လူသားတွေရဲ့ လူနေမှုဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တဲ့ လစ်သီယံ
အိုင်းရွန်း Lithium-ion ဘက်ထရီ တီထွင်သူ သိပ္ပံပညာရှင် ၃ ဦးကို ၂၀၁၉ အတွက်
ဓါတုဗေဒ နိုဘယ်လ်ဆု ပေးအပ်လိုက်ပါတယ်။ ဒီသိပ္ပံပညာရှင်တွေရဲ့ တီထွင်မှုဟာ
နိုဘယ်လ်ဆုနဲ့ ဘယ်လောက်ထိုက်တန်တယ် ဆိုတာကို သိပ္ပံပညာရှင် ဒေါက်တာ
ပဒေသာတင်က ပြောပြပေးမှာပါ။
ဒေါက်တာ ပဒေသာတင်။ ။“ဒီနှစ် ဓါတုဗေဒ နိုဘယ်လ်ဆု ရတာက Lithium-ion ဆိုတဲ့
ပြန်ပြီးအားသွင်းလို့ရတဲ့ ဓါတ်ခဲ တမျိုးနဲ့ ပတ်သက်ပြီးနိုဘယ်လ် ဆုရကြတာပါ။
ဓါတ်ခဲ အကြောင်း နဲနဲလေး ပြောပြရင် ဘာကြောင့် ဒီလို ထိုက်ထိုက်တန်တန် ရသလဲ
ဆိုတာ သိလာပါလိမ့်မယ်။ ဓါတ်ခဲက lead cell ပေါ့နော် ခဲနဲ့လုပ်တဲ့
ကျနော်တို့တွေ ကားထဲမှာ သုံးတဲ့ lead အက်ဆစ် ဘက်ထရီ၊ နောက်ပြီးတော့ Niclel-
Cadmium နီကယ်- ကက်ဒ်မီယံ ဘက်ထရီ၊နောက် Nickel – metal hydride နီကယ်
မက်တယ်လ် ဟိုက်ဒရိုက်၊ နောက် အခု နောက်ဆုံးပေါ်က Lithium-ion လစ်သီယံ
အိုင်းရွန်း၊ ပြီးတော့ Lithium polymer လစ်သီယံ ပိုလီမာ၊ ဘက်ထရီ
အမျိုးအစားပေါ့နော်။၃- ၄ မျိုးလောက် ရှိပါတယ်။
ဒီဘက်ထရီတွေထဲက နောက်ဆုံးတီထွင်ခဲ့ကြတဲ့ နိုဘယ်လ်ဆုရခဲ့တဲ့ Lithium-ion
ဘက်ထရီကတော့ အခုဆို နားရောဂါရှင်တွေသုံးတဲ့ နားကြပ်သေးလေးတွေကစပြီး
လျှပ်စစ်စွမ်းအင်ထုတ်တဲ့ စက်ရုံကြီးတွေအထိ သုံးနေကြတာပါ။
ဒီလိုအသုံးဝင်လှတဲ့ Lithium-ion ဘက်ထရီ ထုတ်နိုင်အောင်
အဆင့်ဆင့်ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“ပထမဦးဆုံး စထွင်ခဲ့တာကတော့ ခဲ ဘက်ထရီ။ အဲဒါကတော့ ၁၈
ရာစုတုန်းက ပြင်သစ် ရူပဗေဒ ပညာရှင် တဦးက ထွင်ခဲ့ပါတယ်။ နောက ်၁၉ ရာစု
အစောပိုင်းလောက်က ဆွီဒင်က သိပ္ပံပညာရှင်တဦးက နီကယ် ဆိုတဲ့သတ္တုနဲ့
ကက်ဒ်မီယံ ဆိုတဲ့ သတ္တုကို လျှပ်လိုက်ရည် ထဲမှာထည့်ပြီးတော့ နီကယ်-
ကက်ဒ်မီယံ ကို ထွင်ခဲ့ပါတယ်။ အဲဒါက lead – acid ဘက်ထရီလောက်တော့ မလေးဘူး။
ပေါ့ပေါ့ပါးပါးနဲ့ သယ်နိုင်ပါတယ်။ဒါပေမယ့် နီကယ် ကက်ဒ်မီယံ ဘက်ထရီက
ဓါတ်အားကုန်အောင် သုံးပြီးမှ ပြန်အားဖြည့်လို့ ရတယ်။ အားပြန် ဖြည့်တဲ့
နီကယ်- ကက်ဒ်မီယံရဲ့ ပြဿနာက ဘာလဲ ဆိုတော့ သူ့မှာ ဆယ်ရာခိုင်နှုန်းပဲ
ပြန်သုံးလို့ ရတယ်။ ဓါတ်အားကလည် အကြာကြီး သွင်းရတယ်။ လေးလည်းလေးတယ်။
ခဲဘက်ထရီလောက်တော့ မလေးတော့ဘူး။ အဲဒီတော့ နောက်ပိုင်းမှာ ကက်ဒ်မီယံတို့
ခဲတို့လိုသဘာဝ ဝန်းကျင်ကို ထိခိုက်စေတဲ့ သတ္တုတွေ မပါတဲ့ Nickel – metal
