Breaking

November 15, 2019

ICJ မှာ စွဲဆိုခံရမှု မြန်မာနိုင်ငံ အပေါ် ဘယ်လို ထိခိုက် နိုင်သလဲ

နယ်သာလန်နိုင်ငံ The Haque မြို့က နိုင်ငံတကာ တရားရုံး ICJ
(Unicode)

လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားစွဲဆိုခံရမှုက ဘယ်လောက် ထိခိုက်နိုင်ပါသလဲ ဆိုတာကို George Washington တက္ကသိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink၊ နောက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp တို့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီလို တရားစှဲဆိုမှုဟာ ဘယျလောကျ အရေးကွီးလဲ ဆိုတာကို မအင်ကြင်းနိုင်က မေးမြန်းတဲ့ အခါမှာ George Washington တက္ကသိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink က အခုလို စပြောပါတယ်။


Christina Fink ။ ။ အမှုကို စွဲတင်တဲ့နိုင်ငံဟာ အနောက်အာဖရိက က နိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံငယ်လေး တနိုင်ငံအနေနဲ့ ဘာကြောင့် အခြားတနိုင်ငံကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဖို့ လုပ်သလဲဆိုတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ပထမတချက်က သူတို့မှာ သိသာထင်ရှားတဲ့ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးထားတာ ရှိနေပါတယ်။ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ထောက်ခံမှု အပြည့်အ၀ ရထားပါတယ်။ ဒုတိယ တချက်ကတော့ ဥပဒေရေးရာ ကျွမ်းကျင်သူရှိနေပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးက ဒီအမှုကို ဦးဆောင်ဦးရွက်ပြုနေသူ ဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ၁၉၉၄ ခုနှစ်က ICTR -international Criminal Tribunal for Rwanda ရဝမ်ဒါ ဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ဥပဒေရေးရာ အထူးအကြံပေး လုပ်ခဲ့တာပါ။ အခု မြန်မာကို အမှုတင်ရာမှာလည်း လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တားဆီးရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာ ရှေ့နေအဖွဲ့ကလည်း သူ့ကို ကူညီပေးနေတာပါ။ ပုံမှန်အားဖြင့် ဒီလိုအမှုမျိုး ကြားနာစစ်ဆေးတာမျိုး ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ICJ နိုင်ငံတကာ တရားရုံးအနေနဲ့ ဂမ်ဘီယာကို စွဲချက်ကို ကိုင်တွယ်ဖို့ရှိမရှိ ကျမတို့ မသိရသေးပါဘူး။ ဒါပေမယ့် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုရင် အခြားနိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဌာန်းထားတာပါ။ ဂမ်ဘီယာရော မြန်မာပါ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားကြပါတယ်။
မအင်ကြင်းနိုင်။ ။ မြန်မာအစိုးရဘက်က တရားဝင်တုန့်ပြန်ပြောဆိုတာမျိုး မရှိပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ တုန့်ပြန်ထားတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။


