ဝေယံမိုးမြင့်
2020-04-23
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်
အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေ မထုတ်ပြန်သေးပါဘူး။
နောက်ထပ်စာသင်နှစ်ကိုလည်း ဘယ်အချိန်မှာ ဖွင့်လှစ်မယ်ဆိုတာကလည်း
မသေချာသေးပါဘူး။
ပုံမှန် ဧပြီလ သင်္ကြန်အပြီးမှာ
အခြေခံပညာအတန်းတွေရဲ့အောင်စာရင်းတွေ ထွက်ပေမယ့် ဒီနှစ်မှာ
ကိုရိုနာဗိုင်းရပ်စ် ကြောင့် အောင်စာရင်း မထွက်နိုင်ဖြစ်နေတာပါ။
အခြေခံပညာအတန်းတွေထဲမှာ စတုတ္ထတန်း၊
အဌမတန်းနဲ့ တက္ကသိုလ်ဝင်တန်းတွေက အစိုးရစစ် စာမေးပွဲဖြစ်ပြီး
ကျန်တဲ့အတန်းတွေကတော့ ကျောင်းတွင်းစစ်တဲ့ စာမေးပွဲတွေဖြစ်ပါတယ်။
အဖြေလွှာတွေကို စစ်ဆေးနေချိန်မှာပဲ
ရပ်ထားလိုက်ရတာမို့ စစ်လို့မပြီးသေးတဲ့အတွက် အောင်စာရင်းထွက်ဖို့
နောက်ဆုတ်ထားတယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
ကျောင်းတွင်းစစ် စာမေးပွဲတွေအတွက်
စစ်ဆေးတာတွေပြီးပြီဖြစ်ပေမယ့် အစိုးရစစ်အတန်းတွေဖြစ်တဲ့ စတုတ္ထတန်း၊
အဌမတန်း အောင်စာရင်းမရသေးတာကြောင့် စာရင်းမထွက်နိုင်ဖြစ်နေတာပါ။
ဧပြီ ၂၆ ရက်နေ့မှာ အောင်စာရင်းကြေညာမယ်လို့
နဂိုကစီစဉ်ထားခဲ့တာလို့ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ကျောက်မှော်
အထက အထက်တန်းပြဆရာ ဦးဝေဖြိုးအောင်က ပြောပါတယ်။
အောင်စာရင်း ထွက်မယ်၊ မထွက်ဘူး ဘာမှကို
မသိရဘူးလို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က စတုတ္ထတန်း ကျောင်းသား မိဘ
ဒေါ်စန်းအေးက ဆိုပါတယ်။
ရောဂါထိန်းချုပ်နိုင်မှု
အခြေအနေပေါ်မူတည်ပြီး လာမယ့် ဇွန်လမှာကျောင်းတွေ
ပြန်ဖွင့်နိုင်ဖို့ဆိုတာကလည်း မသေချာတဲ့ အခြေအနေမှာရှိနေပါတယ်။
ကျောင်းသားတွေအကုန်
ကျောင်းတစ်နှစ်အောက်လိုက်ရနိုင်တယ်လို့ သုံးသပ်သူက အခြေခံပညာ ပညာရေး
လုပ်သားများ သမဂ္ဂ ဗဟိုအကြံပေးကော်မတီက ကိုအောင်အောင်ကျော်ပါ။
တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေကိုလည်း မစစ်ဆေးနိုင်သေးတာကြောင့် အောင်စာရင်းထွက်ဖို့ နောက်ကျမယ်လို့ အခြေခံပညာဦးစီးဌာနက ပြောပါတယ်။
ဧပြီ ၃၀ ရက်နေ့အထိ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေကို စောင့်ကြည့်နေပြီး အောင်စာရင်းထွက်ဖို့ ကြေညာပေးမယ်လို့ ဆိုပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.