Breaking

April 5, 2020

သမ္မတရုံး အကြံပေး ပုဂ္ဂိုလ်သစ်က ရခိုင် ပဋိပက္ခအတွက် ဖြေဆေး တခုလား






Want create site? Find Free WordPress Themes and plugins.
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အကြံပေးမည့် နိုင်ငံတော် သမ္မတရုံး၏ အကြံပေး ပုဂ္ဂိုလ်အသစ် အငြိမ်းစား ဗ်ိုလ်မှူးကြီးထိန်လင်းသည် ရခိုင်ပြည်နယ် အတွင်း တင်းမာနေသည့် ပဋိပက္ခများကို ဖြေလျှော့နိုင်ရန် အကူအညီပေးမည့် သူ ဖြစ်နိုင်သဖြင့် သမ္မတက ခန့်အပ်လိုက်ခြင်း ဖြစ်သည်ဟု ရခိုင် နိုင်ငံရေး အသိုင်းအဝိုင်းတွင် သုံးသပ် ပြောဆိုနေကြသည်။
အငြိမ်းစား ဗိုလ်မှူးကြီး ထိန်လင်းသည် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ်၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ တာဝန်ယူဖူးသူ ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်လည်း တပ်မတော် အရာရှိတဦးအဖြစ် ကာလရှည် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။
၎င်းကို မတ် ၃၁ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အကြံပြုတင်ပြနိုင်ရန် နိုင်ငံတော် သမ္မတရုံး၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အမိန့် ကြေညာစာတွင် ရေးသားဖော်ပြချက်အရ အငြိမ်းစား ဗ်ိုလ်မှူးကြီး ထိန်လင်းသည် မေ ၂၀ ရက်တွင် လုပ်ငန်း တာဝန်များကို စတင် ထမ်းဆောင်ရမည် ဖြစ်သည်။
မတ်၂၃ ရက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် ရက္ခိုင်စစ်တပ် (AA)ကို အကြမ်းဖက်အဖွဲ့အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ကြေညာပြီး နိုင်ငံတော် သမ္မတကလည်း မတရားအသင်းအဖြစ် ကြေညာခဲ့သည်။
ထိုသို့ ကြေငြာချက်ထွက်ပြီးနောက် ရခိုင်ပြည်နယ်တွင်း ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား ဗိုလ်မှူးကြီး ထိန်လင်းကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပေးရန် ခန့်အပ်ခြင်းမှာ ရခိုင်အရေး ပဋိပက္ခကို ဖြေလျှော့ နိုင်ရန် အစိုးရဘက်မှ ကြိုးစားခြင်း ဖြစ်သည်ဟု သုံးသပ်နေကြခြင်း ဖြစ်သည်။
အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည်မှာ ၄ နှစ်ကျော်ပြီ ဖြစ်သည့် ရခိုင် အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP) ၏ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ALP နှင့် အစိုးရကြား ပြည်နယ်အဆင့် ပဏာမ အပစ်ရပ် စာချုပ်ချုပ်ဆိုရန် အငြိမ်းစား ဗိုလ်မှူးကြီး ထိန်လင်းက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ဆွေးနွေးပေးခဲ့သူ ဖြစ်သဖြင့် NRPC အကြံပေး ဖြစ်လာသည်ကိုလည်း ကြိုဆိုသည်ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်းက “ရခိုင်ဒေသရဲ့ အနေအထားအရဆိုရင် ဗိုလ်မှူးကြီး ထိန်လင်းဆီက အကြံကောင်း၊ ဉာဏ် ကောင်းတွေလည်း ရနိုင်တယ်လို့ ကျမ ထင်တယ်။ သူက ပါးရေနပ်ရေလည်း ရှိတယ်။ ဆက်ဆံရေးကလည်း ကောင်းပါတယ်။ အများကြီး ကောင်းတယ်လို့ ပြောလို့ ရပါတယ်” ဟု ပြောသည်။
ALP က အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းစဉ်က အငြိမ်းစားဗိုလ်မှူးကြီး ထိန်လင်းသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ညှိနှိုင်းကာ အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးသည့် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်ဟု သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော်ဘက်မှ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ စစ်ဘက် ဆိုင်ရာ ရာထူးများကို အသိအမှတ်ပြုမှု အားနည်းခြင်းနှင့် တန်းတူရည်တူ ဆက်ဆံမှုပိုင်းတွင် အပြည့်အဝ မရရှိ ကြောင်းကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တလျှောက် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပြောဆိုချက်အရ သိရှိရသည်။
တိုင်းရင်းသား ခေါင်းဆောင်များ၏ စစ်ဘက် ရာထူးများနှင့် အမည်နာမများ၏ ရှေ့တွင် ဦး၊ ဒေါ် မတတ်သည့် အမည် ဆိုင်းဘုတ်များကြောင့်လည်း မပြေလည်မှု အဖုအထစ်များ ရှိခဲ့ဖူးသည်။
