Breaking

March 17, 2020

မြန်မာ့ လူ့အခွင့်အရေး ရန်ကုန် ကန် သံရုံး အမြင်

VOA
17 မတ္၊ 2020
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေသူတချို့ (မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်စရာတွေ ဆက်လက် ရှိနေသေးတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရ Ms. Aryani Manring က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက ဝန်ခံပြောကြား ခဲ့တာက ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှု တခု လို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်း ရာ မှာ သူက အခုလို စပြောပါတယ်။

၂၀၁၈ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေက စိုးရိမ်စရာတွေ ဆက်လက် ရှိနေပါသေးတယ်။ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ အရပ်သားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့် အခွင့်အရေး ကန့်သတ်ခံနေရတာက စိုးရိမ်စရာပါ။ ဒါတွေဟာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ပိုပြီး သိသာလာတာမို့လို့ အစီရင်ခံစာထဲမှာ အလေးပေး ထောက်ပြ ရေးထားတာပါ။


အစီရင်ခံစာရေးရခြင်းရဲ့ ရည်ရွယ်ချက်က စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြရင်းနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အမေရိကန်နိုင်ငံ အနေနဲ့ အကူအညီပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်လာစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက ဝန်ခံပြောကြားခဲ့တာက ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှု တခုလို့ သူက ပြောပါတယ်။


"အရေးကြီးတဲ့အချက်တချက်က ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရင်က ရက်ရက်စက်စက် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အစိုးရ ခေါင်းဆောင်ပိုင်းက ဝန်ခံပြောကြားခဲ့တာက ဂရုပြု မှတ်သားစရာပါ။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က သည်ဟိတ်မြို့ နိုင်ငံတကာ တရားရုံးမှာ ပြောခဲ့တာပါ။ မကြာသေးခင်ကလည်း တာဝန်ခံမှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံတကာ တရားရုံး ICJ က ချမှတ်ထားတာတွေနဲ့ ပြည်တွင်းမှာ ထုတ်ပြန်ခဲ့တဲ့ ICOE အစီရင်ခံစာ တိုက်တွန်းချက်မျိုးတွေကို မြန်မာ အစိုးရက အကောင်အထည် ဖော်ပြီး တရားမျှတမှုကို ဖော်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့အတွက် အမေရိကန်နိုင်ငံဟာ မြန်မာအစိုးရနဲ့ ရော ပြည်သူတွေနဲ့ပါ လက်တွဲဖော် ဖြစ်တယ်လို့လည်း Ms. Aryani Manring က ပြောပါတယ်။


"မြန်မာနိုင်ငံအတွင်း လွတ်လပ်ခွင့်တွေနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေရှိဖို့နဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရနဲ့ရော ပြည်သူတွေနဲ့ပါ လက်တွဲဖော်ပါ။ နှစ်ပေါင်း များစွာ စစ်တပ် အုပ်ချုပ်မှုနဲ့ အထီးကျန်ခဲ့မှုကနေ လွတ်မြောက်အောင် လုပ်ဆောင်ရာမှာ မြန်မာပြည်သူတွေနဲ့ လက်တွဲဖော် ဖြစ်ခဲ့တာ ဆယ်စုနှစ်တွေ ကြာခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ စနစ် တိုးတက်ဖို့နဲ့ လူအများ ပါဝင် ခံစားနိုင်တဲ့ စီးပွားရေး တိုးတက်မှု ရှိဖို့ဟာ ကျမတို့ အလုပ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ အရပ်ဘက် အာဏာပိုင်တွေနဲ့ ကျမတို့ ထိတွေ့ ဆက်ဆံနေတာတွေက လူ့အခွင့်အရေး အကာအကွယ်ပေးဖို့၊ နှစ်ပေါင်း ၅၀ အထီးကျန်နေခဲ့တာနဲ့ စစ်တပ် အုပ်ချုပ်မှုရဲ့ ဆိုးကျိုးတွေကနေ ကျော်လွန်နိုင်ဖို့ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ တိုးတက် ရရှိဖို့ကိုလည်း အကူအညီ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။"


အမေရိကန် ကွန်ဂရက်ရဲ့ ညွှန်ကြားချက်အရ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်လေ့ရှိပါတယ်။ ဒီမိုကရေစီ၊၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Destro က ဒီ အစီရင်ခံစာတွေဟာ လူ့အခွင့်အရေးတွေ လေးစားလိုက်နာရေးနဲ့ လူ့အခွင့်အရေး အတွက် ပြောရဲဆိုရဲရှိအောင် တိုက်တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲ နေနေ လူသားအားလုံးနဲ့ဆိုင်တဲ့ လူ့ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ခံစားခွင့် ရှိပါတယ်လို့ ဝန်ကြီး Destro က သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရဘက်ကတော့ တရားဝင် တုံ့ပြန် ပြောဆိုခြင်း မရှိပါဘူး ခင်ဗျာ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.