Breaking

December 11, 2019

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ခင်ဇော်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်

 
"ICJ မှာ မြန်မာက ရှုံးနေပြီ။လူထုနဲ့ မဆိုင်ဘူး။ လူထုကို ဆွဲမထည့်ပါနဲ့။ အုပ်ချုပ်တဲ့ အစိုးရရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ စစ်တပ်က ကျူးလွန်ခဲ့တာ"
နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ၊ တပ္ပဒီပ္ပအင်စတီကျူ ဒါရိုက်တာဒေါက်တာ ခင်ဇော်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်
By ရန်ကုန်ခေတ်သစ်
အပြည်ပြည်ဆိုင်ရာ ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်ကြားနေပြီး ယနေ့တွင် မြန်မာနိုင်ငံက ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက် အပေါ် ခုခံချေပရမည်ဖြစ်သည်။ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ တပ္ပဒီပ္ပအင်စတီကျူ ဒါရိုက်တာ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဂမ်ဘီယာဘက်က ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို သုံးပြီးတော့ ICJ တရားရုံးမှာ ကြားဖြတ်အမိန့်ချမှတ်ပေးဖို့ တောင်းဆိုနေတဲ့အပေါ် ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ အမှန်တိုင်းသာ ပြောမယ်ဆိုရင်တော့ ဂမ်ဘီယာဘက်က တင်ပြတာတွေက တော်တော်ကို ကောင်းတယ်။ အင်္ဂလိပ်ဆိုရင်တော့ Argue သူတို့ဘက်က တင်ပြတာပေါ့။ အဲဒါကို မီနိုင်ဖို့ လိုတယ်။ တရားရေးအမှုမှာ ရှေ့နေက အရမ်းအရေးကြီးတယ်။ ဂမ်ဘီယာဘက်က တင်သွင်းတဲ့ဟာတွေကို အနည်းဆုံးတော့ တန်းတူ လိုက်နိုင်ရမယ်။ ဂမ်ဘီယာတင်သွင်းတဲ့ဟာတွေက သာဖို့တော့ ခက်တယ်။
အရင်လို ဝူးဝါးဝါးနဲ့ တောင်ပြော မြောက်ပြောနဲ့ဆိုရင်တော့ ဒုက္ခရောက်မယ်။ အတိုဆုံးပြောမယ်ဆိုရင် ဂမ်ဘီယာ တင်ပြတဲ့ဟာတွေကို ချေပနိုင်ဖို့က အရေးကြီးတယ်။ မချေပနိုင်ရင်တော့ ဆောရီးပဲ။
