Breaking

December 15, 2019

လူမျိုးစုလက်နက်ကိုင်အဖွဲ့ရာချီရှိခဲ့တဲ့ မြန်မာပြည်

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် စတာ အနှစ် ၇ဝ ကျော်ရှိတဲ့အထဲမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ခိုက်တာက မြန်မာအများစု ပါတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက် တာထက် ပိုပြီး အဖွဲ့အရေအတွက် များသလို နှစ်ကာလလည်း ပိုကြာပါတယ်။ မြန်မာနိုင်ငံဟာ မနုဿဗေဒအရ လူမျိုးကွဲပြားမှု များတဲ့ နိုင်ငံတခု ဖြစ်သလို နိုင်ငံရေး ကွဲပြားမှုကို စေ့စပ်ဖြေရှင်း နည်းထက် စစ်ရေးနည်းနဲ့ ရှင်းတဲ့ ယဉ်ကျေးမှု ထွန်းကားတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်တယ်လို့ ပြောသလို တပ်မတော်ရဲ့ နိုင်ငံရေးအာဏာ ချုပ်ကိုင်မှု နှစ် (၅ဝ) ကျော်ကြာခဲ့တဲ့အတွက် စစ်မပြီးနိုင်တာလို့လည်း ဆိုကြပါတယ်။ ဖက်ဒရယ်တောင်းဆိုမှုနဲ့ ပြည်ထောင်စုက ပြည်နယ်တချို့ ခွဲထွက်ဖို့ ကြံလို့ တပ်က အာဏာကို ယူရတာလို့လည်း ၁၉၆၂ နောက်ပိုင်း အစိုးရအဆက်ဆက်က ခုခံခဲ့ပါတယ်။

သာသနာပြုတွေ သွေးထိုးသလား

တခါ တပ်မတော်ဘက်က ထုတ်တဲ့ သမိုင်းမှတ်တမ်းတွေမှာတော့ လူမျိုးစု ပုန်ကန်မှုတွေ ဖြစ်တာမှာ နယ်ချဲ့ အင်္ဂလိပ်နဲ့ အနောက်တိုင်းက ခရစ်ယာန်သာသနာပြုတွေ သွေးထိုးမှုကြောင့်လို့ စွပ်စွဲပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ရခိုင်၊ ပဲခူး၊ တနင်္သာရီနဲ့ ရှမ်းပြည် ဆိုတဲ့ နယ်မြေ လေးခုက လူမျိုးစုတွေက မြန်မာအုပ်စိုးမှုကို မနှစ်မြို့တာ (၁၉) ရာစု ဆန်းစကတည်းက ရှိတယ် ဆိုပြီး အနောက်တိုင်းပညာရှင် တွေရဲ့ ရေးသားချက်တွေမှာ ပါရှိပါတယ်။
ဓာတ်ပုံ မူပိုင် Print Collector
Image caption ရှမ်းနယ်တွေမှာ အုပ်စိုးခဲ့တဲ့ စော်ဘွား
မြန်မာပြည်ကို ဗြိတိသျှသိမ်းပိုက်ပြီးနောက် တောင်တန်းနဲ့ပြည်မကို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ မြန်မာဘုရင်တွေလက်ထက်မှာလည်း တောင်တန်းဒေသအများစုမှာ ဆိုင်ရာလူမျိုးစု အကြီးအကဲတွေ အုပ်ချုပ်မှုက ပိုရှိခဲ့ပြီး မြန်မာဘုရင်ဆီ သစ္စာခံပြီး လက်ဆောင်အခွန်ဆက်တာပဲ များခဲ့ပါတယ်။ ဒါကြောင့် မြန်မာရာဇဝင်မှတ်တမ်းတွေမှာ မြန်မာ၊ မွန်၊ ရခိုင်နဲ့ ရှမ်းလူမျိုးတွေနဲ့ ဆက်ဆံရေးတွေကိုသာ အဓိကတွေ့ ရပြီး ကရင်၊ ကချင်၊ ချင်း စတဲ့ တခြားလူမျိုးတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို တွေ့ရနည်းတာပါ။
မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် လူမျိုးစုတွေထဲက ကရင်၊ ကချင်၊ ချင်း စတဲ့ လူမျိုးတွေကို စုစည်းပြီး တပ်ဖွဲ့ပေးတာ၊ မြန်မာတွေရဲ့ ပုန်ကန်မှုကို ဒီတပ်တွေနဲ့ နှိမ်နင်းတာတွေ ရှိခဲ့တယ်လို့ မြန်မာ အမျိုးသားရေး ဝါဒီတွေ ရေးတဲ့ သမိုင်းတွေမှာ ပါရှိပါတယ်။ နောက် ရခိုင်၊ မွန်နဲ့ အောက်ပိုင်းက မြန်မာစတဲ့ ဗြိတိသျှအောက်ကို အရင်ရောက်တဲ့ လူမျိုးစုတွေထဲက အရာရှိနဲ့ နိုင်ငံရေးသမား၊ စီးပွားရေး သမားတွေ ပေါ်ထွက် လာပါတယ်။ ဒီနယ်သားတွေဟာ အထက်ပိုင်းက မြန်မာတွေလောက် ဘုရင်အပေါ် သစ္စာခံမှု နည်းသလို ယဉ်ကျေးမှုအရလည်း အသစ်ဝင်လာတဲ့ လူမျိုးတွေနဲ့ ပိုပြီး ကူးလူးမှု မြန်တယ်လို့ ယူဆလို့ ဗြိတိသျှက အခွင့်အရေးပေးတာလို့လည်း ဆိုပါတယ်။ တဘက်ကလည်း ဗြိတိသျှအောက်မှာ အနှစ် ၆ဝ လောက်ပဲ နေခဲ့ရတဲ့ အထက်မြန်မာပြည်နဲ့ အနှစ် ၁ဝဝ ကျော်နေရတဲ့ အောက်မြန်မာပြည်မှာ ဗြိတိသျှ အရိပ်အငွေ့ဝင်တာ ကွာခြားပါတယ်။ ဒါကြောင့် မြန်မာအမျိုးသားရေး လှုပ်ရှားမှုတွေ ၂ဝ ရာစုဆန်းမှာ ပေါ်လာချိန်မှာ ကျေးလက်ဒေသက မြန်မာလယ်သမားတွေနဲ့ ဘုန်းတော်ကြီးတွေက ဝံသာနု လှုပ်ရှားမှုကို ပိုထောက်ခံကြပြီး မြို့ပြက လူလတ်တန်းစားတွေက ဗြိတိသျှနဲ့ ပူးတွဲအုပ်ချုပ်မှုကို လိုလားကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Keystone-France
Image caption ရခိုင်စစ်မျက်နှာက မဟာမိတ်တပ်တွေ
ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်မှာ လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပြီး ကရင်နဲ့မြန်မာ၊ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အပြန်အလှန် သတ်ဖြတ်မှု တွေ ဖြစ်ခဲ့ပါတယ်။ ထွက်ခွာသွားတဲ့ ဗြိတိသျှနဲ့ ဝင်လာတဲ့ ဂျပန်တပ်တွေအကြား နိုင်ငံရေးထောက်ခံမှုနဲ့ လက်နက်ထောက်ပံ့မှုကိုလိုက်ပြီး ဒီလိုအဓိကရုဏ်းဖြစ်တာဆိုသလို နဂိုကတည်းက မကြည်လင်မှု၊ မယုံကြည်မှုတွေကြောင့် ဒီလိုသတ်ဖြတ်ကြတာလို့လည်း ဆိုပါတယ်။ ဒီသတ်ဖြတ်မှုတွေရဲ့ အကျိုးဆက်အဖြစ် စစ်ပြီးခေတ်မှာ နိုင်ငံရေးတင်းမာမှုတွေ ဆက်ဖြစ်ပြီး လက်နက်ကိုင် ပုန်ကန်မှု တွေ စတင်ခဲ့ ပါတယ်။ စစ်အတွင်းမှာ မဟာမိတ်တပ်တွေ အကူအညီနဲ့ တောင်ပေါ်မှာ ပြောက်ကျားတပ်တွေဖွဲ့ပြီး ဂျပန်တော်လှန်ရေး လုပ်ခဲ့ကြသလို အဲဒီက ကျန်ရစ်တဲ့ လက်နက်တွေက မြန်မာပြည်က နိုင်ငံရေးအဖွဲ့ တွေနဲ့ လူမျိုးစုတွေလက်ထဲမှာ ပြန့်နှံ့နေတာကလည်း ဒီပုန်ကန်မှုတွေကို အားပေးခဲ့ပါတယ်။

ဘုံပေါက်သာကျော်

