November 21, 2019
မင်းလှ
ရောက်တော့ ရုံးလမ်းအတိုင်း မဟာသတိပဋ္ဌာန် ကျောင်းကို သွားတဲ့အခါ လမ်းဘယ်
ဘက်မှာ ဗလီတစ်ခုတွေ့တယ်။ မြင်မြင်ချင်းသတိထားမိတာက ဗလီမျက်နှာစာက ပန်းတော့
လက် ရာတွေက ကျွန်တော်မြင်ဖူးတဲ့ ဗလီတွေနဲ့မတူတဲ့အချက်ပဲ။

အခုတွေ့ရတဲ့ ဗလီရဲ့
သက်တမ်းကလည်း နှစ်တစ်ရာကျော်ပြီ၊ ဒီဗလီမဆောက်ခင်က သစ်သား
ဗလီလေးရှိခဲ့တယ်လို့ဆိုတယ်။ ဗလီဆောက်တဲ့နှစ်ကို တိတိကျကျ မပြောနိုင်ဘူး။
ခုနှစ်နဲ့ပတ်သက်ပြီး အစောဆုံး တွေ့တဲ့အထောက်အထားကတော့ ဗလီဘေး
အဆောင်ခေါင်ထိပ်မှာ လခြမ်းပုံနဲ့ ၁၉ ၂၄ လိုပုံဖော်ထားတဲ့ သွပ်ပြားလေးပဲ။

ဒီတော့ နှစ်တရာ မကျော်
ရင်တောင် နှစ်ကိုးဆယ်တော့ ကျော်ပြီပေါ့။ ဗလီရဲ့ အမည်က တိုင်ရာကျော်
ကျူလီယာ ဂျာမေဗလီဖြစ်ပါတယ်။ တိုင်ပေါင်းတစ်ရာကျော်ရှိလို့
တိုင်ရာကျော်လို့ခေါ်တာပါ။

ဒီဗလီကို
တစ်ဦးတည်းလှုဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်က ဦးဖဲ၊ အဲဒီခေတ်က စပါးကုန်သည်၊
မြေပိုင်ရှင် ပေါ့။ သူ့မိဘတွေက အိန္ဒိယကနေ ရွှေ့ပြောင်း အခြေချလာတဲ့
တမီလ်နားဒူးပြည်နယ်က တမီလ်လူမျိုး မူဆလင်တွေ။ ဦးဖဲကတော့
မြန်မာနိုင်ငံမှာမွေးတာ။ ကျူလယာဆိုတာက အဲဒီတမီလ် မူဆလင်တွေကို
ခေါ်တာလို့ပြောတယ်။

ဦးဖဲ ရဲ့ ဇနီးက
ဒေါ်စိန်ကျော့တဲ့။ ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်၊ သူတို့ ဇနီးမောင်နှံက ကိုယ်
ယုံကြည်ရာဘာသာကို ကိုးကွယ်တယ်။ ပြဿနာမရှိဘူး။ ဦးဖဲက ဗလီလှုသလို ဒေါ်စိန်
ကျော့ ကလည်း သူဇာတိဖြစ်တဲ့ စိန်ကန့်လန့်ဘက်က ညောင်သုံးပင်ရွာမှာ
တိုက်ကျောင်းကြီး ဆောက် လှုထားတာရှိတယ်။ အိမ်မှာ မီးဖိုက ကုလားဖို နဲ့
ဗမာဖိုဆိုပြီးရှိတယ်။ ဧည့်သည်တွေလာရင် ကြိုက်တာရွေးစားလို့ရတယ်။

သူတို့မှာ မောင်ပု
ဆိုတဲ့ သားတစ်ယောက်ရှိတယ်။ သားက အရင် ကွယ်လွန်သွားတော့
သူတို့မျိုးဆက်တွေမကျန်တော့ဘူး။ ဦးဖဲတို့ကွယ်လွန်တာနဲ့ပတ်သက်လို့ ကတော့
ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ကွယ်လွန်သလိုလို၊ စစ်အတွင်းမှာ ကွယ်လွန်သလိုလို
မရေ မရာဘဲ။

ဗလီကို အိန္ဒိယကလာတဲ့
ပန်းရန်ဆရာတွေနဲ့ဆောက်တာ၊ ဒါ့ကြောင့် မျက်နှာစာမှာ အိန္ဒိယ လက်ရာဟန်တွေ
တွေ့ရတာလို့ဆိုတယ်။ ဒီအတိုင်းဆိုရင် မဟာသတိပဋ္ဌာန်ကျောင်းဝင်းထဲ က
ဘုရားတိုက်ရဲ့လက်ရာတွေကလည်း ကုလားပန်းရန်ဆရာနဲ့ ဆောက်ခဲ့တာဆိုတော့ ဥရောပ
ဟန် မဟုတ်ဘဲ၊ အိန္ဒိယမှာရှိတဲ့ ကိုလိုနီခေတ် လက်ရာ
အငွေ့အသက်တွေလို့ပြောရမယ်ထင်တယ်။

ဗလီအတွင်းပိုင်းကတော့
ရိုးရိုးရှင်းရှင်းပါပဲ။ ထူးခြားတာကတော့ ဝတ်မပြုခင် ကိုယ်လက် သန့်စင်
ဖို့အတွက်လုပ်ထားတဲ့ ရေကန်ပါ။ အခြားဗလီတွေမှာ ကိုယ်လက်သန့်စင်ဖို့
ရေတိုင်တွေပဲ လုပ် ထားလေ့ရှိပေမယ့် ဒီဗလီမှာတော့ ရေကန်နဲ့လုပ်ထားတယ်။ဦးဖဲ
ဆောက်ခဲ့တဲ့ ရေပေးစနစ်ကလည်း အတော်စနစ်ကျတယ်။ ဗလီနောက်မှာ မိုးရေခံ ကန်ကြီး
ရှိ တယ်။ တစ်နှစ်ပတ်လုံးရေရှိတယ်။ အဲဒီရေကန်ကနေ
အကန့်ခြောက်ကန့်ပါတဲ့ရေစစ်ကန် ကို ဖြတ်ပြီး ပိုက်နဲ့ ဗလီထဲကို ပို့တယ်။
ဗလီထဲမှာ နောက်ထပ် ကန်ကြီးတစ်ကန်ရှိတယ်။

အဲဒီ ကန် ကတော့
အုတ်စီဒေါက်တိုင်တွေနဲ့ စနစ်တကျ ဆောက်ထားတယ်။ အဲဒီကန်ထဲက ရေကို စက်သီး နဲ့
ဆွဲတင်ပြီး အုတ်ကန်လေးထဲကိုလောင်းထည့်လိုက်ရင် အဲဒီကနေ ပိုက်နဲ့ ကန်ထဲကို
ရောက် တယ်။ စက်သီးဆွဲတဲ့ စင်ရဲ့ မျက်နှာကြက်က စက်သီးချိတ်တွေအခုထိ
ရှိသေးတယ်။
အခုတော့ ရေတွင်းကရေကို
မော်တာနဲ့တင်ပြီးပေးတာဆိုတော့ အဲဒီရေကန်ကြီးတွေက ရိုးရိုး ရေ
ကန်ဖြစ်နေပြီ။ ဘယ်သူမှ မသုံးတော့ဘူး။ ဟိုတစ်ချိန်ကတော့ ရေစစ်ကန်က
ထွက်တဲ့ရေကန် မြို့ ထဲကလည်း လာသုံးကြတယ်လို့ဆိုတယ်။ဗလီဝင်းကလည်း
ရေကန်နှစ်ခုအပါအဝင် လေးဧကကျော်ငါးဧက နီးပါးရှိတယ်။ ဗလီအဆောက်
အဦးရဲ့ဘေးနဲ့နောက်မှာ ရာမာဒမ်ဥပုသ်ကာလမှာ သူတို့ ထုံးစံအရ စားသောက်ဖို့ ၊
ချက်ပြုတ် ဖို့ နေရာတွေလုပ်ထားတယ်။ အဲဒီနေရာတွေက သက်တမ်းကြာလာလို့
အတော်ယိုယွင်းနေပြီ။

၂၀၁၃ ခုနှစ်က
ဒီဗလီရဲ့မျက်နှာကြက်၊ ကြမ်းခင်းနဲ့ အတွင်းပိုင်းနေရာအချို့
ဖျက်ဆီးခံခဲ့ရတယ်။ အခုတော့ အဲဒါတွေအားလုံးပြန်ပြင်ပြီးနေပါပြီ။ ဒါပေမယ့်
အခုနောက်ပိုင်း ဗလီအတွင်းဘက် မှာ ပြုပြင်မွမ်းမံဖို့လိုနေတဲ့ နေရာတွေကို
ပြုပြင်ခွင့်တောင်းထားတာ ခွင့်ပြုချက်မရသေးဘူး၊အဆင့်ဆင့်တင်ပြထားတာကို
စောင့်နေရတယ် လို့ သိရတယ်။ ကျွန်တော်စကားပြောခွင့်ရခဲ့တဲ့
ပုဂ္ဂိုလ်တွေကတော့ ၂၀၁၃ အဖြစ်အပျက်ကို ကံ မကောင်းအကြောင်းမလှလို့
ဖြစ်ခဲ့ရတဲ့ ဝမ်းနည်းစရာ ကိစ္စ၊ ဦးဖဲ တို့ခေတ်ထဲက ပြဿနာမရှိဘဲ အတူနေခဲ့တဲ့
အတွက် အခုရော၊ နောင်ရော အေးအေးချမ်းချမ်း အတူတူနေနိုင်မှာပါလို့
ယုံကြည်နေဆဲပါ။

ဗလီဘေးမှာ
ဝေဠုဝန်စာသင်တိုက်ကို သွားတဲ့လမ်းရှိတယ်။ အဲဒီလမ်းတစ်ဖက်မှာ ရဲစခန်းရှိတယ်။
ဝေဠုဝန်စာသင်တိုက်က ဗလီရေကန်ကြီးနဲ့ ကပ်နေတာပဲ။ အဲဒီ စာသင်တိုက် မှာလည်း
ဒေါ်စိန်ကျော့ လှုဒါန်းထားတာတွေရှိတယ်လို့ ပြောတယ်။အထောက်အထားတော့
မတွေ့ခဲ့ရဘူး။ ဒါပေမယ့် သူ့ဇာတိရွာမှာတောင် ကျောင်းပြန်ဆောက်လှုတယ်ဆိုတော့
မင်းလှ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာလည်း လှုဒါန်းမှာသေချာပါတယ်။
ဘာပဲဖြစ်ဖြစ် ဦးဖဲ နဲ့
ဒေါ်စိန်ကျော့ဟာ မင်းလှမြို့က စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်
ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ yehtutarticle — Travelogue — Minhla
No comments:
Post a Comment
Note: Only a member of this blog may post a comment.