မေး။ ။ ဂမ်ဘီယာဘက်က တင်ပြတာက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို သုံးတယ်။ အခု စစ်နေတာကလည်း ကုလသမဂ္ဂ တရားရုံးဆိုတော့ သက်သေကလည်း ကုလသမဂ္ဂအဖွဲ့က ၂ နှစ်လောက် အချိန်ယူ လုပ်ထားတာတွေဆိုတော့ အဲဒါတွေကို ဘယ်လို ချေဖျက်မလဲ။
ဖြေ။ ။ ၂၀၁၈ မေလ လောက်ကတည်းက လုပ်နေတာ။ UN မှာဆိုရင်လည်း စာတွေလည်း အသွားအပြန်လုပ်တယ်ပေါ့။ အဲဒါတွေကို မြန်မာပြည်ဘက် အဲဒါတွေ အကုန်လုံးကို ပစ်ပစ်ခါခါ ငြင်းတယ်တဲ့ ။ ကျနော့်အမြင်ကတော့ တရားရုံးဘက်က တရားလိုကို ပထမ ၁ ရက်ပေးတယ်။ အဲဒါကို ကိုယ့်ဘက်က ဘယ်လို ချေပမလဲ။ တော်တော်ကို အရေးကြီးပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ သက်သေတွေကိုတော့ ဘူးခံငြင်းဖို့ကတော့ ဘယ်ဖြစ်နိုင်မှာတုန်း။
ကျနော်ကြားထားတာက လူမျိုးတုန်းသတ်ဖြတ်မှု မမြောက်ပါဘူးဆိုပြီး ငြင်းဆိုမယ်တဲ့။ အဲဒါဆိုရင်တော့ ဘယ်နှယ့် လုပ်မလဲ။ အနည်းဆုံးတော့ လူသတ်မှုတွေ ဖြစ်ခဲ့ပါတယ်ပေါ့။ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်ဆိုတာတော့ ဝန်ခံရမှာပဲ။ ဒီလူတွေက ဘာကြောင့်ပြေးရတာလဲ။ တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်လို့ ပြေးရတာပေါ့။
လုပ်တာက တစ်ခု ။ လုပ်တာကို ဖုံးဖိပြီး ငြင်းဆိုတာက တစ်ခု ။ အမှုက နှစ်ခုနော်။ အဲဒီမှာကတည်းက သက်သေသာဓကတွေက ရှိနေပြီးသားဆိုတော့ ICJ မှာ မြန်မာက ရှုံးနေပြီ။ အဲဒါကို ရန်ဟီလီလည်း မလာနဲ့၊ UN FFM လည်း မလာနဲ့ ၂ နှစ်လုံးလုံး ဘူးခံပြီး ငြင်းဆိုခဲ့တာ။ အဲဒီတော့ ဟိုက သူတို့ကို ဆက်လုပ်တော့တာပေါ့။ အကြောင်းအရာက ဒီအပေါ်မှာ သိပ်တော့ မဟန်ဘူးပေါ့ဗျာ။
မေး။ ။ ဂမ်ဘီယာက တင်ပြတဲ့နေ့မှာ ကိုယ့်ဘက်က အခြေအနေ မကောင်းတဲ့သဘောလား။
ဖြေ။ ။ မှန်တယ်။ ကျနော်လည်းနားထောင်ပါတယ်။ ဂမ်ဘီယာဘက်က ပြောတဲ့သူတွေ ပြောတာ။ တော်တော်လေးကို ထိထိမိမိနဲ့ ဆွဲဆောင်ပြီးတော့။ အခုကြားနာမှုက ဒီအမှုကို ဆက်ပြီး ကိုင်တွယ် သင့်၊ မသင့် ICJ က ဆုံးဖြတ်ရမယ်။ ဆိုတော့ ပြောသွားတဲ့ကိစ္စ၊ အခြေအနေအရဆိုရင်တော့ ICJ အနေနဲ့ ဘယ်လိုမှ ငြင်းလို့မရဘူး။