အစောဆုံးပေါ်ပေါက်တဲ့ လူမျိုးစုပုန်ကန်မှုက ရခိုင်မှာ ဖြစ်ပါတယ်။ ဘုံပေါက်သာကျော်ရဲ့ ရခိုင်ပြောက်ကျားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယမှာ စစ်ပညာ လေ့ကျင့်သင်ကြားခဲ့ပြီး ကွန်မြူနစ်ဝါဒကို သက်ဝင်လာသလို စစ်ပြီးခေတ် ၁၉၄၆ မှာ ပြည်မမှာ စတောခိုတဲ့ သခင်စိုးရဲ့ အလံနီကွန်မြူနစ်တွေလိုပဲ ရခိုင်မှာလည်း ၁၉၄၇ က စပြီး ပုန်ကန်ခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက် ဗကပပုန်ကန်မှု စခဲ့သလို ၁၉၄၉ ကရင်ပုန်ကန်မှု မစခင်မှာပဲ ကေအန်ဒီအိုတပ်တွေက မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီမှာ လှုပ်ရှားလာခဲ့ပါတယ်။ ၁၉၄၉ ဖေဖော်ဝါရီမှာ ကရင်တပ်တွေ တောခိုပြီး အစိုးရကို အတိအလင်း ပုန်ကန်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ အင်းစိန်၊ မေမြို့နဲ့ မန္တလေးစတဲ့ မြို့ကြီးတွေ ကရင်အောက် ရောက်ခဲ့သလို ရန်ကုန်မှာ ရုံးစိုက်တဲ့အစိုးရဟာလည်း အကာအကွယ်မရှိ ကရင်ဝင်သိမ်းမှာကို ပူပန်ရတဲ့ အနေအထား ဖြစ်လာခဲ့တယ်လို့ တော်လှန်ရေးကောင်စီဝင်ဟောင်း ဦးဘညိမ်နဲ့ ကိုသန်း (ကြည့်မြင်တိုင်)တို့က ရေးပါတယ်။
ဓာတ်ပုံ မူပိုင် Bert Hardy
Image caption အင်းစိန်တိုက်ပွဲက မြန်မာပြည်ကြမ္မာကို အလှည့်အပြောင်းဖြစ်ခဲ့
ကရင်သီးခြားပြည်နယ်တောင်းဆိုမှုနဲ့အတူ မွန်ပြည်နယ်ရရှိရေး အတွက် မွန်ပုန်ကန်မှုလည်း ၁၉၄၈ သြဂုတ်လက တနင်္သာရီတိုင်း သထုံခရိုင်မှာ စတင်ခဲ့ပါတယ်။ နောက် ရှမ်းပြည်နယ်မှာ ပဒေသရာဇ် ဆန့်ကျင်ရေး ပအိုဝ်း ပုန်ကန်မှု ပေါ်ပေါက်ခဲ့ပါတယ်။ မွန်နဲ့ ပအိုဝ်း၊ ကရင်နီ၊ ကရင်တပ်တွေ ပေါင်းပြီး ကော်သူလေးအဖွဲ့ဖွဲ့သလို တရုတ်ပြည်က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တရုတ်ဖြူတပ်တွေနဲ့ ဆက်သွယ် ခဲ့တယ်လို့လည်း တပ်မတော်ကထုတ်တဲ့ ပြည်တွင်းသောင်းကျန်းမှုသမိုင်း မှာ ဖော်ပြပါတယ်။
ရခိုင်မှာတော့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ သီးခြားနယ်တောင်းတဲ့ မူဂျာဟစ်လှုပ်ရှားမှု ၁၉၄၈ ကတည်းက စတင်ခဲ့ပါတယ်။ ၁၉၄၇ မှာ အိန္ဒိယက ပါကစ္စတန်ခွဲထုတ်ပြီးနောက် အရှေ့ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ မူဂျာဟစ်တွေ လှုပ်ရှားတယ်လို့လည်း စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၄ မှာတော့ ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦးဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။
လွတ်လပ်ရေးရစ ကရင်၊ မွန်နဲ့ တခြားပုန်ကန်မှုတွေ ဖြစ်ခဲ့ချိန်မှာ မြန်မာအစိုးရဘက်က ကူတိုက်ပေးခဲ့တဲ့ ရှမ်းနဲ့ ကချင်ဒေသတွေမှာလည်း ၁၉၅ဝ နောက်ပိုင်းနဲ့ ၁၉၆၁ က စပြီး လက်နက်ကိုင်လှုပ်ရှားမှု တွေ စတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် အာဏာမစွန့်ချင်တဲ့ စော်ဘွားတွေက ပုန်ကန်အောင် သွေးထိုးပေးတယ် ဆိုကြသလို တရုတ်ဖြူကျူးကျော်မှုကြောင့် ရှမ်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေး စခဲ့ရတဲ့အတွက် တပ်မတော်နဲ့ နယ်လူထု အဆင်မပြေရာက ရှမ်းလှုပ်ရှားမှု စတယ်လို့လည်း ဆိုပါတယ်။ ကချင်ပုန်ကန်မှုကတော့ နိုင်ငံတော်ဘာသာအဖြစ် ဗုဒ္ဓဘာသာကို ပြဋ္ဌာန်းမှုက စခဲ့တာပါ။

