်တွေ့သူကလည်း တိုင်ကြားနိုင်ပါတယ်။
ဒါကို သတင်းပေးတယ်လို့ ဆိုပါတယ်။ ဘယ်သူတိုင်တိုင်FIR ဖွင့်ပေးရမှာ အမှုဖွင့်စစ်ဆေးပေးရမှာ ရဲအလုပ်ပါ။ တိုင်တဲ့အခါမှာလည်း ရဲစခန်းကို ကိုယ်တိုင်လာရောက်တိုင်ကြားရမှာ ဖြစ်ပေမဲ့ မလာရောက်နိုင်လို့ စာရေးသား ပေးပို့တိုင်တာ၊ ကြေးနန်းစာပေးပို့ တိုင်တာ လည်း လုပ်လို့ရပါတယ်။
ဖုန်းဆက်ပြီးတော့လည်း တိုင်နိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့တိုင်ရင်လည်း အမှုဖွင့်ရမှာပါပဲ။ ဘယ်လိုနည်းနဲ့ တိုင်တိုင် ပထမသတင်းပေးတိုင်ချက်ဆိုတဲ့FIR ကို ချက်ချင်းဖွင့်ပေးရပါမယ်။ ချက်ချင်းဖြစ်ပါတယ်။အချိန်ဆွဲခွင့်လည်းမရှိပါဘူး။ ဖြစ်ပွားပုံ ဖြစ်ပွားသည့်နေရာကို သွားရောက် စစ်ဆေးပြီးခါမှ FIR ဖွင့်လို့လည်း မရပါဘူး။
တိုင်ပြီဆိုတာနဲ့ ဖွင့်ရမှာပါ။ ဒါကိုပြည်သူတွေသိထားရင်အခုဖွင့်ပေးမှာလား မဖွင့်ပေးဘူးလားလို့ ဗြောင်ပြော ဗြောင်မေးလိုက်ရုံပါပဲ။အမှုဖြစ်ပွားတဲ့ အပိုင်နယ်မြေရဲစခန်းမှာတိုင်မှ အမှုဖွင့်ပေးရ တာလည်း မဟုတ်ပါဘူး။ မြစ်ကြီးနားမှာဖြစ်တဲ့အမှု ကော့သောင်းက ရဲစခန်းမှာတိုင်ရင်တောင်မှ ကော့သောင်းရဲစခန်းက ဖွင့်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
မြစ်ကြီးနားမှာ သွားတိုင်ပါလို့ ပြောခွင့်မရှိပါဘူး။ ဘယ်စခန်းမှာတိုင်တိုင် ရပါတယ်။FIR ဖွင့်တယ်ဆိုတာကလည်း ဒီအမှုကို စုံစမ်းစစ်ဆေးဖို့စတင်ဆောင်ရွက်ခြင်းပါ။ FIR ဖွင့်ပြီးတာနဲ့ ဒီအမှုကိုစစ်ဆေးဖော်ထုတ်ဖို့ ရဲမှာတာဝန်ရှိသွားပါပြီ။ဒီလို FIR ဖွင့်ရမယ်ဆိုတာ ကျင့်ထုံးဥပဒေနဲ့ ရဲလက်စွဲမှာအတိအကျပါပြီး ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။
ရှောင်လွှဲဖယ်သွေခွင့် မရှိပါဘူး။ယုတ်စွအဆုံး အမှုတကယ်မဖြစ်ပါဘဲ အမှုဖြစ်ပွားပါတယ် ကျူးလွန်ခံရပါတယ်၊ နစ်နာပါတယ်ဆိုပြီး လိမ်လည်တိုင်တန်းတာကို (လိမ်လည်တိုင်မှန်း သိနေသည့် တိုင်အောင်)အမှုကိုဖွင့်ပေးရပါမယ်။
