အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ အမည်ကို 
ကြားလိုက်တာနဲ့ရိုဟင်ဂျာကုလားတွေ က ရခိုင်ပြည်နယ်မှာ မွတ်စလင်နိုင်ငံ 
တည်ထောင်ဖို့ရည်ရွယ်ထားတဲ့နာမည်ဘဲလို့ ဒီခေတ် ဗုဒ္ဓဘာသာဝင် အများစု က 
သိလိုက်ကြမှာဖြစ်ပါတယ်။  နိုင်ငံခြားတွေမှာစာတမ်းတွေကျမ်းတွေပြုစုနေပါတယ် 
ဆိုတဲ့ ပညာတတ်များ က ရေးသားဝါဒဖြန့် လူထုဆီနည်း 
အမျိုးမျိုးနဲ့အရောက်ပို့နေတာကြောင့်  မြန်မာ လူထု (အထူးသဖြင့် 
အွန်လိုင်းလူထု) လည်း ဟုတ်နိုးနိုးနဲ့ ရောယောင်ပြီး မခံမရပ်နိုင်တွေဖြစ် 
ရိုဟင်ဂျာ ကို ဆဲဆို စတာတွေ ကို တစိုက် မတ်မတ် 
ပြုလုပ်လာနေကြတာလို့မြင်မိပါတယ်။  ဖြစ်သင့်ပါတယ်၊ ကိုယ့်နိုင်ငံ 
ကိုယ့်တိုင်းပြည်ကို ခွဲထုတ်ပြီးသီးသန့်နိုင်ငံ တခု တည်ထောင်ဖို့ လူတစု  က 
ကြိုးစားနေတာသိရရင် စိတ်ဆိုးဒေါသ ထွက်ကြတာ ဟာ တိုင်းချစ်ပြည်ချစ် 
လူတိုင်းဖြစ်သင့်တဲ့သဘာဝခံစားချက်ပါ။
ရိုဟင်ဂျာ မဟုတ်တဲ့ ကျွန်တော်၊ မြန်မာမွတ်စလင်တဦးဖြစ်တဲ့ ကျွန်တော် 
ဟာလည်း ရိုဟင်ဂျာဆိုသူတွေ ဟာ  အာရကာနစ္စတန် (Arakanistan) လို့ခေါ်တဲ့ 
နိုင်ငံတည်ထောင်ဖို့ကြိုး စားနေသူတွေ ဖြစ်ကြောင်း စကြားရ၊ စဖတ်ရတော့ 
မခံမရပ်နိုင်ဖြစ်မိပါတယ်။ ဘာသာတူဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရိုဟင်ဂျာ တွေကို 
ဆန့်ကျင်စိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ဟာ အာရကာနစ္စတန် နိုင်ငံ ထူထောင်ဖို့ လုပ်ဆောင်နေတယ် 
ဆိုတာကို ကျွန်တော် စဖတ် ရတာ Islamization of Burma Through Chittagonian 
Bengalis as “Rohingya Refugees“ စာတမ်းမှာပါ။ စာတမ်းရေးသားသူ က ခေတ်ပညာတတ်
 တစ်ဦးဖြစ်တဲ့ ဦးခင်မောင်စော ဆိုတဲ့ ပုဂ္ဂိုလ် ပါ။  အဲဒီစာတမ်း ခေါင်းစဉ် 
4.1 မှာ- ဘင်းဂလား က ဝင်ရောက်လာတဲ့ စစ်တကောင်းဘင်္ဂလီ လူမျိုး တွေဟာ 
မြန်မာပြည်လွတ်လပ်ရေးရပြီးချိန် မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ 
မွတ်စလင်နိုင်ငံ “Arakanistan” ကို တည်ထောင်ဖို့ ကြိုးစားခဲ့ကြတယ် လို့ 
ရေးထားပါတယ်။  ဦးခင်မောင်စော ရေးထားတာကို အထောက်အကူပြုပြီး 
ဦးခင်မောင်စောလို စာတတ်ပေတတ်တွေ အပါအဝင် အချို့လူတွေကလည်း ရိုဟင်ဂျာတွေ က 
သီးခြားနိုင်ငံ အာရကာနစ္စတန် တည်ထောင်ဖို့ လုပ်နေသူတွေဖြစ်ကြောင်းဝါဒဖြန့် 
ပြောဆိုလာကြတာကိုတွေ့ရပါတယ်။ တစ်ရက်မှာ မိတ်ဆွေရိုဟင်ဂျာ၁ ယောက်နဲ့ 
စကားစပ်မိရင်း အာရကာနစ္စတန် အကြောင်းပြောပြမိတော့ ရိုဟင်ဂျာတွေဟာ 
အာရကာနစ္စတန် (သို့) သီးခြားခွဲထွက်ခွင့်တောင်းခံခဲ့သူတွေ လုံးဝ 
မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး၊ ကိုရဲရင့်အနေနဲ့ အဲဒီ 