hydrideနီကယ် မက်တယ်လ် ဟိုက်ဒရိုက် ဆိုတဲ့ ဘက်ထရီကို ၁၉၈၀ လောက်မှာ စပြီး
ထွင်နိုင်ခဲ့ပါတယ်။ သူက Niclel- Cadmium လိုမဟုတ်ဖူး၊ အားပြန်ဖြည့်တဲ့အခါ
တရာ ရာခိုင်နှုန်း ဖြည့်ထားရင် တရာလုံး ပြန်ပြည့်နိုင်၊ ပြန်သုံးနိုင်
ပါတယ်။ ဆိုတော့ ဒါဟာ အတော် အဆင့်မြင့်သွားပါပြီ။
ဓါတုဗေဒ နိုဘယ်လ် ဆုရတာနဲ့ ပတ်သက်လို့ကတော့ လစ်သီယံ
အိုင်းရွန်းပေါ့နော်။ သတိထားရမှာက လစ်သီယံ မဟုတ်ဖူးနော်။ သူ့ကိုတော့ ၁၉၇၀
လောက်မှာ စပြီးတော့ လေ့လာကြ၊ တီထွင်ကြတာ ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအားကို ထုတ်ပေးဖို့ ဘက်ထရီဘယ်လို အလုပ်လုပ်တယ် ဆိုတာကို ကြည့်ရအောင်ပါ။
ဒေါက်တာ ပဒေသာတင်။ ။“လွယ်လွယ်ပြောရရင် ဓါတုဗေဒ ဓါတ်ပြောင်းလဲမှုကနေ
လျှပ်စစ်ဓါတ်စီးတာကနေမှ လျှပ်စစ်ဓါတ်ကို ရတာပါ။ ဘက်ထရီထဲမှာ ဓါတုဗေဒ
ဓါတ်ပြောင်းလဲမှု ရှိတယ်။ အဲဒါကြောင့်ဖြစ်တာ။ လျှပ်စစ်ကို သွားဖမ်းပြီးတော့
သိမ်းထားလို့ မရဘူး။ ဒါပေမယ့် ဓါတုပစ္စည်းတွေကို လျှပ်လိုက်ရည် ထဲမှာ
ဓါတုစွမ်းအင် အဖြစ် သိမ်းထားပြီးတော့ လျှပ်စစ် စွမ်းအင် ပြောင်းပေးလို့
ရပါတယ်။ ဒါဟာ ဘက်ထရီ ဓါတ်အိုးရဲ့ အခြေခံ သဘာဝပဲ။ အမျိုးမတူဘူး၊
ဓါတ်သဘာဝချင်း မတူတဲ့ သတ္တုနဲ့ လုပ်ထားတဲ့ အဖိုတိုင် ဒါမှမဟုတ်အဖိုပြားနဲ့
အမတိုင် နု့ လျှပ်စစ် စီးနိုင်တယ်။ လျှပ်လိုက်အရည်ထဲမှာ။ အပြင်ကနေ
ဝါယာကြိုးနဲ့ မီးလုံး တခုနဲ့ ဆက်သွယ် လိုက်ရင် မော်တာလေး တခုနဲ့
ဆက်လိုက်လို့ ရှိရင် အဖိုတိုင်က အီလက်ထရွန်တွေက လျှပ်လိုက်ရည်ကို ဖြတ်ပြီး
အမတိုင် ဆီ စီးဆင်းတာဟာ လျှပ်စစ်ထွက်လာတာ ပါပဲ။ အဖိုတိုင် အမတိုင်မှာ
ရှိတဲ့ ဓါတုပစ္စည်းတွေရဲ့ ဓါတ်သဘာဝ ဓါတုပြောင်းလဲမှုကြောင့် အောက်ဆိုဒ်၊
ခဲအောက်ဆိုဒ် လိုဟာမျိုး ဖြစ်သွားတာနဲ့ ဓါတ်ပြုမှု ဆက်မဖြစ်နိုင်တော့ဘူး။
အဲဒီအခါကျတော့ ဓါတ်ခဲ အားမရှိတော့ဘူး၊ဆိုတာ အဲဒါကို ပြောတာပါ။ အဲဒါကို
အိမ်မှ လွယ်လွယ် လုပ်လို့ရတာ က အာလူး၊ ဒါမှမဟုတ် သံပုရာသီးကို ဒီဘက်က
သံချောင်း တချောင်း၊ဟိုဘက်က သွပ်ချောင်း တချောင်း ပေါ့နော်။ ဟိုဘက် ဒီဘက်။
အဲဒါကို မီးလုံး သေးသေးလေးနဲ့ ဆက်လိုက်လို့ ရှိရင် မီးမှိန်မှိန်လေး
မြင်ရပါတယ်။ အဲဒါဟာ ဘက်ထရီရဲ့ အခြေခံ သဘောပဲပေါ့။
ဓါတုဗေဒနိုဘယ်လ်ဆု အချီးမြှင့်ခံရတဲ့ သိပ္ပံပညာရှင် ၃ ဦးကတော့ နယူးရောက်
Binghamton တက္ကသိုလ်က M. Stanley Whittingham ၊ Texas တက္ကသိုလ်က John B.