တစ်ခါအမှုဖြစ်ပြီး အတော်ကြာမှတိုင်တာကြောင့်လည်းဖွင့်လို့မရဘူး ဆိုတာမျိုးမရှိပါဘူး။ ရဲအရေးပိုင်မှုမှန်လျှင ဖွင့်ပေးရပါမယ်။အခြားရဲစခန်းအပိုင်မှာ ဖြစ်တဲ့အမှု ကိုယ့်စခန်းမှာ လာတိုင်တာ၊ အမှုမဖြစ်ဘဲ လိမ်လည်တိုင်တန်းတာ တွေအတွက်ဘယ်လိုလုပ်ရမယ် ဆိုတာလည်း ရဲတွေမှာလုပ်ထုံးလုပ်နည်းတွေ ရှိပြီးသားပါ။
ဒါရဲအလုပ်ပါ။ ရဲစခန်းအလုပ်ပါ။ကျွန်တော်ဆိုခဲ့တဲ့အတိုင်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ရှိနေပါလျက်၊ ရှိနေကြောင်းလည်း သိနေပါလျက် ရဲတွေကအမှုဖွင့်မပေးလို့ဆိုတဲ့အသံတွေ၊ ပြည်သူတွေရဲ့ မကျေမနပ်သံတွေ၊ ဆဲဆိုသံတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။
ရဲတွေကို နှိမ်ချပြောဆို ရေးသားနေကြတာတွေ၊ ချိုးဖဲ့၊ လှောင်ပြောင်တာတွေ ကြားနေရတော့ နှစ်ပေါင်းများစွာ ရဲအဖွဲ့မှာ
တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်လို့ ကျွန်တော်ရှက်လာမိပါတယ်။ ပြည်သူတွေဘက်ကနေပြီး လည်း မခံမရပ်နိုင်ဖြစ်လာမိပါတယ်။ ဒါကြောင့်ပဲ ဒီဆောင်းပါးကို ရေးမိတာပါ။ ဒီလိုလုပ်ရပ်တွေကြောင့် နောက်ဆက်တွဲဖြစ်ရပ်ဆိုးတွေ ပါဖြစ်ပေါ်နေကြောင်း ကြားရတော့ ပိုပြီးစိတ်မချမ်းမသာ ဖြစ်ရပါတယ်။
ဒါကြောင့် အမှုဖွင့်မပေးရတဲ့ အကြောင်းအရင်းကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ တကယ်တော့ ဒီလိုအမှုဖွင့်မပေးတဲ့ကိစ္စတွေက ခုမှဖြစ်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော် လောက်ကတည်းက တွင်ကျယ်လာတာဖြစ်ကြောင်းလေ့လာမိပါတယ်။
ဒီလိုရှိခဲ့လို့လည်း ၁၉၉၅ ခုနှစ်နောက်ပိုင်းကာလတွေမှာ ရဲတပ်ဖွဲ့အကြီးအကဲ ကိုယ်တိုင် အရပ်သား ဟန်ဆောင်ပြီး ရဲစခန်းတွေမှာ အမှုသွားတိုင်တာမျိုးလုပ်ပါတယ်။ အမှုဖွင့်မပေးရင် အရေးယူတာတွေလည်းလုပ်ပါတယ်။ အမှုဖွင့်မပေးရင် ထောင်ချသည်အထိ အရေးယူမှာဖြစ်ကြောင်းလည်း ရဲစခန်းတွေမှာ အများမြင်သာအောင်စာရေးကပ်ထားစေပါတယ်။
ဥပဒေလည်းရှိပြီး၊ အထက်လူကြီးတွေလည်း မလိုလားတဲ့ဒီကိစ္စကြီးက ပပျောက်မသွားဘဲ ပိုပြီးဆိုးရွားလာတာ ဘာကြောင့် များပါလိမ့်လို့ စဉ်းစားကြည့်မိပါတယ်။ရဲစခန်းတွေမှာ အမှုဖွင့်မပေးတဲ့ကိစ္စ အကြောင်းအရင်းခံတွေ အများကြီး ရှိပါတယ်။ ရဲစခန်းတွေဘက်က ကြုံတွေ့နေရတဲ့အခက်အခဲတွေ အများကြီးရှိနေပါတယ်။
