Breaking

December 27, 2019

အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ်(B.A.)၏မိန့်ခွန်း (စ-ဆုံး)


(ဗမာနိုင်ငံလုံးဆိုင်ရာ ‘ဗမာမွတ်စလင်’ကွန်ဖရင့်(ယင်းတော်)တွင် ပြောကြားခဲ့သည့် သဘာပတိမိန့်ခွန်း)

ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဖရင့် – ဒုတိယ

[၁၉၄၁-ခု၊ မေလ(၃)ရက်၊ ယင်းတော်] သဘာပတိမိန့်ခွန်း

ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဒုတိယအကြိမ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် အဖွဲ့များ၏ အစည်းအဝေးကြီးဥက္ကဌအဖြစ် ကျွန်တော့်အား ရွေးချယ်ခန့်ထားခြင်းကို မြန်မာမွတ်စလင်မ်အချင်းချင်း ပေးအပ်ချီးမြှင့်နိုင်သော ဂုဏ်ဒြပ်အပေါင်းတွင် အကြီးဆုံးသော ဂုဏ်ဒြပ်တစ်ခုဟု အောက်မေ့ပါသည်။ ဤချီးမြှင့် အပ်သောဝတ္တရားကို ကျွန်ုပ်သည် အရှင်မြတ်၏အလိုတော်နှင့် ကျွန်ုပ်တတ်စွမ်းသမျှ ဆောင်ရွက်ပါမည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ကြွရောက်တော်မူကြကုန်သော ကိုယ်စားလှယ်အပေါင်းတို့ကလည်း ကူညီထောက်ပံ့ ကြလိမ့်မည် ဟု ယုံကြည်အားထားပါကြောင်း …. ။

ပါတီဝိုင်းအစည်းအဝေးမဟုတ်

ကျွန်ုပ်သည် ဤအစည်းအဝေးကြီး၏ ဥက္ကဌအဖြစ် ဥက္ကဌ၏မိန့်ခွန်းမြွက်ကြားရန် စဉ်းစားစီစဉ်ရာတွင် ဆင်ခြင်မိသည်ကား ဤအစည်းအဝေးကြီးသည် မြန်မာပြည်တွင် မကြာခဏပြုလုပ်နေကြဖြစ်သည့် နိုင်ငံရေးပါတီအစည်းအဝေးမျိုးလော၊ နိုင်ငံရေးပါတီ အစည်းအဝေးမျိုးလည်းမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤကျွန်ုပ်တို့ အစည်းအဝေးပွဲကြီးတွင် ဆင်းရဲသားဝါဒပါတီကိုနှစ်သက်၍ ဆင်းရဲသားဝါဒပါတီဝင်များ လည်းပါကြပေလိမ့်မည်။ တို့ဗမာအစည်းအရုံးဂိုဏ်းဝင် မြန်မာမွတ်စလင်မ် သခင်များလည်း ပါကြပေလိမ့်မည်။ မျိုးချစ်ပါတီဝင်၊ မျိုးချစ်အသင်းသား မြန်မာမွတ်စလင်မ်များလည်းပါဝင်ကြပေလိမ့်မည်။ အခြားဂိုဏ်းများကို နှစ်သက်သူများလည်း ပါဝင်ကြပေလိမ့်မည်။ ထို့ကြောင့် ဤအစည်းအဝေးကြီးသည် နိုင်ငံရေးပါတီဂိုဏ်းအစည်းအဝေးမျိုးလည်း မဟုတ်ပေ။

သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ရဟန်းပျိုအဖွဲ့နှင့်ယှဉ်ပြိုင်ရန် အစ္စလာမ်ဘာသာရေး အစည်းအဝေးပေလော၊ ဤသည်လည်းမဟုတ်သေး အဘယ့်ကြောင့်ဆိုသော် ရဟန်းပျိုကိုယ်တော်များသည် နိုင်ငံရေးတွင် မည်သို့မျှ မစွက်ဖက် ဘာသာရေးကိုအဓိကထား၍ ဆောင်ရွက်ကြသည်။ ကျွနု်ပ်က နိုင်ငံရေးကိုရှေ့ရှု၍ ဆောင်ရွက်ကြ၏။ ကျွန်ုပ်တို့အစည်းအဝေးကြီးသည် မည်သို့သဘောရှိသော အစည်းအဝေးကြီးပေနည်း၊ ဖြေဆိုရန်မလွယ်။

ယခုကြွရောက်လာကြကုန်သော မိန်းမမင်းယောက်ျား ပရိသတ်ထဲတွင် အချို့ကား အဘသည် နိုင်ငံခြားသားဖြစ်ပေလိမ့်မည်။ အချို့ကားအဖိုးသာလျှင် နိုင်ငံခြားသားဖြစ်ပေလိမ့်မည်။ အချို့ကား ဘီ၊ အချို့ကား ဘင် သာလျှင်နိုင်ငံခြားသားဖြစ်ပေလိမ့်မည်။ အချို့ကား မည်သည့်တိုင်းတပါးကိုမျှ ပြန်လည်ဆက်သွယ်နိုင်ခြင်းမရှိဘဲ နိုင်ငံခြားသွေးလုံးဝခြောက်ခန်းကွယ်ပျောက်၍ မြန်မာလူမျိုးစစ်စစ်သာလျှင်ဖြစ်ကြတော့၏။

မှန်စီရွှေချဗလီ

မြန်မာမွတ်စလင်မ်တို့မှာ မြန်မာမင်းအဆက်ဆက်တို့က ချီးမြှင့်မြှောက်စား၊ ယုံကြည်သဒ္ဒါတော်မူခြင်းခံခဲ့ကြ၍ ကုန်းတပ်၊ အမြှောက်တပ်များကို အုပ်ချုပ်လျက် သက်စွန့်ကြိုးပမ်းအမှုတော်ကို ထမ်းဆောင်ခဲ့ကြသော လူမျိုးများဖြစ်ခဲ့ကြ၏။ အလောင်းမင်းတရား(ဦးအောင်ဇေယျ)သည် တလိုင်းတို့ရန်ကို ဖြိုဖျက်ရာ၌ မြန်မာမွတ်စလင်မ်တို့သည် အလုံးအရင်းနှင့် ဘုရင်မင်းမြတ်၏ကျေးဇူး သစ္စာတော်ကို စောင့်သိရိုသေစွာ အမှုတော်ထမ်းသဖြင့် မြေတူးနယ်၌ မှန်စီရွှေချဗလီကြီးများကို ဆောက်လုပ်ချီးမြှင့်ပေးသနားတော်မူခြင်းခံရပေ၏။