Goodenough နဲ့ ဂျပန်နိုင်ငံ နာဂိုရာ Meijo တက္ကသိုလ်က Akira Yoshino
တို့ဖြစ်ပါတယ်။ ဒီဆုရှင် ၃ ဦး ဘာတွေ သုတေသန လုပ်ခဲ့တာပါလဲ။
ဒေါက်တာ ပဒေသာတင်။ ။“ဒီနှစ် နိုဘယ်လ်ဆုရသူ ၃ ဦးဟာ ၁၉၇၀ လောက်က စပြီးတော့
သူတို့က Lithium-ion ဘက်ထရီ ကို ကျိုးစားခဲ့ပါတယ်။Niclel- Cadmium တို့၊
Nickel – metal hydrideတို့ စပေါ်တဲ့ အချိန်က သိပ်လေးခဲ့တဲ့ အတွက်
Lithium-ion ဘက်ထရီကို ထွင်ဖို့ သူတို့ စပြီး ကျိုးစားခဲ့ကြတယ်။အဲဒီ ၁၉၇၀
အချိန်လောက်က ဘာဖြစ်သလဲ ဆိုတော့ အဲဒီအချိန် တုန်းက တကမ္ဘာလုံးမှာ fossil
fuel လို့ခေါ်တဲ့ ကမ္ဘာမြေလွှာ အောက်က ထုတ်မှ ရတဲ့ ရေနံလောင်စာ - သဘာဝ
ဓါတ်ငွေ့ ရှားပါးလို့ အဲဒီအချိန်မှာ တော်တော်ကို ပြဿနာ ပေါ်တဲ အချိန်ပါ။
အဲဒီတော့ ရေနံလို သဘာဝ ရုပ်ကြွင်းက ရတဲ့ စွမ်းအင်ကို အစားထိုးနိုင်ဖို့
သိပ္ပံပညာရှင်တွေက ကျိုးစားနေကြပါတယ်။ဒီလိုကျိုးစားကြတဲ့ အထဲမှာ ပါမောက္ခ
Whittingham က အဲဒါကို ကျိုးစားနေရင်း အမှတ်မထင်ပဲနဲ့ လျှပ်စစ်စွမ်းအင်ကို
အများကြီး သိုလှောင်နိုင်တဲ့၊ စွမ်းအင်သိုလှောင်မှုများတဲ့တိုက်တေနီယံ
ဆာလ်ဖိုဒ်နဲ့ လစ်သီယံ အိုင်းရွန်းကွန်ပေါင်း သတ္တု တမျိုးကို စတွေ့တယ်။
တွေ့တဲ့အခါမှာ ဒါကို ဇောက်ချပြီးတော့ စလေ့လာတာပါ။ အဲဒီမှာ လစ်သီယံ
အိုင်းရွန်း ဘက်ထရီ လုပ်နိုင်တယ် ဆိုတာကို စပြီး တွေ့ခဲ့တာပါ။
နောက်ဆယ်နှစ်လောက် ကြာတဲ့အခါကျတော့ ပါမောက္ခ Goodenough က တိုင်တေနီယံ
ဆာလ်ဖိုဒ် အစားတိုင်တေနီယံ ဒိုင်အောက်ဆိုဒ်နဲ့ လစ်သီယံ နဲ့ က ပိုပြီးတော့
လျှပ်စစ် သိုလှောင် နိုင်မယ် ဆိုပြီးတော့ သူက သီအိုရီနဲ့ တွက်ပြပါတယ်။
၁၉၈၅ ခုနှစ်လောက် ကျတော့မှာ အဲဒီ ဂျပန်နိုင်ငံက ကုမ္ပဏီ တခုက ဒေါက်တာ
Yoshino ကနေ ပထမဦးဆုံး လစ်သီယံ အိုင်းရွန်း ဘက်ထရီကို အောင်မြင်စွာ
ထုတ်ပြနိုင်တဲ့ အတွက် ဒီပုဂ္ဂိုလ် ၃ ဦးကို ချီးမြှင့်တာ ဖြစ်ပါတယ်။ အမှန်
ဆိုရင် ဒီ လစ်သီယံ အိုင်းရွန်းဘက်ထရီနဲ့ ပတ်သက်တဲ့ ဟာကို ဓါတုဗေဒ