ရဲစခန်းတွေမှာအမှုစစ်အရာရှိအင်အားက လျှော့နည်းနေတဲ့အပြင် အမှုစစ်လုပ်ငန်းမဟုတ်တဲ့ ပြင်ပလုပ်ငန်းတွေကလည်း များနေလေတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့အမှုတွေကို နိုင်အောင်မစစ်နိုင်ကြဘူး။ အချို့သောမြို့ကြီးတွေက ရဲစခန်းတွေ မှာ အမှုစစ်တစ်ယောက်မှာ အမှုရာချီပြီးရှိတယ်လို့ သိရပါတယ်။
ဘယ်လိုမှ နိုင်နင်းအောင်စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ ပြည့်စုံခိုင်မာအောင်လည်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ တရားခံ
အပြစ်ကျနိုင်လောက်တဲ့ သက်သေ အထောက်အထားတွေလည်း ဘယ်လိုမှရှာဖွေတင်ပြနိုင်မယ် မဟုတ်ပါဘူး။ နောက်အခက်အခဲ တစ်ခုက မြို့ပေါ်မှာဖြစ်ပွားတဲ့ အမှုဆိုရင်တောင် ဖြစ်တဲ့နေရာကိုသွားဖို့၊ သက်သေရှိတဲ့နေရာကိုသွား ဖို့၊ သက်သေခံပစ္စည်းရောက်သွားတဲ့ နေရာမှာသွားသိမ်းဖို့စတာတွေအတွက် လမ်းလျှောက်သွားလို့၊ စက်ဘီနဲ့သွားလို့
ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။
သက်သေခံပစ္စည်း အတွက်ထင်မြင်ချက် တောင်းခံဖို့ နေပြည်တော်က ဓါတုဗေဒဝန်ရုံးကို သွားရမယ်ဆိုရင် လမ်းစရိတ်ကလည်း မသေးလှပါ။အမှုစစ်စရိတ် ပေးတာရှိပါတယ်။ ဒါပေမဲ့ လောက်ငှနိုင်ပါ့မလား။ ဒီတော့အမှုစစ်တွေ လက်ထဲမှာအမှုတွေပုံနေပြီပေါ့။ ဘယ်စခန်းမှူး၊ ဘယ်မြို့နယ်ရဲတပ်ဖွဲ့မှူးက အမှုထပ်ဖွင့်ချင်ပါ့မလဲ။
ခုပြောခဲ့တာ ရဲစခန်းတွေဘက်က ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ပါ။ အခြားလည်းရှိပါဦးမယ်။ (နောက်ပိုင်းမှာ ထပ်မံတင်ပြပါမယ်)အမှုတွေဖွင့်မပေးကြတဲ့ကိစ္စမှာ အဓိကကျတယ်လို့ ကျွန်တော်ထင်မြင်တဲ့ အချက်ကတော့ မှုခင်းကျဆင်းရေး ဆိုတာကို လွဲမှားစွာ ဆောင်ရွက်ကြတာကြောင့်ဖြစ်တယ်လို့မြင်မိပါတယ်။
ကျွန်တော်တို့ရဲတပ်ဖွဲ့မှာ မှုခင်းကျဆင်းရေးဆိုတဲ့ လုပ်ငန်းစဉ်ရှိပါတယ်။ မှန်ပါတယ်၊ ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းတွေ ကျဆင်းအောင်လုပ်ဖို့ တာဝန်ရှိတာမှန်ပါတယ်။ သို့သော်လည်း လူရှိရင် အမှုရှိတာပဲဆိုတဲ့စကားနဲ့အညီ လူဦးရေများလာရင် အမှုတွေပိုများလာမယ်ဆိုတာ သဘာဝယုတ်တိရှိပါတယ်။