Christina Fink ။ ။ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရက တလျှောက်လုံး ငြင်းပယ်လာတာပါ။ အစွန်းရောက် အကြမ်းဖက်တွေရဲ့ အန္တရာယ်ကို ပြန်ပြီး တိုက်ခိုက်ခြေမှုန်းတာ ဖြစ်တယ်လို့ပဲ သူတို့က တုန့်ပြန်ပြောဆိုခဲ့တာပါ။ ဒါပေမယ့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတာ များပြားလှတဲ့ သက်သေအထောက်အထားတွေက ပြနေပါတယ်။ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်တာ၊ ကလေးတွေကို သတ်ပစ်တာ စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူးလို့ ICJ တရားရုံးမှာ မြန်မာအစိုးရ အနေနဲ့ ချေပပြောဆိုရာမှာ ခက်ခဲလိမ့်မယ်လို့ ကျမထင်ပါတယ်။
မအင်ကြင်းနိုင်။ ။ ICJ က အမှုကို လက်ခံပြီဆိုရင် လက်ငင်း ချက်ချင်း ထိရောက်မှုတွေ ဘာတွေဖြစ်လာမလဲရှင့်။
Christina Fink ။ ။ တကယ်လို့များ တရားရုံးက အမှုကို လက်ခံခဲ့မယ်ဆိုရင် နောက်ဆုံး စီရင်ချက်ချဖို့ထိဆိုရင် နှစ်များစွာကြာအုံးမှာပါ။ ဒါပေမယ့် ဂမ်ဘီယာ အမှုစွဲတင်ထားတဲ့ အထဲမှာ ရိုဟင်ဂျာတွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ မြန်မာကို တရားရုံး အမိန့်ထုတ်ပြန်ဖို့ ICJ ကို တောင်းဆိုထားပါတယ်။ ဒါကြောင့် ICJ တရားရုံးက အမှုကို လက်ခံပြီးဆိုတာနဲ့ ဒီလိုအမိန့်ထုတ်ပြန်မယ့် ကိစ္စဟာ ဦးစွာ အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအနေနဲ့ တရားရုံးအမိန့်ကို မဖြစ်မနေ လိုက်နာဖို့ ဆိုတဲ့ ယန္တရားမျိုး ICJ လက်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူအပြစ်ပေးဖို့ တပ်မတော်နဲ့ မြန်မာ အရပ်သား အစိုးရအပေါ်မှာ ဖိအားတွေ ပိုပြီးပေးဖို့ နိုင်ငံတကာဘက်က ပူးပေါင်းဆောင်ရွက်လာနိုင်ဖို့ ရှိပါတယ်။
မအင်ကြင်းနိုင်။ ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ဂုဏ်သိက္ခာ နိုင်ငံတာကာ မှာ ဘယ်လောက်ထိ ထိခိုက်နေသလဲလို့ မြင်ပါလဲ။
Christina Fink ။ ။ နိုင်ငံတကာမှာ မြန်မာရဲ့ ပုံရိပ် ထိခိုက်ကျဆင်းနေတယ်လို့ ကျမမြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတဝန်းက လူတွေက ရိုဟင်ဂျာတွေကို သူတို့လို လူတွေပဲလို့ပဲ မြင်ကြတာပါ။ လူဦးရေ ၇ သိန်းလောက်ရှိတဲ့အထဲမှာ တဦးချင်းစီက သူတို့နိုင်ငံမှာ လုံခြုံမှုမရှိဘူးလို့ ခံစားခဲ့ရသလို၊ နေရပ်နိုင်ငံကို ပြန်သွားဖို့ ဆိုရာမှာလည်း လုံခြုံမှုမရှိပါဘူး။ နောက်ပြီး သူတို့နိုင်ငံမှာ နိုင်ငံသားကဒ်ပြား ကိုင်ဆောင်ခွင့်လည်း မရနိုင်ပါဘူး။ ဒီအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံးက လက်သင့်မခံနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရ အတွက် သိက္ခာကျစေတဲ့ အချက်လို့ ကျမမြင်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာပဲ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ၊ ဘာကြောင့် လူတွေအများကြီး ထွက်ပြေးကြသလဲ ဆိုတဲ့ မေးခွန်းမျိုးတွေကို ပြန်ပြီး မေးခွန်းထုတ်သင့်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေး အဖွဲ့က စွပ်စွဲထားတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ဆိုတာ ဖြစ်နိုင်ခြေ ရှိခဲ့ပြီး ဒီလိုအကြမ်းဖက် ပြစ်မှုကျူးလွန်မှုတွေ အတွက် နောက်ဆုံးမှာ ဥပဒေအရ ရင်ဆိုင်ရဖို့ရှိလာနိုင်ပါတယ်။
တဆက်တည်းမှာဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp ကိုတော့ ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ ဂမ်ဘီယာနိုင်ငံက ICJ ကို အမှုတင်တဲ့အခါမှာ မြန်မာနိုင်ငံတွင်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရပ်တန့်စေဖို့ တားဝရမ်း injunction ထုတ်ပေးပါလို့ တောင်းဆိုထားတဲ့ အချက်ရှိတာကြောင့် ဒီလို တားဝရမ်း ထုတ်မယ်ဆိုရင် ဘာဖြစ်လာနိုင်ပါသလဲ ဆိုတဲ့မေးခွန်းကို အမေရိကန် သံရုံး အကြီးအကဲဟောင်း Priscilla Clapp က အခုလို စပြီး ဖြေကြားပါတယ်။