သမိုင်းကြောင်းကို သေချာသုတေသန ပြုလေ့လာပြီး တွေ့ရှိတဲ့ အမှန်တရားကို လူထု 
သိအောင်ရေးပြစေလိုကြောင်းဆိုခဲ့ပါတယ်။ ကျွန်တော်လည်း ကောင်းပါပြီ သုတေသန 
ပြုလေ့လာပြီး တွေ့တဲ့ အမှန်ကို အမှန်အတိုင်းရေးသားပါ့မယ်လို့ သူ့ကို 
ကတိပေးခဲ့ပါတယ်။
ဦးခင်မောင်စော က သူ့စာတမ်းမှာ အထက်ပါအတိုင်း  ရေးရုံ ရေးထားတာပါ၊ 
စာအုပ်စာတမ်း အထောက်အထားမည်မည်ရရ ပေးမထားပါဘူး။ သူပြထားတဲ့ အထောက်အထား က 
တော့ ၁၉၄၇ က ဖဆပလအသင်းဝင် ဦးရရှစ်နဲ့ ဦးနုတို့ ရဲ့ မိန့်ခွန်းဖြစ်နေပါတယ်။ 
အဲဒါနဲ့ ကျွန်တော် လည်း လွန်ခဲ့တဲ့ ၇ ရက်လောက် က စပြီး 
ဦးခင်မောင်စောရေးထားတဲ့ “Arakanistan” နဲ့ပတ်သက်တဲ့ အထောက်အထားကို 
လိုက်ရှာခဲ့ပါတယ်။ မနေ့ည ကမှ “Arakanistan” နဲ့ပတ်သက်တဲ့ 
အထောက်အထားတွေ့ခဲ့ပါတယ်။ ကျွန်တော် ကြိုးစားရှာဖွေထားတဲ့ အထောက်အထားကို 
လူတိုင်းသိနိုင်ဖို့အတွက် ကျွန်တော်ရေးပြပါ့မယ်။ စာဖတ်သူမိတ်ဆွေတွေ 
အနေနဲ့လည်း သမိုင်းကြောင်းကို သမိုင်းကြောင်းလိုဘဲ မြင်စေချင်ပါတယ်။ 
ကျွန်တော့်ရဲ့ တင်ပြမှု အပေါ် အခြားအရောင်တွေ မစွန်းပါစေနဲ့လို့ကြိုတင် 
မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ။
၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် ကို ဖတ်မိပါတယ်။ 
အဲဒီစာအုပ် ကို ၁၉၉၁ ခုနှစ် က တက္ကသိုလ်များပုံနှိပ်တိုက် ၊ ရန်ကုန် မှာ 
ရိုက်နှိပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ စာပေ ခွင့်ပြုချက်အမှတ် (၃၆၉၉) 
နဲ့ တက္ကသိုလ်များ ပုံနှိပ်တိုက် မန်နေဂျာ ဦးစိုးမြင့် က ထုတ်ဝေခဲ့တာပါ။ 
ပြုစုသူတွေက တော့ဦးကျော်ဝင်း၊ ဦးမြဟန် နဲ့ ဦးသိန်းလှိုင် တို့ ဖြစ်ကြပြီး၊ 
မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့ က 
စိစစ်ထားတာဖြစ်ပါတယ်။ အဲဒီစာအုပ် “အခန်း ၁၂ ၊ ရခိုင် မွန် နှင့် 
ချင်းပြည်နယ် တောင်းဆိုခြင်း” အခန်းမှာ၊ ရခိုင်ကိုယ်စားလှယ်တွေဟာ
 ၁၉၃၀ လန်ဒန်မျက်နှာစုံညီ အစည်းအဝေး ကို သွားတက်ကတည်းက ရခိုင်ပြည်နယ် ကို 
သီးခြား လွတ်လပ်ရေးပေးဖို့ တောင်းဆိုရန် အစီအစဉ်ရှိခဲ့ပေမဲ့၊ 
မြန်မာခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးချစ်လှိုင်နဲ့ ဦးဘဘေ တို့ ကတောင်းပန်တဲ့ 
အတွက် မတောင်းဆိုဖြစ်ခဲ့ လို့ရေးထားပါတယ်။ ၁၉၃၀ လန်ဒန် အစည်းအဝေးကို 
တက်ခဲ့တဲ့ ရခိုင်ကိုယ်စားလှယ်တွေဟာ ဦးထွန်းအောင်ကျော် နဲ့ မစ္စမေအောင် 
(ဒေါ်မြစိန်) တို့ ဖြစ်ကြပါတယ်။
၁၉၃၇ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်ပေါက်လာချိန်မှာ 
ဥပဒေပြုလွှတ်တော်ရခိုင်အမတ်ဖြစ်တဲ့ အမျိုးသားကျောင်းဆရာကြီး ဦးထွန်းအောင် က 
ရခိုင်ကိုပြည်နယ် တစ်နယ်အဖြစ် အော်တိုနော်မီ (Autonomy) ပေးသင့်ကြောင်း 