မေး။ ။ ICJ ဘက်က ကြားဖြတ်အမိန့် Provisional Measure ချမှတ်ခဲ့ရင် မြန်မာအနေနဲ့ ဘာတွေ ဖြစ်နိုင်လဲ။
ဖြေ။ ။ လက်ရှိ ဆိုးဝါးမှုတွေ ဆက်ပြီးတော့ မဖြစ်အောင် အားပေးပါ ဆိုတာကို ဂမ်ဘီယာဘက်က အရင်တောင်းနေတယ်။ အဲဒါကလည်း ပြောမယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးကလည်း အဲဒါကို တောင်းဆိုထားတာရှိပါတယ်။ တရားရေးအရပါ ဒါကို တောင်းဆိုတယ်ဆိုရင်တော့ ပိုပြီးတော့ လေးနက်သွားတာပေါ့။ တားမြစ်တဲ့ ကြားထဲကမှ ဆက်ပြီးတော့ ကျူးလွန်မယ်ဆိုရင်တော့ ဆောရီးပဲ။ အဲဒါ ကြောက်စရာ အကောင်းဆုံးပဲ။
မေး။ ။ ဘာကို ကြောက်စရာ ကောင်းတာလဲ။
ဖြေ။ ။ ကောင်းပြီ။ တချို့ကလည်း မိုက်မိုက်ကမ်းကမ်း ပြောရင်လည်း ပြောမှာပေါ့ဗျာ။ ICJ က ငါတို့ကို ဘာလုပ်နိုင်မှာလဲဆိုပြီးတော့ ။ အမှုရင်ဆိုင်ရတယ်ဆိုကတည်းက တိုင်းပြည်က သွားပြီ။ ဒါကို နားလည်ကြရဲ့လား။ သူတို့ကို ဘယ်သူကမှ ခေါ်ပြီးတော့ တရားခံရှာမဟုတ်ဘူးလေ။ အခုက အားလုံးနဲ့သက်ဆိုင်တယ်နော်။ ICC က လူပုဂ္ဂိုလ်ကို ဦးတည်တာ။ ICJ က အစိုးရကို ဦးတည်တာ။ တချို့ ဂျာနယ်တွေက ရေးတယ်ဗျာ။ မြန်မာပြည်သူပြည်သားအားလုံး တရားစွဲဆိုခံရတယ်ဆိုပြီး။ မဟုတ်ပါဘူး။ အဲဒါက ။ State ဆိုတာ နိုင်ငံတော်။ အမှုကိုက ဂမ်ဘီယာ Vs မြန်မာတဲ့။ ဂမ်ဘီယာနဲ့ မြန်မာပြည်ထောင်စုနဲ့ တရားရင်ဆိုင်ရတာ။ လူထုနဲ့ မဆိုင်ဘူး။ လူထုကို ဆွဲမထည့်ပါနဲ့။
အတိုဆုံးပြောရမယ်ဆိုရင်တော့ ကြားဖြတ်အမိန့်ချမယ်ဆိုရင်တော့ ကုလသမဂ္ဂက တောင်းဆိုတဲ့ဟာတွေကို ပိုပြီးတော့ လေးလေးနက်နက် လိုက်နာရမှာပေါ့။ ပိတ်ဆို့ထားတာတွေ ပြန်ဖွင့်ပေးရမယ်။ အဓိကက လက်ရှိ ရှိနေတဲ့ အခြေအနေကို ဆိုးဆိုးဝါးဝါးမဖြစ်စေဖို့။ ပြန်ပြီးတော့ လက်ခံတာတွေ။ လျှော်ကြေးအထိတောင် ပါတယ်လို့ ထင်တယ်။ အဓိကက ပိုပြီးတော့ ဒီထက် အခြေအနေ မဆိုးအောင်ပေါ့။
မေး။ ။ ကြားဖြတ်အမိန့်ချရင်တောင် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်၊ မဖြစ်ဆိုတာက ဆက်သွားမယ့် သဘောလား။
ဖြေ။ ။ ဟုတ်တယ်၊ မှန်တယ်။ ကြားဖြတ်အမိန့်က ဒီထက် ပို အခြေအနေ မဆိုးအောင် တားမြစ်ခိုင်းတာ။ အမှုကတော့ သူ့ဟာသူသွားမှာပဲ။
မေး။ ။ ကြားဖြတ်အမိန့်က R2P လိုမျိုးတွေရော ဖြစ်လာနိုင်လား။
ဖြေ။ ။ ပြောလို့တော့မရဘူး။ ဒီကိစ္စကို တစ်ကမ္ဘာလုံးက လက်ခံလိုက်ပြီးတော့ R2P ဖြစ်မြောက်အောင် Measure တွေ ရှိလား၊ မရှိလား ကျနော်မသိဘူး။ မသေချာဘူး။ တချို့ကလည်း R2P က ဒီလောက်ကြီးလည်း မထိရောက်ပါဘူးပေါ့။ ခရီးလည်း မရောက်ပါဘူးဆိုပြီး ပြောထားတာတွေလည်းရှိတယ်။ သိပ်တော့ မသေချာဘူး။ R2P ကို ဒီလောက်ကြီး ရည်ရွယ်တာတော့ ဟုတ်ပုံမရဘူး။ ကြည့်ရတာ။
မေး။ ။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ အဓိက တာဝန်ရှိတာက တပ်မတော်လို့ ပြောထားတယ်။ တကယ်လို့သာICJ က ကြားဖြတ်အမိန့်ချဖို့ ဂမ်ဘီယာကို အနိုင်ပေးလိုက်တယ်ဆိုရင် တရားခံလို့ စွပ်စွဲခံနေရတဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲ။ နောက်တစ်ခုက ICJ နဲ့ ICC က ချိတ်ဆက်သွားမယ့် သဘောလား။