နိုင်ငံမှာစီးပွားရေးကျဆင်းလာရင် ဒုစရိုက်မှုကျူးလွန်တာတွေပိုဖြစ်မယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးပြီးအလုပ်လက်မဲ့တွေ များလာပြီဆိုရင်လည်း အမှုအခင်းတွေ ပိုဖြစ်လာမယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။
နောက် အရက်သေစာ၊ မူးယစ်ဆေးဝါးတွေ သောက်သုံးကြတာကလည်း မူခင်းဖြစ်ပွားမှုကို ပံ့ပိုးပေးနေတဲ့ အချက်ပါ။ လောင်းကစားသမားများကတော့ လောင်းကြေးရှုံးရင်ငွေအစား ပြန်ရလိုမှုကိုအကြောင်းပြုပြီး အမှုတွေကျူးလွန်ကြပါဦးမယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေကဘယ်လောက်တိုးပွားလာနေတယ်ဆိုတာ သန်းကောင်စာရင်း မကောက်ရင်တောင် သိသာတဲ့ အခြေအနေပါ။ ကိုယ့်နိုင်ငံစီးပွားရေးအကြောင်းလည်း ကိုယ်အသိဆုံးပါ။ အလုပ်လက်မဲ့ဆိုတာလည်း လူဦးရေရဲ့ ရာခိုင်နှုန်းမည်မျှလို့ မပြောနိုင်ပေမဲ့ အလုပ်လိုအပ်နေသူတွေ ဒုနှင့်ဒေးပါ။ ပြည်တွင်းမှာအလုပ်အကိုင် ရှားပါးလို့ပြည်ပကို တရားဝင်ရော တရားမဝင်ပါသွားလုပ်နေကြတာတွေကြောင့် ရွာတွေမှာ လူငယ်တွေ မရှိသလောက် ဖြစ်နေပါပြီ။
အရက်ဆိုတာကလည်း ပေါမှပေါ၊ မူးယစ်ဆေးဝါးကျတော့ သမ္မတကြီးကိုယ်တိုင် ပါဝင်နေရ ပါသည် မဟုတ်ပါလား။ လောင်းကစားဆိုတာကလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ကစားနိုင်သည် ဆိုတော့ ဘာပြောကောင်းမလဲပေါ့။
ဒီအခြေအနေက မှုခင်းတွေတိုးတက်ဖြစ်ပွားစေမယ့်အခြေအနေတွေပါ။ ဒါကိုအမှုတွေကျအောင် ချရမယ်လို့ဆင့်ကဲဆင့်ကဲ ညွှန်ကြားနေမယ်၊ ဖိအားပေးနေမယ်ဆိုရင် လက်တွေ့ဖြစ်ပေါ်နေတဲ့ အတိုင်း အမှုဖွင့်မပေးဘူးဆိုတဲ့ပြသနာ ဆက်ရှိနေဦးမှာပါ။
တပ်မတော်အစိုးရလက်ထက်က လေးလပတ် အစည်းအဝေး ကျင်းပပြီဆိုရင် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် ကောင်းလို့ နိုင်ငံတစ်ဝမ်းမှာ အမှုကြီးတွေ ဘယ်လောက် ထိအောင် ကျဆင်းသွားပါပြီ၊ ဒုစရိုက်မှုတွေဆိုလည်း ဘယ်မျှအထိ နှိမ်နှင်းလိုက်ပါပြီဆိုပြီး တင်ပြကြပါတယ်။ ဘယ်သူကမှအမှုတွေတိုးဖြစ်နေပါတယ်လို့ မတင်ပြချင်ပါဘူး၊ မတင်ပြရဲပါဘူး။ မင်းမလုပ်နိုင်ဘူးလားလို့ ဘယ်အမေး ခံချင်ပါ့မလဲ။
တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ လေးလပတ် အစည်းအဝေးကျတော့လည်း ထုံးစံ အတိုင်းပါပဲ၊ ကျွန်တော်တို့တိုင်းကျွန်တော်တို့ ပြည်နယ်မှာ မှုခင်းတွေကျပါတယ် ခင်ဗျပေါ့ ဒီလိုမပြောခဲ့နိုင်ရင် ကိုယ့်ဒေသ ပြန်ရောက်တဲ့အခါ လက်အောက်ကို ဖိအားပေးကြတော့တာပါပဲ။ မင်းတို့မလုပ်နိုင်ရင်ခရိုင်ရဲတပ်ဖွဲ့မှူးမလုပ်နဲ့။။ မြို့နယ်ရဲတပ်ဖွဲ့မှူးမလုပ်နဲ့လို့ ဆိုကြတော့တာပေါ့။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်။။ လေးလပတ်အစည်းအဝေးမှာ မှုခင်းလျှော့ချနိုင်မှု့ဆု ဆိုတာလည်းရှိနေတော့ ပြည်နယ်၊ တိုင်းတပ်ဖွဲ့မှူးတွေ ဆုရချင်ကြတာပေါ့။ အပြိုင်အဆိုင်အမှုတွေကျ ပြရတာပေါ့။ ဒီလိုဆုမျိုးတွေရတဲ့ ပြည်နယ်တိုင်းတပ်ဖွဲ့မှူးတွေ မျက်နှာပွင့်တာပေါ့။
ကိုယ့်လူကြီး မျက်နှာပွင့်နိုင်စေဖို့ အောက်ခြေမှာ ကင်းကိုက်ပြီပေါ့။ သီဟိုရီတွေနဲ့ ဖော်ထုတ်ထားတဲ့ မှုခင်ကျဆင်းရေးနည်းလမ်းတွေ၊ အစဉ်အလာဆောင်ရွက်ခဲ့တဲ့ နည်းလမ်းတွေ ကျင့်သုံးပေမဲ့ အမှုတွေက တိုးလို့တိုးလို့ ဖြစ်လာတဲ့အခါအောက်လမ်းနည်းတွေ မသုံးမဖြစ် သုံးကြရပါတော့တယ်။
နည်းလမ်းတွေကတော့……
(၁) ကျွန်တော်တို့ မှတ်ထားလိုက်ပါမယ်၊ သတင်းတစ်ခုခုရရင်လာပြောပါ အမှုဖွင့်ပြီး ဖမ်းပေး ပါမယ်လို့ ပြောပြီး ပြန်လွှတ်တဲ့နည်း၊
(၂) FIR မဟုတ်တဲ့စာအုပ်(FIR စာအုပ်အတု)မှာရေးမှတ်ထားလိုက်တဲ့နည်း၊
(၃) တိုင်တဲ့သူစိတ်ညစ်အောင် အချိန်ဆွဲ၊ ဟိုမေး သည်မေးဟိုပြော သည်ပြောလုပ်တဲ့နည်း၊
(၄) အမှုတိုင်ရင် အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ငွေကုန်မယ်၊ လူပင်ပန်းမယ်၊ တရားရုံးတွေ ဘာတွေသွားရမယ်၊ ရှေ့နေငှားရမယ် ဆိုတာတွေပြောပြီး စိတ်ပျက်စေတဲ့နည်း၊
(၅) အခြားရဲစခန်းအပိုင်မှာ ဖြစ်တာကြောင့် ဆိုင်ရာရဲစခန်းကိုသွားပါလို့ ပြောလွှတ်တဲ့နည်း၊
(၆) ခိုးမှုကို ခိုးမှုမသင်္ကာဆိုတာနဲ့ ရေးဖွင့်တဲ့နည်း၊အမှုကြီးကို အခြားသေးငယ်တဲ့ပုဒ်မတပ်ပြီး ဖွင့်တဲ့နည်း၊
(၇) စခန်းမှူးမရှိဘူး နောက်မှလာဖွင့်ပါ၊ တိုင်ချက်စာအုပ်မြို့နယ်မှူးယူသွားလို့ နောက်မှလာဖွင့်ပါလို့ ပြောတဲ့နည်း၊