ရခိုင်တိုင်းမှာ လှုံ့ဆော်ခဲ့တယ်လို့ အထောက်အထားပေးပြီးရေးထားပါတယ်။
ဦးလှထွန်းဖြူ နဲ့ ထင်ရှားတဲ့ 
ရခိုင်ခေါင်းဆောင်အချို့ ဟာ ရန်ကုန်မြို့မှာ “အာရကံနီစတန်” 
ရခိုင်ပြည်နယ်တောင်းဆိုရေးအတွက် အစည်းအဝေးကျင်းပဖို့ 
စိုင်းပြင်းနေကြကြောင်းရေး သားထားပါတယ်။ အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ 
အမည် ကို ဘယ်သူစသုံးခဲ့ တာလည်း ပေါ်လာပါပြီ။ စဖတ်ရခြင်းတော့အလွန်ကို အံ့ဩမိပါတယ်။ စာဖတ်သူတွေလည်းအံ့ဩမိမှာပါ။ မယုံမရှိကြပါနဲ့။
ဒါတွေ က လွတ်လပ်ရေးမရခင်  အာရကာနစ္စတန် (Arakanistan) လှုပ်ရှားမှုတွေပါ။ 
လွတ်လပ်ရေးရပြီးတော့လည်း အာရကာနစ္စတန် (Arakanistan) ဝါဒီတွေ က အပြင်းအထန် 
လှုပ်ရှားခဲ့ပါသေးတယ်။ ပြည်သူ့လွှတ်တော်မှာ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။ 
အကျယ်တဝင့်တော့ ကျွန်တော်ရေးမပြတော့ပါဘူး။ 
ထူးခြား တာ က ရခိုင် က ရိုဟင်ဂျာ တွေ ဟာ ရခိုင်ပြည်နယ် 
ကိုယ်ပိုင်အုပ်ချုပ်ခွက်ရရေးအဆို ကို လုံးဝ မထောက်ခံခဲ့တဲ့အပြင် အပြင်းအထန်
 ကန့်ကွက်ခဲ့ပါတယ်။
၁၉၅၆ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 
ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရမ်းဗြဲ အမတ် ဦးဘမြိုင် က 
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်း ကို 
ဆွေးနွေးစဉ်းစားဖို့ အဆိုသွင်းခဲ့ပါတယ်။ အဲဒီ အဆိုရဲ့ အနှစ်ချုပ် က တော့ 
ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ဖန်တီးဖို့နဲ့ 
ဗဟိုအစိုးရရဲ့ချုပ်ကိုင်မှုကနေ ကင်းလွတ်စေဖို့ ဖြစ်ပါတယ်။ ဦးဘမြိုင်ရဲ့ 
အဲဒီအဆိုကို ဘူးသီးတောင်အမတ် ဖြစ်တဲ့ အဘူ(ရ်) ဘောရှော (ရ်) က 
ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေးနွေးခဲ့တဲ့
 အနှစ်ချုပ် က တော့ ရခိုင်ပြည်နယ် အလိုမရှိကြောင်း၊ အကယ်၍သာ အစိုးရ က 
ရခိုင်တိုင်းကို ပြည်နယ်ပေးမယ်ဆိုရင် ဘူးသီးတောင် မောင်တော နယ်တွေကို 
ရခိုင်ပြည်နယ်အတွင်း မထည့်သွင်း ဘဲ သီးခြား ခရိုင်တစ်ခု အဖြစ် ပြည်မ 
လက်အောက်မှာသာ ထားပေးဖို့မေတ္တာရပ်ခံကြောင်း။  
ရခိုင် အမတ် ဦးဘမြိုင်ရဲ့ တောင်းဆိုချက်ကိုအစိုးရအဖွဲ့ က မလိုက်လျောခဲ့ပါဘူး။
ဦးဘမြိုင်ရဲ့ ရခိုင်ပြည်နယ် ဖွဲ့စည်းရေးအတွက် အခြေခံ ဥပဒေ (ပြင်ဆင်ချက်)
 ဥပဒေကြမ်းအဆို အရေးနိမ့်သွားပြီး နောက်ပိုင်းမှာလည်း ရခိုင်လွှတ်တော် အမတ် 
တစ်ချို့ဟာအခါအခွင့် သင့်တိုင်း ရခိုင်ပြည်နယ် ရရှိရေးကို 
လွှတ်တော်အတွင်းမှာတောင်းဆိုခဲ့ကြပါတယ်။
၁၉၅၇ ခု မတ်လ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ 
မြို့ဟောင်းအမတ် ဦးလှထွန်းဖြူ က ရခိုင်ပြည်နယ် တောင်းဆိုခြင်း 
ဟာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ တောင်းဆိုခြင်း သာဖြစ်ကြောင်း 
ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဦးလှထွန်းဖြူ ရဲ့ ဆွေးနွေးချက် ကို ဝန်ကြီးချုပ် 
ဦးနု က အဘယ်ကြောင့်ရခိုင်ပြည်နယ် မပေးလိုကြောင်း 
ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ရခိုင်အမျိုးသားတွေ ဟာ လွှတ်တော်ပြင်ပမှာလည်း 
ပြည်နယ်တောင်းဆိုမှုကိုလုပ်ဆောင်ခဲ့ ကြကြောင်း ဖတ်ရပါတယ်။ ၁၉၅၇ စက်တင်ဘာ ၂၈ ၊
 ၂၉ ရက်တွေမှာ ရန်ကုန်မြို့တော်ခန်းမ မှာ လူမျိုးပေါင်းစုံဆွေးနွေးပွဲ 
တစ်ရပ်ကျင်းပခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲ မှာ ရခိုင်အမျိုးသား ဦးကျော်မင်းက 
သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး သဘာပတိအဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။ 
ရခိုင်အမျိုးသားတွေ က သူတို့ရဲ့ မကျေနပ်ချက်တွေကို တင်ပြခဲ့ကြပြီး 
ဖဆပလအစိုးရ ဟာ မတရားကြောင်းဖွင့်ဟခဲ့ကြပါတယ်။
၁၉၅၇ စက်တင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ 
အတိုက်အခံပါတီဖြစ်တဲ့ ပမညတ အမတ် ဦးသိန်းဖေမြင့် (ဘုတလင်) က လည်း 
ရခိုင်ပြည်နယ် ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ၁၉၅၇ အောက်တိုဘာ ၁ ရက်နေ့ 
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရတည အမတ် ဦးလှထွန်းဖြူ က ရခိုင်ပြည်နယ် 
ပေးဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ ဦးဖော်သင် (ပုဏ္ဏားကျွန်းအမတ်) နဲ့ 
ဦးကျော်မင်း (စစ်တွေအမတ်) တို့ က ထောက် ခံဆွေးနွေးခဲ့ပြီး၊ 
ရိုဟင်ဂျာလူမျိုး ဖြစ်တဲ့ဦးအဘူခိုင် (မောင်တော တောင်ပိုင်းအမတ်) က 
ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ မာန်အောင် အမတ် ဖြစ်တဲ့ ဦးလုံးဖြူ ကလည်း 
ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။ ပမညတ ဒေါက်တာ ဦးဧမောင် (ပြည်အမတ်) က တော့ 
ဦးလှထွန်းဖြူ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဦးကျော်တင် (သံတွဲ 
မြောက်ပိုင်း အမတ်) က တော့ ဦးလှထွန်းဖြူဆွေးနွေးချက်ကိုအပြင်းအထန် 
ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဘစော နဲ့ ဝန်ကြီး 
ဦးခင်မောင်လတ်တို့ကလည်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒါကြောင့် 
ရခိုင်ပြည်နယ်ရရှိရေးလွှတ်တော်တွင်းကြိုးပမ်းမှု (၁၉၅၈) ဟာ လည်း 
အရေးနိမ့်ခဲ့ရပြန်ပါတယ်။
ဆောင်းပါးရှင် ရဲရင့်သစ္စာထံမှ ခွင့်ပြုချက်တောင်းပြီး ဖော်ပြပါသည်။
http://www.m-mediagroup.com/news/5831
http://www.m-mediagroup.com/news/5831


 
 

No comments:
Post a Comment
Note: Only a member of this blog may post a comment.