M-Media
-ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်
ကျူးလွန်မှု အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသားထုအပေါ်
ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့
ရာဇဝတ်မှုတွေအတွက် ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ
ရာဇဝတ်ခုံရုံး (ICC) က ဒီကနေ့မှာ ခွင့်ပြုလိုက်ပါတယ်။
ICC အကြီးအကဲ ဖာတူ ဘန်ဆူဒါဟာ
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့
စစ်ရာဇဝတ်မှုတွေအတွက် ကနဦး စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ၂၀၁၈ ခုနှစ်
စက်တင်ဘာလမှာ ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးမှု အပြည့်အ၀
ပြုလုပ်ဖို့အတွက် အခုနှစ်ဇူလိုင်လမှာ ထပ်မံလျှောက်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ICC မှာ
လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့အတွက်
မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စအပေါ် မိမိတို့
စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ICC က ပြီးခဲ့တဲ့နှစ်မှာ
ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ICC ရဲ့ ကြေငြာချက်မှာတော့
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ‘စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုကို ICC ရဲ့
တရားစီရင်ပိုင်ခွင့်အောက်မှာ ဆက်လက် စုံစမ်းစစ်ဆေးဖို့အတွက်
တရားသူကြီးတွေကို အခွင့်အာဏာ ပေးခဲ့တယ်’ လို့ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးရေး၊ ဘာသာရေးအရ
ညှင်းပမ်းမှုတွေ ရှိခဲ့တယ်၊ စနစ်တကျ အကြမ်းဖက်မှုနဲ့ မောင်းထုတ်မှုတွေလို
လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို
အဓိကထား စုံစမ်းသွားမယ်လို့လည်း ICC က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အခုတစ်ပတ်အစောပိုင်းမှာလည်း ကုလသမဂ္ဂရဲ့
ထိပ်တန်းခုံရုံးဖြစ်တဲ့ နိုင်ငံတကာခုံသမာဓိရုံး ICJ မှာ မြန်မာနိုင်ငံဟာ
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနဲ့
တရားဆွဲဆို ခံခဲ့ရပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က
ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် ဩဂုတ်လကစလို့
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဆောင်ရွက်တဲ့ စစ်ဆင်ရေးအတွင်း
ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ်
မီးရှို့မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ ရှိခဲ့တယ်လို့
သတင်းတွေထွက်ခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက်
ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
ရိုဟင်ဂျာတွေအပေါ်
အရင်ကကျူးလွန်ခဲ့မှုတွေအပြင် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့
ကျူးလွန်မှုတွေအတွက်ပါ စုံစမ်းစစ်ဆေးဖို့ ICC က တရားသူကြီးတွေကို
အခွင့်အာဏာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများကို အပြည့်အ၀ စုံစမ်းစစ်ဆေးရန် ICC ခွင့်ပြု
No comments:
Post a Comment
Note: Only a member of this blog may post a comment.