ယင်းကဲ့သို့ နှစ်ပရိစ္ဆေဒအဓွန့်ရှည်စွာ မြန်မာဗုဒ္ဓဘာသာများနှင့် ဒိုးတူဘောင်ဘက် ဘုရင်အကျိုးကို သယ်ပိုးထမ်းဆောင်လာခဲ့ကြသော မြန်မာမွတ်စလင်မ်များကို လွန်ခဲ့သည့် ၁၃၀၀-ပြည့်နှစ်တွင်မှ အမှိုက်ကစ ပြဿဒ်မီးလောင်၊ တိမ်မြုတ်ငုပ်ကွယ်နေသော စာအုပ်ဟောင်းတစ်အုပ်ကို ရိုးမယ်ဖွဲ့ကာ နိုင်ငံရေးသွေးစုပ်သမားအချို့၏ ပယောဂကြောင့် အဓိကရုဏ်းဖြစ်ခဲ့ရသည်။ မြန်မာမွတ်စလင်မ်တို့မှာ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ဥစ္စာပစ္စည်းဆုံးရှုံး နစ်နာသည်ထက် ရှေးအခါက လုပ်ဖော်ကိုင်ဖက်ပေါင်းဟောင်းသင်းဟောင်း အချင်းချင်းတို့၏ မေတ္တာဓါတ်ကို မေ့လျော့လျက် မြန်မာပြည်တွင် စီးပွားရှာရန်မျှသာ လာရောက်သော နိုင်ငံခြားသားများနှင့်မခြား၊ သူစိမ်းပြင်ပြင်ပြုလုပ်ထင်မှတ်ခြင်း ခံရသည်ကို ပိုမိုနစ်နာကြ၏။ ကျွန်ုပ်တို့သာလျှင် စိတ်မချမ်းမသာဖြစ်ရသည်မဟုတ်။ တိုင်းပြည်ရာဇြဝင်နှင့် နိုင်ငံရေးအမြင်ကျယ်သော ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးများ သည်လည်း စိတ်အပျက်ကြီးပျက်ခဲ့ကြ၏။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်ကား ထို့ ၁၃၀၀-ပြည့်နှစ် အဓိကရုဏ်းသည် ဤအစည်းအဝေးကြီးဖြစ်ပေါ်စေသော အကြောင်းများအနက် အကြောင်းတစ်ရပ်ဖြစ်၏။ ထိုကဲ့သို့ အချင်းချင်း အထင်မှား၊ အမြင်မှား၊ သွေးကွဲခြင်းကို ကာကွယ်ရန်ဖြစ်၏။

ဤသို့ နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာမွတ်စလင်မ်အစည်းအဝေးကြီး၏ ရည်ရွယ်ချက်ကား အဘယ်နည်းဟူသော ပုစ္ဆာသည် ပေါ်ပေါက်လာပေ၏။

သွေးခွဲအုပ်ချုပ်သောစနစ်

ယခုခေတ်ကား ရှေးခေတ်မဟုတ်တော့ပြီ။ ယခု မင်းကားရှေးမင်းမဟုတ်တော့ပြီ။ ယခုအုပ်ချုပ်ပုံနည်းစနစ်ကား ရှေးနည်းစနစ်မဟုတ်တော့ပြီ။ ငါ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်ကုန်သော ပသီတို့သည် ရပ်ခြားတိုင်းတစ်ပါးဖြစ်သော မက္ကာမြို့တော်၌ မျက်နှာငယ်၍ ညှိုးနွမ်းပင်ပန်းခြိမ့်မည်ဟု ဒေါင်းတံဆိပ် ခပ်သောဇရပ်ကို မက္ကာမြို့တော်တွင် ဆောက်လုပ်ချီးမြှင့်ပေးသနားတော်မူသော ပဉ္စမသင်္ဂါယနာတင်(မင်းတရားကြီး)မရှိတော့ပြီ၊ ယခုအုပ်ချုပ်ရေးစနစ်ကား ပသီတို့၏လိုအင်ဆန္ဒကို အစဉ်သိရှိရန် ပသီဝန်ကိုခန့်ထားသော နည်းစနစ်မဟုတ်၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ အစဉ်သတိပေးလျက်ရှိသည့် လူမျိုးခြင်းသွေးခွဲ၍ အုပ်ချုပ်သောနည်းစနစ်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား လူမျိုးခြင်းသွေးမကွဲစေမှုကို သတိပြု၍ ဆောင်ရွက်ရေးလည်းဖြစ်၏။

ထို့ပြင်လူတို့မည်သည် ဂုဏ်ရှိသောသူ ဥစ္စာဓနကုံလုံကြွယ်ဝသူ၊ အင်အားကြီးမားသော သူကိုသာလျှင် ခေါ်ချင်၊ ပေါင်းသင်းချင်၊ ဆက်ဆံချင်သောစိတ်အာသီသရှိကြ၏။ ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်များသည် မညီမညွတ်တစ်ကွဲတစ်ပြား၊ ကသီလင်တ နေကြပါလျှင် မည်သူကမျှ ဂရုမစိုက်အသိအမှတ်ပြုကြမည်မဟုတ်။ သို့ဖြစ်ခြင်းကြောင့် ဤအစည်းအဝေးက ဤချို့ယွင်ချက်ကို လစ်လျူမရှုအားကြိုးမာန်တက် ဆောင်ရွက်ရန်ကိုလည်း အာရုံပြုထိုက်၏။