(၈) လုံးဝကို ဖွင့်မပေးတဲ့နည်း၊စတဲ့နည်းလမ်းတွေပါပဲ။ နောက်ထပ်တောင်ရှိနေဦးမလားမသိဘူး။
ရဲတပ်ဖွဲ့ရဲ့ ပင်မလုပ်ငန်းက ပြည်သူတွေအတွင်းမှာ ဖြစ်ပွားပေါ်ပေါက်တဲ့ ရာဇဝတ်မှုခင်းတွေကို အမှုဖွင့်လှစ်၊ စစ်ဆေးဖော်ထုတ်ပေးပြီး တရားစွဲတင်ပို့၊ ကျူးလွန်သူ အပြစ်ကျသည်အထိ ဆောင်ရွက်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။
အခြားသောတာဝန်တွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ရဲစခန်းတစ်ခု အနေနဲ့ကတော့ မှုခင်းလုပ်ငန်းက အဓိကပါ။ဒီလုပ်ငန်းကလည်း ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲလည်းဖြစ်၊ ဥပဒေအရလည်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်နေတာကြောင့် မဖြစ်မနေအမှုဖွင့်စစ်ဆေး ပေးရပါမယ်။ မဖွင့်ဘူးဆိုရင် တာဝန်ပျက်ကွက်တာဖြစ်သလို ပြည်သူတွေအပေါ်သစ္စာဖောက်ရာလည်း ကျပါတယ်။ ပြည်သူတွေရဲ့ မုန်းတီးမှုကိုလည်း ခံရပါမယ်။ ခံလည်းခံနေရပါပြီ။
ပြည်သူတစ်ယောက်ကို အမှုဖွင့်မပေးလိုက်လို့ ဒီတစ်ယောက်က ရဲကိုမကျေနပ်တော့ဘူးဆိုရင် သူ့မိသားစု သူ့ဆွေမျိုးတွေသူ့မိတ်ဆွေအပေါင်းအသင်းတွေ ဆက်ပြီးဆက်ပြီး ရဲကိုမကျေနပ်တဲ့ သူတွေ ဘယ်လောက်တိုးပွားလာမလဲ။ Facebookမှာပါ တင်လိုက်ပြီဆိုရင် ရဲကိုမုန်းသွားမယ့် ပြည်သူအရေအတွက်ကို တွက်ချက်ကြည့်လိုက်စေချင်ပါတယ်။
ဒါကြောင့် အထက်လူကြီးတွေကလည်း မှုခင်းကျဆင်းရေးမှုခင်းတွေလျှော့ချရေး မှုခင်းတွေ မဖြစ်ပွားရေး ဆိုတာကိုဇောင်းပေးမနေတော့ဘဲ အမှုဖြစ်တယ်ဆိုတာ သဘာဝအရဖြစ်တာ လူဦးရေများလာရင် အမှုတွေတိုးလာမယ် နိုင်ငံစီးပွားရေးကျဆင်းရင် အမှုတွေများလာမယ်ဆိုတဲ့ အချက်တွေကို နားလည်လက်ခံပေးပြီး မှုခင်းကျဆင်းရေးအတွက်အလွန်အမင်း တွန်းအား ပေးတာမျိုး မလုပ်သင့်တော့ပါဘူးလို့ပြောပါရစေ။
တကယ်က မှုခင်းမဖြစ်ပွားအောင် တွန်းအားပေးတာထက်ဖြစ်ပွားတဲ့အမှုတွေကို ပေါ်ပေါက် အောင် စုံစမ်းဖော်ထုတ် ဖို့အတွက်သာ ဦးစားပေးဆောင်ရွက်သင့်တဲ့ကာလ ရောက်နေပါပြီလို့ လည်း ပြောပါရစေ။