ငွေစက္ကူသိမ်းတာ မကျေနပ်

၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ချင်း၊ ကိုးကန့်နဲ့ ဝ နယ်မြေတွေမှာပါ ပုန်ကန်မှုအသစ်တွေ ပေါ်လာခဲ့ပါတယ်။ ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူသိမ်းတာတွေနောက်ပိုင်း မကျေနပ်မှုတွေ ကြောင့် ချင်းဝိသေသတိုင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဆိုပြီး ချင်းဝန်ကြီးဟောင်းတယောက်က ခေါင်းဆောင် ပုန်ကန်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပုန်ကန်နေတဲ့ မီဇိုသူပုန် တွေရဲ့ စည်းရုံးမှုလည်း ပါတယ်လို့ သိန်းဖေမြင့်ရဲ့ ဝိသေသတိုင်းသမိုင်းအစ စာအုပ်မှာ ဆိုပါတယ်။ ကိုးကန့်နဲ့ ဝမှာတော့ အစဉ်အလာအရ တရုတ်ပြည်ဘက်က လက်နက်ကိုင်လှုပ်ရှားမှုတွေရဲ့ အာဏာစက် က ရှိခဲ့ပြီး တရုတ်ဖြူနဲ့ တရုတ်ကွန်မြူနစ် နှစ်ဘက်စလုံးက သူတို့ကို စည်းရုံးခဲ့ကြပါတယ်။ ၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်း ဗကပကို တရုတ်အစိုးရက ပုံအောထောက်ခံခဲ့ချိန်မှာတော့ ဒီလူမျိုးစုတွေကိုပါ လက်နက်အကူအညီတွေ ပေးပြီး ဗကပမှာ တပ်တွေဖွဲ့ပေးခဲ့ပါတယ်။
၁၉၈ဝ က ဖွဲ့တဲ့ နာဂ အဖွဲ့ကနေ ၂ဝ၁၆ မှာ ဖွဲ့တယ်ဆိုတဲ့ ရှမ်းနီ အမျိုးသားများ တပ်မတော်ထိ နောက်ပိုင်းနှစ်တွေမှာလည်း နောက်ထပ် လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အများအပြား မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။ စစ်အစိုးရနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့အစိုးရတွေလက်ထက် လူမျိုးစုအခွင့်အရေးတွေ ချုပ်ချယ်လို့ ပုန်ကန်မှုတွေ ပိုများလာတယ်လို့လည်း ဆိုကြပါတယ်။
ဒါပေမဲ့ အစိုးရဘက်ကော၊ သူပုန်တွေဘက်ကပါ အပစ်ရပ်ရေး ကမ်းလှမ်းခဲ့တာတွေကလည်း မနည်းပါဘူး။ ၁၉၄၉ အင်းစိန်တိုက်ပွဲကာလက စပြီး အစိုးရနဲ့ ပုန်ကန်မှု ခေါင်းဆောင်တွေအကြား စေ့စပ်ဆွေးနွေးရေးတွေလည်း မရေနိုင်အောင် လုပ်ခဲ့ပြီးဖြစ်သလို ၁၉၅၈ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် မွန်လက်နက်ကိုင်တွေ အစိုးရနဲ့ စေ့စပ် အလင်းဝင်တာကစပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ဥရောပနိုင်ငံတွေရဲ့ ကူညီမှုနဲ့ တချို့အဖွဲ့တွေနဲ့ အပစ်ရပ်စဲရေး စာချုပ်ချုပ်နိုင်တဲ့အထိ ငြိမ်းချမ်းရေး ကြိုးပမ်းမှုရလဒ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လက်နက်ကိုင်တဖွဲ့ပဲ အလင်းဝင်ခဲ့ဖူးသလို ၁၉၈၉ ဗကပ ပြိုကွဲပြီးနောက် အပစ်ရပ်အဖွဲ့တွေ ရှမ်းနဲ့ကချင်ဘက်မှာ ပေါ်လာတာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာအစိုးရအဆက်ဆက်က လက်နက်ချပြီး ဥပဒေဘောင်ထဲ ဝင်လာဖို့ပဲ ဖိအားပေးခဲ့လို့ ငြိမ်းချမ်းရေးလမ်းကြောင်းမပွင့်တာလို့ အတိုက်အခံနဲ့ သူပုန်ဘက်က စွပ်စွဲလေ့ရှိသလို သူပုန်တွေဘက်က အင်အားနည်းချိန်မျိုးမှာ အပစ်ရပ်ရေး ကမ်းလှမ်း တတ်တယ်လို့လည်း အစိုးရဘက်က တုံ့ပြန်တတ်ပါတယ်။
တခြားဘက်မှာလည်း အလင်းဝင်ပြီးမှ လက်နက်ပြန်ကိုင်ရတဲ့ အခြေအနေတွေ မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲကို လိုက်ပြီး ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်က အာဏာရဘက်မှာ ရှိခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ဆင်းလာရတဲ့ ညောင်ရွှေမဟာဒေဝီလို အဖြစ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။
ပြိုကွဲသွားတဲ့ လူမျိုးစု သူပုန်အဖွဲ့တွေ ရှိသလို နာမည်ခံပဲ ကျန်ခဲ့တဲ့အဖွဲ့တွေလည်း ရှိပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတခု ဆယ်စုနှစ်တွေနဲ့ချီပြီး ရပ်တည်နိုင်ဖို့ လက်နက်ရိက္ခာအထောက်အပံ့အတွက် ဝင်ငွေရလမ်းရှိမှ ဖြစ်တာပါ။ ဒါကြောင့် သူပုန်အဖွဲ့အများစုမှာ ဆက်ကြေး၊ မှောင်ခိုစီးပွားရေး၊ ဘိန်းနဲ့ မူးယစ်ဆေးဝါး၊ ပြည်ပအထောက်အပံ့ စတာတွေ မကင်းတဲ့အတွက် အစိုးရဘက်က ထိုးနှက်စရာ ဖြစ်ခဲ့ပါတယ်။
တဘက်ကလည်း အစိုးရတပ်က ဒီသူပုန်တွေကို အနှစ် ၇ဝ ကျော်တဲ့အထိ မချေမှုန်းနိုင်တာကို ထောက်ပြကြပါတယ်။ အရှေ့တောင်အာရှမှာ ဒုတိယအင်အားအကြီးဆုံးဆိုတဲ့ မြန်မာ့တပ်မတော်က နိုင်ငံရေး မှာ ပါဝင်နိုင်မှုအတွက် ဒီသူပုန်တွေကို အပြတ်မချေမှုန်းဘဲ မွေးထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အတိုက်အခံဘက်က အဓိက ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူကေလို နိုင်ငံမျိုးမှာတောင် အိုင်အာအေ ပုန်ကန်မှုကို အနှစ်တရာနီးပါး ကြုံတွေ့ခဲ့ပြီးမှ အပြတ်မနှိမ်နိုင်ဘဲ စေ့စပ်ဖြေရှင်းခဲ့ရတာ ဖြစ်ပါတယ်။ သူပုန်တပ်တွေဟာ အင်အားနည်းပေမယ့် မျိုးနွယ်တူလူထုရဲ့ ထောက်ခံမှု ရှိတယ် ဆိုတာကလည်း နိုင်ငံတကာအနေအထားအရ အတော်လေး မှန်ကန်မှု ရှိတာကို တွေ့ရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ သယံဇာတကြွယ်ဝမှုနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပေါများမှု၊ မူးယစ်ဆေးအထုတ်ဆုံး နိုင်ငံတွေထဲ ပါဝင်နေမှုတွေကလည်း လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ ကယ်ပေါက်လို ဖြစ်နေပါတယ်။