ကျွန်ုပ် အထက်ကဖော်ပြခဲ့သည့်အတိုင်း အလောင်းဘုရား(ဦးအောင်ဇေယျ)သည် တလိုင်းတို့ရန်ကိုဖြိုဖျက်၍ မြန်မာအင်ပါယာနိုင်ငံကြီးထူထောင်ရာ၌ မြေတူး ၇-ရွာမှ တို့ဗမာမွတ်စလင်မ်တို့သည် အလုံးအရင်းနှင့် စစ်မှုကိုထမ်းခဲ့၏။

စစ်သားအမျိုး

ထို့ပြင် ဘကြီးတော်ဘုရားလက်ထက် ‘မဟာဗန္ဓုလ’စစ်သူကြီး အင်္ဂလိပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့် ပထမစစ်ပွဲတွင်လည်း တို့ဗမာမွတ်စလင်မ်တို့ ရဲမက် စစ်သည်တော်အဖြစ် စစ်မှုထမ်းခဲ့ကြသည်။ တို့ဗမာ မွတ်စလင်မ်တို့သည် စစ်ရေးစစ်ရာ၌ နှစ်ပရိစ္ဆေဒအဓွန့်ရှည်ကြာစွာ အခါသမယမှ ရင်းနှီးဆက်ဆံ လေ့လာလိုက်စား ဝါသနာထုံခဲ့သည်ကို ရာဇဝင်တွင် ထင်ရှားခဲ့သည်သာမဟုတ် သာဓကအထူးလိုငြားအံ့ မန္တလေးရွှေမြို့တော်ကိုရှုလော့။ တို့ဗမာမွတ်စလင်မ်တို့ ယခုတိုင်နေထိုင်ကြသည့် ရပ်ကွက်များ၏အမည်မျးကို ဆင်ခြင်သည်ရှိသော် မြန်မာမင်းတို့၏ အမြောက်တပ်ကို စီးနင်းအမှုထမ်းခဲ့ကြသူ အမြောက်တပ်သားများ နေရာ အမြောက်တန်းဖြစ်သည်။ ဘုရင့်ဗုံးတပ်တွင် အမှုထမ်းခဲ့သည့် ဗုံးတပ်သားမျာဖြစ်ကြ ကုန်သော တို့ဗမာမွတ်စလင်မ်တို့သည် ဗုံးအိုးရပ်၌နေကြ၏။ တို့ဗမာမွတ်စလင်မ်များနေကြသော စင်္ကြာနွယ်စဉ်အရပ်ကား စင်္ကြာအမြောက် တပ်သားများ နေထိုင်ရာအရပ်ဖြစ်၏။ မြန်မာဘုရင်များ ယုံကြည်သဒ္ဒါ တော်မူခြင်းတည်းဟူသောဂုစ်ကို ရရှိခဲ့၍ ဘုရင်မင်းမြတ်၏ အသက်စည်းစိမ်ကို သက်စွန့်ကြိုးပမ်းဆောင်ရွက်ရန် ရွေးချယ်ခန့်ထားသနားတော်မူခြင်းကို ခံစားကြရသော ကိုယ်ရံတော်ဗိုလ်မှူးများဖြစ်ကြကုန်သော တို့ဗမာမွတ်စလင်မ်များ၏နေထိုင်ရာအရပ်သည် ကိုယ်ရံတော်ဟု ယခုတိုင် ထင်ရှားရှိ၏။