နိုဘယ်လ်ဆု ပေးသင့်တာ ကြာလှပါပြီ။
၁၉၉၁ ခုနှစ်မှာ ဈေးကွက်ထဲရောက်လာတဲ့ Lithium-ion ဘက်ထရီဟာ ပေါ့ပါးပြီး
အားသိပ်ကောင်းသလို အားလည်းပြန်သွင်းလို့ ရတဲ့အတွက် လက်ကိုင်ဖုံးတွေ၊ Laptop
တွေ ကနေ လျှပ်စစ်ကားအထိ နေရာတကာမှာ သုံးနေကြတာပါ။ ဒါ့အပြင် ဒီဘက်ထရီက
ပြန်ပြည့်မြဲစွမ်းအင်တွေဆီကရတဲ့ စွမ်းအင်ပမာဏအတော်များများကို
ပျောက်မသွားအောင်လည်း သိမ်းထားပေးနိုင်ပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“ဒီ နောက်ဆုံးပေါ် Lithium-ion ဘက်ထရီ ဆိုလို့
ရှိရင် အကြိမ်ပေါင်း ၄ ထောင် - ၅ ထောင်လောက် ဓါတ်အား ပြန်သွင်းလို့ ရပါတယ်။
သူ့အထဲမှာ ရှိတဲ့ ဓါတု ပစ္စည်းတွေ လုံးဝ ဓါတ်ပြောင်းလဲသွားတာ
မရှိဘူးပေါ့နော်။ အကြိမ် ၄ ထောင် - ၅ ထောင်လောက် ဆို အများကြီး သုံးလို့
ရတယ်။အခု နောက်ဆုံးပေါ် Tesla တက်စလာ ဆိုတာ ကားတခုလုံးကို လျှပ်စစ်နဲ့
မောင်းတဲ့ electric vehicle ကား ဆိုလို့ ရှိရင် နောက်ပိုင်း လစ်သီယံ
အိုင်းရွန်း ဘက်ထရီကို သုံးပါပြီ။ ဒါကို အများကြီး ထုတ်နိုင်ပြီ ဆိုလို့
ရှိရင်တော့ လျှပ်စစ်ကားရဲ့ ကားဈေးဟာ တအားကျလာမယ်။ ဒါဆို နောက်ဆို
ဓါတ်ဆီမသုံးပဲနဲ့ လျှပ်စစ် ကို အားပြန်ဖြည့် ပြန် charge လုပ်ပြီး
သုံးတဲ့ကားတွေ အများကြီး ပေါ်လာပါလိမ့်မယ်။
အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာဆို ကမ္ဘာ့အပြင်ဘက် မိုင် ၂၀၀
လောက်ရောက်နေပြီး ကမ္ဘာကို ပတ်နေတဲ့ဟာ မိနစ် ၉၀-ကြာရင် တပတ်ပတ်တယ်။
ဒါပေမယ့် မိနစ် ၉၀ ကြာ တပတ် ပတ်နေတဲ့ အချိန်မှာ အာကာသ စခန်းနဲ့ နေကြားကို
ကမ္ဘာရောက်သွားတဲ့ မိနစ် ၃၀ လောက်က မှောင်နေတဲ့ နေရာမှာ ပေါ့နော်။ အဲဒီ
အချိန် ကျလို့ ရှိရင် သူက ဘက်ထရီတွေကို သုံးရပါတယ်။ အရင်တုန်းက Niclel-
Cadmium တို့ တပ်ထားတာမို့ ဆိုလာပြားတွေက အဲဒီ ဘက်ထရီကို သုံးရတယ်။ အခု
မနှစ်ကစပြီး အဲဒီ Lithium-ion ဘက်ထရီ ကို စသုံးပါပြီ။”
ဒေါက်တာ ပဒေသာတင်ပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.