Priscilla Clapp ။ ။ မြန်မာနိုင်ငံက ငြင်းမှာပါ။ လူမျိုးတုန်း သတ်ဖြတ်မှု ဘယ်သူ့အပေါ်မှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းပါလိမ့်မယ်။ ဒါကြောင့် ဒီ အခြေအနေမှာ တားဝရမ်းက လက်တွေ့ကျကျ ဘယ်လောက် ဆောင်ရွက်နိုင်မလဲ မသိပါဘူး။ တားဝရမ်း ထုတ်တယ်ဆိုတော့ ဖြစ်ပြီးသွားတဲ့ကိစ္စကို ဘယ်လို ရပ်ဆိုင်းရ မလဲ။ ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုရင်လည်း အစိုးရ ပုံသဏ္ဍာန်ကို ပြောင်းလဲရမှာလား။ ဥပဒေတွေ ပြောင်းလဲပစ်ရမယ် ဆိုရင်တော့ လူနည်းစု အားလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ မြန်မာနိုင်ငံက ဥပဒေတွေက လူနည်းစုတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိနေတယ်။ ရိုဟင်ဂျာတွေ အပေါ် ထားရှိတဲ့ ဥပဒေတွေကတော့ အဆိုးဆုံးပါပဲ။
ကိုရဲမင်းထွန်း ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး ဖြစ်လာနိုင်ပါသလား။ ဘယ်လို မြင်ပါသလဲ။
Priscilla Clapp ။ ။အမေရိကန် အထက်လွှတ်တော်မှာ လူများစု ခေါင်းဆောင် Mitch McConnell ရှိနေသရွေ့တော့ သိပ် စိုးရိမ်စရာ ကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေ အမေရိကန်နိုင်ငံ ဘက်က လုပ်လိမ့်မယ် မထင်ဘူး။ နိုင်ငံတကာ အဆင့်မှာတော့ ရိုဟင်ဂျာနဲ့ ဆက်စပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေက ရှိနေပြီးသားပါ။ စောင့်ကြည့်ရမှာက လူတစ်ဦးချင်း အပေါ် ဒဏ်ခတ်ဖို့ ကြိုးပမ်းနေတဲ့ ICC က လုပ်ဆောင်ချက်ကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ် အဆင့်မြင့် အရာရှိတွေ အပေါ် ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ မသိကြသေးပါဘူး။ ဒဏ်ခတ်မှုတွေက တစ်နိုင်ငံလုံး အပေါ်ထက် လူ ပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် ချမှတ်တာတွေ ပိုပြီး တွေ့ရမယ်လို့ ထင်ပါတယ်။
ကိုရဲမင်းထွန်း ။ ။အခုလို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ မှာ အမှုတင်တာကြောင့် မြန်မာနိုင်ငံပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေတာတွေကို ထိခိုက်နိုင်ပါသလား။
Priscilla Clapp ။ ။ဒါကို သိပ် ကြီးကြီးကျယ်ကျယ်ကြီးလို့ မထင်မိပါဘူး။ ပြည်တွင်းက ပြုပြင်ပြောင်းလဲရေးက ပြည်တွင်းက လိုအပ်ချက်အရ သွားနေ ရတာ ဆိုတော့ တိုင်းပြည် ပြင်ပမှာ ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ဆက်သွားနေမှာပါ။ ဒါပေမဲ့ ပြည်တွင်း နိုင်ငံရေးမှာ ရှိနိုင်ပါတယ်။ ပြောရရင် ရွေးကောက်ပွဲ နိုင်ငံရေးမှာ သက်ရောက်မှု ရှိနိုင်တယ်။ လက်ယာ အစွန်းရောက်ဝါဒီတွေက ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံ အပေါ် မမျှမတ ဆက်ဆံတာရဲ့ နောက်ထပ် ဥပမာ တစ်ခုပဲလို့ ပြောကြလိမ့်မယ်။
ကိုရဲမင်းထွန်း ။ ။ ဒီလို အမှုတင်တာတွေ အောင်မြင်သွားမယ် ဆိုရင်ကော အခု လက်ရှိ ရိုဟင်ဂျာအရေးကို ပြီးပြတ် ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါသလား။ ။


Priscilla Clapp ။ ။ကျွန်မ အသက်ရှင်နေသေးတဲ့ အချိန်အတွင်းတော့ ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး။ အခြေခံ ကိစ္စက ဗမာလူမျိုးစု ကြီးစိုးထားတဲ့ ပြဿနာနဲ့ အခြေအနေပါ။ လူများစုရဲ့ စိတ်ဓါတ်နဲ့ အတွေးအခေါ်တွေ မပြောင်းလဲ နိုင်သရွေ့ ဖြေရှင်းဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာ အများစု ဘယ်လို သဘောထားကြတယ် ဆိုတာက အရေးကြီးတဲ့ အဆင့်မှာ မရှိဘူးလို့ ထင်ပါတယ်။
မူဆလင် အများစု နေရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှု နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ကတော့ အခုအချိန်ထိ ဌာနေမပြန်နိုင်သေးပါဘူး။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ကြိုးပမ်းချက်တွေကလည်း အထ မမြောက်သေးပါဘူး။ မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ သလို ဒုက္ခသည်တွေ နိုင်ငံသား ဖြစ်ရေးကလည်း ဥပဒေ အတိုင်း ဆောင်ရွက်ရမယ်လို့ အခိုင်အမာ ရပ်တည်ထားချက်က ဒုက္ခသည်တွေ ဌာနေပြန်ရေးမှာ အဓိက အခက်အခဲ တခု ဖြစ်နေတာပါ။



No comments:

Post a Comment

Note: Only a member of this blog may post a comment.