ဖြေ။ ။ ဆက်စပ်သွားနိုင်တယ်။ ဟိုကလည်း ဒါကို စောင့်ကြည့်နေတာပဲ။ တစ်ခုရှိတာကတော့ မြန်မာပြည်က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် ICJ အခုလက်ရှိ အမှုမှာတော့ ငြင်းလို့မရဘူး ပါသွားပြီ။ ကျနော်တို့ ကဂျနီဗာ ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတာ။ ICC မှာတော့ မြန်မာပြည်က လက်မှတ်ထိုးမထားဘူး။ ဒါပေမယ့်လည်း ICJ ကနေပြီးတော့ ဒါကို အနိုင်ပေးလိုက်ပြီဆိုရင် ICC က ဒါကို ဘယ်သူက ကျူးလွန်လဲ။ ဘယ်သူက တာဝန်ရှိလဲဆိုတာ နောက်လာလိမ့်မယ်။ နောက်ဆက်တွဲတွေ လာလိမ့်မယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုအချိန်မှာ အလုပ်သင့်ဆုံးက ဘာလဲ ။
ဖြေ။ ။ အစကတည်းက သူက ပြောတာက မြန်မာပြည်ရဲ့ အကျိုးစီးပွားကို ကာကွယ်မယ်လို့ ပြောတာကိုး။ ဒါပေမယ့် အခုက တိုင်းပြည်အကျိုးစီးပွားထက် လက်ရှိအစိုးရ အကျိုးစီးပွားဖြစ်နေတယ်။ ခုနက ပြောသလို အခုကိစ္စက တိုင်းသူပြည်သားတွေ အားလုံးက ကျူးလွန်ခဲ့တာမဟုတ်ဘူးလေ။ အုပ်ချုပ်တဲ့ အစိုးရရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ စစ်တပ်က ကျူးလွန်ခဲ့တာ။ စစ်တပ်ဒီထက်တောင်မကဘူး လုပ်နိုင်တဲ့ အရာတစ်ခုကို ယူထားတာလေ။ သူက အဲဒါကို ဟုတ်သလို မဟုတ်သလိုလို နေနေတာ။ ဒါကို သူက သွားကာကွယ်မယ်ဆိုရင် အဲဒါကြောင့် တချို့ သတင်းစာတွေက ရေးကြတာပေါ့။ Genocide ဆိုတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာကို ဘယ်လိုမှ ကာကွယ်လို့မရတာကို သွားပြီးတော့ ကာကွယ်မှာလား။ မေးခွန်းထုတ်တာ။ အခုဖြစ်နေတဲ့ ဖြစ်ရပ်မှာ နိုင်ငံတကာသတင်းတွေရဲ့ ခေါင်းကြီးပိုင်းတွေက ကြောက်စရာကောင်းတယ်နော်။ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်အတွက် အနုတ်လက္ခဏာတွေချည်းပဲ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဘာလုပ်ရမလဲဆိုရင် ဂမ်ဘီယာ စွပ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတာ မဟုတ်ပါဘူးဆိုတာ ထင်ပေါ်အောင်လုပ်ရမယ်။ အဲဒါကိုက မလွယ်တော့ဘူး။ ဗြောင်လိမ်မလား။ ဒါပဲရှိတယ်လေ။ အဲဒီအခါကျတော့ သွားပြီ။ အကုန် ဂျွမ်းထိုးမှောက်ခုံကျသွားပြီ။
မေး။ ။ တိုင်းပြည်အေပေါ် ရော ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ။ ။ အခု စီးပွားရေးပိတ်ဆို့မှုတွေ တောင်းနေပြီ။ ဒါက ICJ နဲ့ မဆိုင်ဘူး။ ဒါကို ဘယ်လို ဆက်ကိုင်တွယ်မလဲ။ ကိုင်တွယ်ပုံ မတတ်လို့ရှိရင် စီးပွားရေးပိတ်ဆို့မှုတွေ လုပ်မှာပဲ။ ဒါပေမယ့်လည်း တချို့နိုင်ငံတွေကလည်း အခုတောင် စီးပွားရေးပိတ်ဆို့မှု လုပ်ဖို့ ပြောနေကြပြီ။ အဲဒါကိုတော့ မလိုလားဘူး။ မဖြစ်စေချင်ဘူး။ လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့သူတွေကို အပြစ်ပေးအရေးယူတာမရှိရင်တော့ စီးပွားရေးပိတ်ဆို့မှုတွေက သေချာပေါက်လာမှာပဲ။ တိုင်းပြည်ရဲ့ သိက္ခာနဲ့ နာမည်ကောင်းတောင်မှ ချိန်ခွင်လျှာပေါ် ရောက်သွားပြီ။
Photo Credit - AP

No comments:

Post a Comment

Note: Only a member of this blog may post a comment.