Breaking

November 27, 2019

ဘူးသီးတောင် စစ်ခုံရုံးကြားနာမှု ပြည်သူတွေ လေ့လာနိုင်


2019-11-26
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ဂူတာပြင်ရွာခံတွေနဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်နေ့ကတွေ့ဆုံစဉ်

ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီကနေ့စတင်လိုက် ပါတယ်။
၂၀၁၇ တပ်မတော်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ၊ သမ္မတဟောင်း နှစ်ဦးတို့ဟာ တာဝန်ရှိသူများအဖြစ် စွပ်စွဲခံရပြီးတော့ နိုင်ငံတကာတရားရုံး ICJ ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ အမှုဖွင့်ခံထားရတဲ့ အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦးကို တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာကြောင့်၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်လို့ တပ်မတော်သား ၇ ဦးဟာ ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွားခဲ့မှုဟာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အခုဂူတာပြင်ဖြစ်စဉ်ဟာ အင်းဒင်ကိစ္စတုန်းကလို မလုပ်တော့ဘူးလို့ ယူဆနိုင်ကြောင်းနဲ့ အခုဂူတာပြင်ကိစ္စကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်လိမ့်မယ်လို့ ယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“အခုကိစ္စမှာတော့ ရှင်းရှင်းပြောရင် အဲဒီလို မလုပ်ရဲတော့ဘူးလို့ ကျွန်တော်တို့ ယူဆနိုင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာရဲ့ဖိအားအောက်မှာ စစ်ရမယ်။ အလောင်းတွေကလည်းတွေ့၊ သတ်တာကလည်း သေချာနေပြီ။ ပြီးတော့ အင်းဒင်လူသတ်မှုကျတော့ ၉ လလောက်နဲ့ လွှတ်ပေးလိုက်တာဗျ။ နိုင်ငံတကာက စိတ်ဆိုးတာလည်း အဲဒါတွေပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအဖြစ်အပျက်တွေကို ကြည့်ပြီးတော့ ဒီတခါ ဂူတာပြင်မှာတော့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်လိမ့်မယ်လို့ ယူဆပါတယ်။”
ဒါ့အပြင် ဦးနေဝင်းလက်ထက် ၁၉၄၈ ဥပဒေအရ အရပ်ဖက်ခုံရုံးတွေကိုတင်ခဲ့သလို လေ့လာခွင့်လည်းရခဲ့ကြောင်းနဲ့ အခု ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သားကျူးလွန်တဲ့အမှုတွေကို ပြည်သူတွေ လုံးဝသိခွင့်မရှိတော့သလို တရားစွဲခွင့်လည်း မရှိတော့ဘူးလို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။
တပ်မတော်အနေနဲ့ ဂူတာပြင်ကိစ္စကို စုံစမ်းစစ်ဆေးမယ် အပြစ်ပေးအရေးယူမယ်ဆိုရင် ဒီကိစ္စကို တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိရှိနိုင်အောင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
“တပ်မတော်အနေနဲ့ ခုံရုံးဖွဲ့ပြီးတော့ ဂူတာပြင်ကိစ္စကို စုံးစမ်းစစ်ဆေးမယ်၊ နောက်အပြစ်ပေးအရေးယူမယ်ဆိုရင် ဒီကိစ္စကို တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိရှိအောင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ အဓိကကတော့ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကို မြန်မာနိုင်ငံထဲမှာ ပိုပြီးတော့ ခိုင်မာသထက် ခိုင်မာအောင် တပ်မတော်ကလည်း ဆောင်ရွက်နေတယ်ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြုနိုင်ဖို့ အရေးကြီးလို့ မြင်ပါတယ်”
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကတော့ အားလုံးဘောင်အတွင်းက ဆောင်ရွက်တယ် ဆိုတာ ပြလိုတဲ့သဘောပါဝင်ကြောင်းနဲ့ တဖက်ကလည်း ဟိန္ဒူတွေ အသတ်ခံရတဲ့ကိစ္စ၊ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတဲ့ကိစ္စတွေနဲ့ ပေါင်းစပ်ပြီးတော့ တပ်မတော်ကလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်ပြီး အစိုးရကလည်း ထိန်းကျောင်းသင့်တာကို ထိန်းကျောင်းတာဖြစ်ပြီး မှန်ကန်မှုကိုပြဖို့အတွက် အထောက်အကူ တစ်ခုဖြစ်လားဆိုတာ မျှောင်လင့်ကြောင်းပြောပါတယ်။
“အားလုံးက ဘောင်အတွင်းက ဆောင်ရွက်တယ်ဆိုတဲ့ဟာကို ပြချင်တဲ့သဘောလည်းပါသလို ဒီဘက်က ဟိန္ဒူတွေ အသတ်ခံရတဲ့ကိစ္စ၊ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတဲ့ကိစ္စတွေ ဒါတွေနဲ့ ပေါင်းစပ်ပြီးတော့မှ တပ်မတော်က လုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ်။ အစိုးရကလည်း လုပ်သင့်လုပ်ထိုက်သာကို လုပ်တယ်။ ထိန်းကျောင်းသင့်တာကို ထိန်းကျောင်းတယ်။ ဒီဟာ အမှန်တရား Right ဆိုတာကို ပြသဖို့အတွက် ထောက်အကူတစ်ခု ဖြစ်မလားလို့ ဒီလိုပဲ မျှော်လင့်ပါတယ်။”
တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ သူတွေကို အပြစ်ပေးအရေးယူမယ့် တရားစီရင်ရေး ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမလဲဆိုတာ အင်းဒင်လိုကိစ္စမျိုးဖြစ်ထားတာဆိုတော့ နိုင်ငံတကာက ယုံကြည်ဖို့ တော်တော်ခဲယင်းမယ်လို့ Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။