“ကျမတို့ အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံတာရော ကျမတို့ ပါတီအပေါ်မှာ ဆက်ဆံတာရော ကြားက ဆက်ဆံရေးရော တကယ့်ကို ကောင်းတဲ့ ပုဂ္ဂိုလ်တယောက်လို့ ကျမက ပြောချင်တယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၏ ပြည်နယ် လွှတ်တော် အမတ် ဦးမောင်သန်းစိန်ကလည်း တပ်မတော်နှင့် AA တို့၏ မပြေလည်မှု စစ်ရေး ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်ကာ NRPC အကြံပေးအဖြစ် အငြိမ်းစား ဗိုလ်မှူးကြီး ထိန်လင်းကို သမ္မတက ခန့်အပ်ခြင်း ဖြစ်သည်ဟု တွက်ဆကြောင်း မှတ်ချက်ပြုသည်။
ဦးမောင်သန်းစိန်က “ရခိုင်ပြည်မှာ ဦးထိန်လင်း ရတဲ့ လုပ်ပိုင်ခွင့်နဲ့ အခု ခန့်တဲ့ လုပ်ပိုင်ခွင့်ကတော့ ကွာဟတာ ရှိတယ်။ သူ့ လုပ်ပိုင်ခွင့် ဘောင်ထဲကနေ ရခိုင်ဒေသအတွက် ဘယ်လောက် လုပ်နိုင်မလဲ။ ဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ် ဘယ် လို ဖြေရှင်းနိုင်မလဲ ဆိုတာကတော့ သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တခုလုံးတွင် မရပ်မနား ဖြစ်နေသည့် စစ်ရေး ပဋိပက္ခများ အရှိန်လျော့ကျသွားမည်လား၊ သို့မဟုတ် အဆိုးဘက် ဦးတည်သွားမည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဟုလည်း ဦးမောင်သန်းစိန်က ပြောဆို သည်။
AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် တပ်မတော်က အမြစ်ပြတ် ချေမှုန်းမည်ဟု ကြွေးကြော်ထားသဖြင့် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးရန် ရှိမရှိကို မေးခွန်း ထုတ်နေမှုများ ရှိသည်။
ဧရာဝတီက မတ်လအတွင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာ AA နှင့် စေ့စပ် ညှိနှိုင်းမည့် စားပွဲဝိုင်း ကိစ္စမှာ NRPC ၏ သဘောထားသာ ဖြစ်ပြီး NRPC ကိုသာ မေးမြန်းရန် ပြောဆိုထားသည်။
အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ NRPC အဖွဲ့ဝင်များကို မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
NRPC ၏ ဥက္ကဋ္ဌမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး NRPC ကိုယ်စားလှယ်များသည် အပစ်ရပ် စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသေးသည့် AA ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့နှင့်လည်း ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။
အငြိမ်းစား ဗိုလ်မှူးကြီး ထိန်လင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် မွတ်ဆလင်များ အရေးနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ငန်း ဆောင်တာများတွင်လည်း နှစ်ရှည် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
၎င်းက နယ်လုံဝန်ကြီးအဖြစ် တာဝန်ယူထားစဉ် တရားမဝင်သည့် တည်ဆောက်ထားသည့် အစ္စလာမ် ဘာသာဆိုင်ရာ အဆောက်အအုံများ ဖျက်သိမ်းရေးနှင့် နယ်စပ်ရေးရာ ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းရာတွင်လည်း ဦးဆောင်သူ တဦး အဖြစ် ပါဝင်ခဲ့သည်။
နိုင်ငံသားအဖြစ် လျှောက်ထားပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိသွားသည့် မွတ်ဆလင် အချို့ကြောင့် ရခိုင် ဒေသခံများကြား မကျေမလည်မှုများ ဖြစ်စဉ်ကလည်း ဥပဒေကြောင်းအရ ပေးခြင်း ဖြစ်ကြောင်းကို ဒေသခံများကြား သွားရောက် ရှင်းပြခြင်းများ ပြုလုပ်ဖူးသူ ဖြစ်သည်။
ဗိုလ်မှူးကြီး ထိန်လင်း (ငြိမ်း) သည် စစ်တက္ကသိုလ် (DSA) ၏ အပတ်စဉ် ၂၄ သင်တန်းတွင် သင်ယူခဲ့သူ ဖြစ်သည်။
တပ်မတော်တွင်း တာဝန် ထမ်းဆောင်ပြီး ၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီး အဖြစ် အထိ တာဝန် ခန့်အပ်ခံရပြီး ရခိုင်တွင်၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး တာဝန်မှ ရပ်နားပြီး နေပြည်တော်၊ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်သည်။
ထို့နောက် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.