ဤမျှ သာဓကထင်ရှားလှသည့် တို့ဗမာမွတ်စလင်မ်တို့သည် ရှေးမင်းတို့လက်ထက်က စစ်မှုရေးရာဝါသနာထုံ၍ ကြင်လည်ကုန်သော Martial Race ဖြစ်သည်။

တို့ဗမာမွတ်စလင်မ်များတန်ခိုး

အရှိန်မှေးမှိန်နေခိုက်ဖြစ်၍ ယခုအခါ ချင်း၊ ကရင်၊ ကချင်တို့ကိုသာလျှင် စစ်တပ်များတွင်လက်ခံ၍ တို့ဗမာ မွတ်စလင်မ်များကို စစ်တပ်တွင် လျောလျောလျူလျူ ဝင်ခွင့်မပြုခြင်းကား ဝမ်းနည်းဖွယ်ပင်ဖြစ်ပေ၏။ အင်္ဂလိပ်မင်းတို့ အမြင်မကျယ်ရာလည်းကျရောက်၏။

လူနည်းစုပြဿနာလုံးဝမပေါ်ထိုက်၊ ထို့ပြင်ဝမ်းနည်းဖွယ်တစ်ရပ်ကား ဤမျှလောက် ဘုရင်၏အကျိုး တိုင်းပြည်၏အကျိုးကု ိသယ်ပိုးရွက်ဆောင်ခဲ့သော မြန်မာမွတ်စလင်မ်တို့ အတွင်းမှ ယခုလက်ရှိအောက်လွှတ်တော်တွင် မြန်မာမွတ်စလင်မ်အမတ်တစ်ဦးတစ်ယောက်မျှမရှိခြင်းပင်ဖြစ်။ ဘိလတ်မြို့ မျက်နှာစုံညီအစည်းအဝေးကြီးတွင် မြန်မာမွတ်စလင်မ်တို့၏ကိုယ်စား ရွေးချယ်ခန့်ထားခြင်းခံရသော ယခု အထက်လွှတ်တော်အမတ်ကြီးဦးအောင်သင်းသည် မြန်မာမွတ်စလင်မ်များအဖို့ သီးသန့်နေရာရရှိရရှိရန်ကို အားတက်သရောမတောင်းဆိုခဲ့။ ကျွန်ုပ်ကိုယ်တိုင်လည်း လူများစုအခြေမှ လူနည်းစုအခြေသို့ဆိုက်ရောက်ခြင်းကို မနှစ်မြို့ပါ။ သို့သော် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီးဦးအောင်သင်းကား အခြားအခြားသော လူနည်းစုများကို သီးခြားနေရာပေးလျှင် မြန်မာမွတ်စလင်မ်များလည်း ထိုအရေးကိုလိုလား၏။ ကျွန်ုပ်၏ယူဆချက်ကား ဦးအောင်သင်းယူဆသကဲ့သို့ မြန်မာမွတ်စလင်မ်တို့၏ လူဦးရေစာရင်းကို သီးခြားကောက်ယူရန် တောင်းဆိုရာ၌ ဤလူနည်းစုပြဿနာနှင့် သီးခြားရွေးကောက်ခွင့်ပေးခြင်းကို ပပျောက်စေရန် ရည်ရွယ်ခဲ့၏။

ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ် မြန်မာပြည်တွင် လက်ရှိအုပ်ချုပ်ရေးစနစ်ကား ဒီမိုကရေစီနည်းစနစ်ဖြစ်၏။ ဒီမိုကရေစီနည်းစနစ်၏အခြေခံအုတ်မြစ်ကား မဲဆန္ဒသာလျှင်ဖြစ်၏။ ထိုမဲဆန္ဒကို အဖိုးထိုက်တန်အောင်အသုံးပြုနိုင်လျှင် ကိုယ်စားလှယ်နှင့်တကွ အုပ်ချုပ်ရေးသည်လည်း အဖိုးတန်၏။ မြန်မာမွတ်စလင်မ်တို့၏ မဲဆန္ဒများကား မြန်မာပြည်၌အနှံ့အပြားအစုလိုက် အအုပ်လိုက် မြို့တိုင်း နယ်တိုင်း၌ရှိ၏။ ထိုမဲဆန္ဒများ၏တန်ဖိုးကို ရရှိရန် ယခုကွန်ဖရင့်အစည်းအဝေးကြီး၊ မြန်မာမွတ်စလင်မ်အစည်းအရုံးအားလုံးတို့၏ အသင်းချုပ်ကြီးက စီမံခန့်ခွဲနိုင်သင့်၏။ သို့စီမံခန့်ခွဲနိုင်သောအခြေရှိလျှင် မြန်မာမွတ်စလင်မ်အမတ်များသော်လည်း ရနိုင်ဖွယ်ရှိ၏။ မြန်မာမွတ်စလင်မ်အမတ်မရနိုင်သည့်နယ်ပယ်များ၌ မြန်မာမွတ်စလင်မ်တို့၏အကျိုးကို စောင့်ရှောက်ပါမည်ဟု အာမဝန်တာခံယူသော အမတ်များကိုသော်လည်းကောင်း စေလွှတ်နိုင်ရန်အကြောင်းရှိ၏။

နိဂုံးချုပ်ပြောလိုသည်ကား မြန်မာပြည်အတွင်း အယူဝါဒကွဲပြားခြင်းကို အကြောင်းပြု၍ လူမျိုး၏စည်းလုံးမှု၊ တိုင်းပြည်၏တိုးတက်မှု ချမ်းသာမှုကို မပျက်စီးစေရာ၊ သဘောထားကြီးခြင်း၊ တိုင်းပြည်ကိုချစ်ခြင်း စသော မေတ္တာတရားတို့ဖြင့် လူမျိုးစည်းလုံးမှုကိုဖြစ်စေလျက် ငါကား သူနှင့်မတူ သီးခြားလူမျိုးဟူသော စိတ်ထားကို တိုင်းပြည်နှင့် လူမျိုးအတွက် ဖိနှိပ်ထားရာသည်။ ငါတို့သည် လူမျိုးအားဖြင့် မြန်မာ၊ ဘာသာအားဖြင့် “မွတ်စလင်မ်”၊ နေထိုင်ရာဌာန မြန်မာပြည်၊ သယ်ပိုးရန်ကိစ္စ မြန်မာ့အကျိုးဟူ၍ စွဲစွဲလန်းလန်းကြိုးစားကြရန်ဖြစ်၏။

(၁၉၄၁-ခု၊ မေလ(၄)ရက်နေ့ နံနက် ၉-နာရီ ၁၅-မိနစ်)အချိန်၌ ယင်းတော်ရွာကြီးတွင် ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ‘ဗမာမွတ်စလင်မ်’ကွန်ဖရင့်အစည်းအဝေးသို့ပြောကြားခဲ့သော သဘာပတိ မန္တလေးမြို့ အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးAရာဇတ်၏ မိန့်ခွန်း(စ-ဆုံး)။ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဖရင့်(ယင်းတော်)မှတ်တမ်းမှ ကောက်နှုတ်သည်။

(၂၄.၉.၉၆)

M.အိစ်မာအီးလ်တင်မြင့်

ကူးပေးသူ – ပျော်ဘွယ်

==================

ဤစာမူအား ဟာဂျီကိုဇော်မင်းထွန်းမှတဆင့် ဆရာကြီးဦးရာဇတ်၏သားကြီး ဦးတင်မြင့်ထံမှ ရရှိခဲ့ပါသဖြင့် ပသီဝိုင်းဝတ်ရည်မြင့်မှ ကူညီစာစီပေးပါသည်။။

No comments:

Post a Comment

Note: Only a member of this blog may post a comment.