ဒီလို စစ်အစိုးရအဆက်ဆက်ခေတ်မှာ စေ့စပ်ရေးတွေ မအောင်မြင်ခဲ့လို့ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပိုပြီး အောင်မြင်လာဖို့ အစိုးရဘက်ကရော ပြည်သူတွေကပါ မျှော်လင့် ခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ဂုတ်တွင်းတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးနဲ့ ပိုအလှမ်းဝေး
ဒီထဲမှာ အေအေ ရက္ခိုင့်တပ်တော်နဲ့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့နဲ့ မြန်မာအစိုးရတပ်တွေကြား တိုက်ပွဲတွေ ၂ဝ၁၉ မှာ ပိုပြီးပြင်းထန်လာပါတယ်။ ကမ္ဘာပေါ်မှာ လက်နက်ကိုင် ပုန်ကန်မှု ရှိတဲ့ နိုင်ငံ ၅ဝ ကျော်ထဲမှာ မြန်မာပြည်က အပစ်ရပ် အပစ်မရပ် အဖွဲ့အရေအတွက် များတဲ့နိုင်ငံတခု ဖြစ်ပါတယ်။
ဒီလို များပြားတဲ့အတွက်လည်း ပြည်တွင်းစစ် သက်တမ်းပိုကြာမယ့် အခြေအနေကို ဦးတည်နေပါတယ်။

ဇာတိမာန်နဲ့ ဗိုလ်ချုပ်ကြေးရုပ်

အနှစ် ၇ဝ ကျော် ပြည်တွင်းစစ် ဖြစ်ခဲ့တာဟာ ပင်လုံစာချုပ်နဲ့ လူမျိုးစု အားလုံးရဲ့ လိုလားချက်တွေကို မစေ့စပ်နိုင်ခဲ့တာကြောင့် ဖြစ်သလို ပြည်ထောင်စု ပုံစံအစစ်ကို မတည်ထောင်နိုင်ခဲ့လို့ ဖြစ်တယ် ဆိုပြီး ဝေဖန်မှုတွေ တောက်လျှောက်ရှိခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် SAEED KHAN
Image caption ပြည်ထောင်စုဖွဲ့စည်းပုံသစ်ကို စစ်အစိုးရချခဲ့
တဘက်မှာလည်း မြန်မာအများစု လိုချင်တဲ့ နိုင်ငံပုံစံနဲ့ တခြားလူမျိုးစုတွေကြား ကွဲလွဲမှုက ကြီးတယ်လို့ ပြောနိုင်ပါတယ်။ သမိုင်းတလျှောက် မြန်မာအုပ်စိုးမှုအောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့ လူမျိုးငယ်တွေနဲ့ ဗြိတိသျှခေတ်မှာ အမျိုးသားရေးမာန် ပိုကြီးလာတဲ့ မြန်မာအများစုကြား နိုင်ငံရေးအရ ညှိနှိုင်းနိုင်ဖို့ကလည်း သမိုင်းနဲ့နိုင်ငံရေး ဆိုင်ရာ ဖြေရှင်းမှုတွေ အများကြီးလုပ်ပြီးမှ စတင်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ စာသင်ကျောင်းမှာ ဇာတိမာန် သီချင်းဆိုခိုင်းတာက အစ ဗိုလ်ချုပ်ကြေးရုပ်စိုက်တဲ့ကိစ္စအလယ် အပစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးယူတဲ့ကိစ္စအထိ မြန်မာအများစုနဲ့ လူမျိုးစုတွေကြား အမြင်မကြည်မှုတွေ ဆက်ရှိ နေပါလိမ့်မယ်။