ပြည်သူတွေကို သိစေချင်တာက အမှုဖြစ်လာရင်၊ ရဲအရေးပိုင်တဲ့အမှုဆိုရင် ရဲစခန်းကိုတိုင်ရမှာပါ။ တိုင်ရင်ရဲက ဖွင့်ကိုဖွင့်ပေးရမယ်ဆိုတာ သိစေချင်ပါတယ်။ ရဲအရေးမပိုင်တဲ့အမှုဖြစ်နေရင်တောင် ရဲကကူညီဆောင်ရွက်ပေးရမှာတွေရှိနေပါသေးတယ်။ အထက်မှာ ဖော်ပြတဲ့နည်းတွေနဲ့ ဝေ့လည်ကြောင်ပတ်လုပ်ပြီး အမှုဖွင့်မပေးဘူးဆိုရင် ရဲရဲတင်းတင်းပြောရုံပါပဲ။
ရဲကိုပြည်သူက ကြောက်နေရတယ်ဆိုတဲ့ခေတ် မဟုတ်ပါဘူး။အမှုဖွင့်မပေးရင် မီဒီယာကနေ ဖွင့်ချရုံပါပဲ။ အထက်ကို တိုင်ကြားရုံပါပဲ။ ကျွန်တော်တို့ပြည်သူတွေက အားနာတတ်တာကြောင့် ရှိပါစေတော့လို့လည်း လျှော့မပေးသင့်ပါဘူး။ အမှုတစ်မှု မဖွင့်လိုက်ဘူးဆိုရင် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအခြေအနေကို အကဲဖြတ်တဲ့နေရာမှာ အချက်အလက် မပြည့်မစုံ ဖြစ်စေနိုင်ပါတယ်။
ပြည်သူတွေအနေနဲ့ ဥပဒေကိုနားမလည်ဘူးဆိုပြီး ရဲကပြောသမျှကို လက်ခံယုံကြည်ပေးဖို့ လည်းမလိုပါဘူး။ ဥပဒေဆိုတာကို ထိုက်သင့်သလောက် လေ့လာထားသင့်ပါတယ်။ ဒီဆောင်းပါးရေးရတာ အမှုတိုင်တန်းတာနဲ့ ပတ်သက်လို့ရဲမှာဘာတာဝန်ရှိတယ်ဆိုတာ ပြည်သူတွေသိစေချင်လို့ပါ။ အမှုဖွင့်ပြီးရင်လည်း စစ်ဆေးပေးရပါဦးမယ်။ မစစ်ဆေးရင် ရဲကိုပြောရပါမယ်။
မေးရပါမယ်။ ရဲစခန်းမှာ အခက်အခဲတွေရှိနေတာမှန်ပါတယ်။ ဒါကရဲကိစ္စပါ။ ရဲလူကြီးတွေ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ အမှုက ချက်ချင်းကို လုပ်ဆောင်ပေးရမယ့်ကိစ္စဖြစ်နေရင် ချက်ချင်းစစ်ဆေး ဆောင်ရွက်ပေးရပါလိမ့်မယ်။မစစ်ပေးရင် မေးရပါမယ်။
ဒီလိုသိထားမှ ရဲတွေရဲ့လိမ်ညာလှည့်ပတ်ခြင်းကို မခံရမှာပါ။ဒါကြောင့် ပြည်သူတွေအနေနဲ့ ဥပဒေပညာရပ်ကို တတ်နိုင်သမျှ လေ့လာထားဖို့ လိုအပ်ကြောင်းနဲ့ ရဲတွေကို ကြောက်စရာ၊ အားနားစရာမလိုအပ်ပါကြောင်း အသိပေးလိုက်ပါတယ်။
အမှုတိုင်တာကို ရဲကဖွင့်မပေးရင် ခုဖွင့်ပေးမှာလား ဖွင့်မပေးဘူးလားလို့ ဗြောင်မေးလိုက်ရုံ ပါပဲဗျာ…။
လူအချင်ချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ
ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)


https://blackotfb.com/amhu/…#

No comments:

Post a Comment

Note: Only a member of this blog may post a comment.