“တပ်မတော်အနေနဲ့ အခုချိန်မှာပဲ ဂူတာပြင်ကိစ္စကို လုပ်ပြတယ်ဆိုပေမယ့် အရေးယူဖို့ လုပ်တယ်ဆိုတဲ့ ကိစ္စရပ်ကလည်း နိုင်ငံတကာကို သူတို့က ပြည်တွင်းမှာ ဒါမျိုးတွေ အရေးယူနေပါတယ်ဆိုတဲ့ဟာလောက်ကိုပဲ ချပြဖို့ ဖြစ်မှာပေါ့နော်။ တကယ်တမ်း နိုင်ငံတကာက သူတို့ရဲ့လုပ်ရပ်ကို ယုံကြည်ဖို့ကတော့ အရမ်းကို ခက်ခဲလိမ့်မယ်လို့ သုံးသပ်ပါတယ်။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်တရားရုံး လုပ်ထုံလုပ်နည်းတွေ အရ ချေပတာတွေ၊ ပြန်ပြောတာတွေ၊ ပြန်ပြီးမေးခွန်းထုတ်တာတွေလုပ်တာရှိကြောင်းနဲ့ အကြောင်းအချင်း အရာအရ အငြင်းဖွဲ့မှုတွေ မရှိဘူးဆိုရင် ယျေဘုယအနေနဲ့ စစ်တရားရုံးက နယ်ဘက်တရားရုံးတွေထက် ပိုပြီးမြန်ဆန်တယ်လို့ ပြောပါတယ်။
နယ်မြေခံတပ်မှာ လုပ်နေတယ်ဆိုတာဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်ဆေးဆောင်ရွက်နေတာဖြစ်ကြောင်းနဲ့ စစ်တရားရုံးပြီးသွားရင် ဘယ်သူတွေကို ဘယ်မှုနဲ့ ဘာကြောင့်မို့လို့ ဘယ်လိုအရေးယူဆောင်ရွက်ခဲ့တယ်ဆို ထုတ်ပြန်ပေးသွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အခုလုပ်နေတယ်ဆိုတာဟာလည်း သူကတော့ Open Court နဲ့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီ နယ်မြေခံတပ်မှာ လုပ်နေတယ်ဆိုတဲ့ဟာသည် ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်ဆေးစီရင်မှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ရင် စစ်တရားရုံးပြီးသွားလို့ရှိရင် ကျွန်တော် ခဏခဏပြောပါတယ် သတင်းထုတ်ပြန်ပေးပါမယ်။ ဘယ်သူတွေကို ဘယ်အမှုနဲ့ ဘာကြောင့်မိုလို့ ဘယ်လို အရေးယူဆောင်ရွက်ခဲ့တယ်ဆိုကို ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။”
ဒါ့အပြင် ဒီစစ်တရားခုံရုံးကို မိသားစုဝင်တွေ ဝင်ရောက်ကြားနာခွင့်ရှိကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေရပဲ ကန့်သတ်မှု ရှိကောင်းရှိနိုင်မှာဖြစ်ကြောင်းနဲ့ တပ်မတော်နည်းဥပဒေ (၇၉)အရ လျှိုဝှက်တရားခွင် စီရင်ဆုံး ဖြတ်ရန် ညွန်ကြားထားတဲ့ အမှုခင်းမှအပ ကျန်အမှုတွေဟာ လူသိရှင်ကြား တရားခွင်တွေဖြစ်လို့လည်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်ဘက်ကတော့ တရားခွင်ကို သာမန်အရပ်သားတွေပါ ဝင်ရောက်နားထောင်လို့ရတဲ့အကြောင်းပြော ပေမယ့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ဒီကိစ္စကို သိရှိခြင်းမရှိကြပါဘူး။
AP သတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လအတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင်အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေရှိတယ်လို့ ဖော်ပြထားပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဂူတာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးရှိကြောင်း စက်တင်ဘာလတုန်းက RFA ကို ဖြေကြားထားပါတယ်။ ဒါပေမဲ့ အဲဒီ ၁၉ ဦးဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အဲဒီ ဂူတာပြင်ကျေးရွာ တပ်မတော်စစ်ဆင်ရေးကို UN က လူမျိုးတုံး သတ်ဖြတ်မှုလို့ သတ်မှတ်ထားတဲ့အပြင်  တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေ အဖွဲ့တွေက ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE နဲ့လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီးတော့ ပြစ်မှု ထင်ရှားတယ်လို့ ICOE ရဲ့ အစီရင်ခံစာမှာပါရှိလာမယ်ဆိုလည်း ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းမယ်လို့ မနေ့က တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
https://www.rfa.org/burmese/news/buthidaung-military-court-hearing-11262019081831.html?fbclid=IwAR1GF3PIyaAZPsgKGk6AvPrC5GbWwy6AS7_q9eEKq69T985Qq

No comments:

Post a Comment

Note: Only a member of this blog may post a comment.