လွတ်လပ်ရေးရစကလို လူမျိုးငယ်တွေထဲက ခေါင်းဆောင်တချို့ကို အကြီးအကဲခန့်တာနဲ့ မြန်မာကြီးစိုးမှုကို မထိန်းချုပ်နိုင်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ ဒီအတွက် နိုင်ငံမှာ အများစု ဖြစ်တဲ့ မြန်မာ တွေက နိုင်ငံရေးမှာ ပိုပြီး ပြောခွင့်ရှိသင့်တယ်လို့ မြန်မာပညာတတ်ပိုင်းက ယူဆသူတွေလည်း အရင်ကတည်းက ရှိခဲ့ပါတယ်။ မြန်မာနဲ့ထိုင်းလို နိုင်ငံတွေမှာ အဓိကကြီးစိုးတဲ့လူမျိုးအုပ်စုက နိုင်ငံရဲ့ အမျိုးသားလက္ခဏာကို တည်ဆောက်နိုင်ခွင့်ရှိရင် ကျန်တဲ့ လူမျိုးငယ်တွေကို နိမ့်ပါးတဲ့အဆင့်အတန်းမျိုး ရှုမြင်ခံရတတ်တယ်လို့ ဒေးဗစ်ဘရောင်းက ကမ္ဘာ့နိုင်ငံရေးနဲ့ လူမျိုးစုကိစ္စ၊ တတိယကမ္ဘာ စာစောင်မှာ ရေးခဲ့ ပါတယ်။ ဒီလို နိုင်ငံမျိုးမှာ အင်အားကြီးအုပ်စုရဲ့ အမျိုးသားလက္ခဏာပုံစံဝင်အောင် ကျန်တဲ့လူမျိုးစုတွေကို ဖိအားပေးတဲ့အခါ သူတို့ရဲ့ လူမျိုးရေးစိတ်တွေ နိုးထလာပြီး ခွဲထွက်ရေး လှုပ်ရှားမှုတွေ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်သက်တမ်းရှည်လာတာနဲ့အမျှ အဓိက လူမျိုးစုတော်တော်များများမှာ လက်နက်ကိုင်ပုန်ကန်မှုတွေ ပေါ်ပေါက် လာတာပါ။
၁၉၆၂ ဖက်ဒရယ်တောင်းဆိုမှု ဖြစ်ချိန်က အနည်းစုက အများစုကို အနိုင်ကျင့်တယ် ဆိုပြီး သတင်းစာဆရာ ဦးထွန်းဖေက စွပ်စွဲခဲ့ဖူးပါတယ်။ တဘက်မှာတော့ အများစုက အနည်းစုကို လက်နက်၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေနဲ့ အနိုင်ကျင့်တာတွေလည်း (၂၁) ရာစုမှာ မရှိသင့်တော့ဘူးလို့ စောဒကတက်သူတွေလည်း ရှိနိုင်ပါတယ် ။ ကမ္ဘာပေါ်က နိုင်ငံအများစုမှာ လူနည်းစု အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဌာနတွေ ထားပေးရတဲ့အထိ လူနည်းစု မျိုးနွယ်စုတွေကို ဦးစားပေးရသလို သူတို့ရဲ့ စာပေ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ပိုပေးလာနေရတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံက အသစ်ဖွဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေကတော့ လူမျိုးစုတွေ လိုလားချက်တွေကို ထင်ဟပ်ဖြေရှင်းဖို့ထက် အစိုးရရဲ့ မူတွေကို အကောင်အထည်ဖော်ရတာ များပါတယ်။
ဓာတ်ပုံ မူပိုင် Thierry Falise
Image caption မွန်ပြည်သစ်တပ်သားတစု
၁၉၄၇ က မပြီးပြတ်ခဲ့တဲ့ နိုင်ငံရေးညှိနှိုင်းမှုကို ၁၉၆၂ မှာ တကျော့ပြန်ဖို့ ကြိုးစားရာမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့ရလို့ ပုန်ကန်မှုတွေ ပိုကြီးထွားခဲ့တဲ့အတွက် ၁၉၈၈ အရေးအခင်းအပြီး ၁၉၈၉ ကစပြီး နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အပစ်ရပ်စဲရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ဖွံ့ဖြိုးဖို့ နဝတအစိုးရက ကြိုးစားခဲ့ပါတယ်။ ရခိုင်အပါအဝင် လူမျိုးစုပြည်နယ်ဒေသတွေမှာ အစိုးရက ထိန်းချုပ်ဖို့ကြိုးစားမှုဟာ တရုတ်နဲ့ အိန္ဒိယ၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံတွေက ကမ်းလှမ်းလာတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေနဲ့ ပတ်သက်တယ်လို့လည်း ထောက်ပြကြပါတယ်။ ဒါပေမဲ့ ဒီလို ကြိုးပမ်းမှုတွေမှာ အစဉ်အလာ ယူဆကြတဲ့ လူမျိုးကြီးလွှမ်းမိုးမှုကို ထူထောင်တာထက် သယံဇာတထုတ်ယူမှုကို အခြေခံပြီး လှုပ်ရှားတာများတယ်လို့ ပါမောက္ခမေရီကယ်လဟန်က မြန်မာနိုင်ငံပြည်နယ်ဒေသတွေက နိုင်ငံရေး အာဏာပိုင်မှု စာတမ်းမှာ ထောက်ပြဖူးပါတယ်။ ဒါကြောင့် ဒီနယ်မြေတွေမှာ ဗဟိုအစိုးရနဲ့ လက်နက်ကိုင်တွေကြား နိုင်ငံရေးအာဏာ ခွဲဝေမှုဟာ ရှုပ်ထွေးပေမယ့် ဒီလောကမှာ ကျင်လည်နေသူတွေအတွက် အဆန်းမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ စစ်အေးခေတ်လွန်မှာ ဆိုရှယ်လစ်ဟောင်းနိုင်ငံတွေ ပြိုကွဲကုန်ပေမယ့် ပြည်တွင်းစစ်နဲ့ ကျင့်သားရနေတဲ့ မြန်မာနိုင်ငံမှာ ဗဟိုက ပြန်ခွာ၊ ဘေးနားမှာပြန်စု ဆိုတဲ့ ပုံစံသစ် နိုင်ငံရေးပေါ်လာတယ်လို့လည်း ရေးထားပါတယ်။
ဓာတ်ပုံ မူပိုင် Peter Charlesworth
Image caption ၁၉၉ဝ ကျော်မှာ ကြီးထွားလာတဲ့ နယ်စပ်ကုန်သွယ်ရေး
ဒီနိုင်ငံရေးအထာကနေ နောက်ပုံစံတမျိုးပြောင်းဖို့လည်း ၂ဝ၁ဝ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်သံသရာဟာ အပြင်းအထန် ဖြစ်လိုက်၊ စေ့စပ်လိုက်၊ ပြန်ဖိနှိပ်လိုက်၊ ပြန်ဖြစ်လိုက်ဆိုတဲ့ သံသရာစက်ဝန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့တယ်လို့လည်း မာတင်စမစ် စတဲ့ လူမျိုးစု လက်နက်ကိုင်တွေအကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ထားပါတယ်။ တအုပ်စုနဲ့ အပစ်ရပ်ထားချိန် နောက်တဖွဲ့နဲ့တိုက်နေတာမျိုးလည်း မကြာခဏဖြစ်ခဲ့သလို ရှမ်းပြည်မြောက်ပိုင်းလို လက်နက်ကိုင်စုံတဲ့ ဒေသတွေမှာ မဟာမိတ်အပြောင်းအရွှေ့တွေ ရှုပ်ထွေးတာလည်း တွေ့ရပါတယ်။
ဆယ်စုနှစ်တွေနဲ့ချီတိုက်လာခဲ့တဲ့ အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေးယူနိုင်တဲ့ အခြေအနေရောက်ဖို့အတွက် မာနနဲ့ အာဃာတတွေကို ဘက်အားလုံးက စွန့်ပယ်နိုင်မှ ဖြစ်နိုင်သလို နိုင်ငံရေးအရ ဒီမိုကရေစီ နည်းလမ်း နဲ့ ကျင့်ဝတ်တွေကို လူထုက ပိုပြီး တန်ဖိုး ထားလာမှ ဖြစ်မှာပါ။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို အစိုးရက လက်ခံလာနိုင်ဖို့ အနှစ် ၅ဝ စောင့်ခဲ့ရသလို လူနည်းစု အခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုတာတွေ လူအများကြားမှာ လက်ခံလာဖို့ အဆင့်ဆင့် ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption ပင်လုံစာချုပ်နဲ့ ပြည်ထောင်စု စခဲ့တယ် ဆိုပေမယ့်

No comments:

Post a Comment

Note: Only a member of this blog may post a comment.