

နေပြည်တော် ဒီဇင်ဘာ ၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံ အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆို လျှောက်ထားမှု ကို တုံ့ပြန်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့ သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။
ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးရန် လျှောက်ထားချက်နှင့် ပတ်သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် အဆိုပါ တရားရုံးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ဦးဆောင်ကာကွယ် ပြောကြားသွားမည် ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
(သတင်းစဉ်)
No comments:
Post a Comment
Note: Only a member of this blog may post a comment.