Breaking

April 26, 2020

ကိုရိုနာဗိုင်းရစ်ကာကွယ်ရေး ညွှန်ကြားချက် မလိုက်နာသူတွေကို အရေးယူမည်

သန့်ဇင်ဦး
2020-04-22




ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အခုကာလမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အလုပ်ရုံ စက်ရုံတွေ အမြန်ဆုံးဖွင့်နိုင်ရေး စစ်ဆေးနေကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့သူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့ကာလမှာ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာသူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဧပြီလ ၂၂ ရက် ဒီနေ့မနက်ကပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်သမား ကိုယ်စားလှယ်နဲ့ အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတို့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
“ဆန္ဒပြတယ်ဆိုကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာတို့ မျက်နှာဖုံးတို့ လက်အိတ်တို့ အားလုံးအခြေအနေအရ ရှိသင့်ရှိထိုက်တဲ့ အကာအကွယ်တွေ မရှိဘူးဆိုလို့ရှိရင် ဆန္ဒပြတဲ့သူတွေကို အရင်ထိမှာ၊ ဆန္ဒပြတဲ့သူတွေကိုလည်း မထိစေချင်ဘူး၊ သူတို့ကြောင့်မလို့ အခြားသူတွေကိုလည်း မထိစေချင်ဘူး၊ ဆန္ဒပြတာကလည်း ဥပဒေနဲ့အညီ ဆန္ဒပြပိုင်ခွင့်ရှိတယ် လက်ခံတယ်၊ ဥပဒေနဲ့လည်း မကိုက်ညီပဲနဲ့ အများကိုလည်း အန္တရာယ်ဖြစ်မယ်ဆိုလို့ရှိရင်တော့ ဥပဒေအရ အရေးယူရမှာပဲ၊ ဒါကတော့ ဥပဒေဆိုတာ အားလုံးအတွက် အများအကျိုးအတွက် ဖြစ်တယ်၊ တစ်ဖွဲ့အတွက်မဟုတ်ဘူး၊ တစ်စုအတွက် မဟုတ်ဘူး၊ တစ်ယောက်အတွက် မဟုတ်ဘူး၊ ဒီဟာကိုတော့ ကျွန်မတို့လုပ်သွားပါ့မယ်၊ တရားဥပဒေ စိုးမိုးရေးဆိုတာ ဟိုဘက်ဒီဘက် မျှတအောင်လို့၊ အဲတာနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ ဒါညွှန်ကြားချက် ထုတ်ထားပါပြီ၊ ဥပဒေကိုချိုးဖောက်ရင် ဥပဒေအရ အရေးယူရမယ်၊ အဲလို မလုပ်လို့မဖြစ်ဘူး၊ ဒါဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေအတွက် လုံခြုံရေးအတွက်လည်းဖြစ်တယ်၊ အလုပ်ရှင်တွေအတွက် လုံခြုံရေးအတွက်လည်းဖြစ်တယ်၊ ကျွန်မတို့ပတ်ဝန်းကျင်အတွက် လုံခြုံရေးအတွက်လည်းဖြစ်တယ်။”

အစိုးရအနေနဲ့ စက်ရုံအလုပ်ရုံတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး သေချာ လုပ်ဆောင် ထားသလားဆိုတာ ဧပြီလကုန်မှာ  စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမယ်လို့ အမိန့်ထုတ်ထားသလို ရန်ကုန်တိုင်းအစိုးရကလည်း ဆန္ဒပြတဲ့ စက်ရုံတွေကို စက်ရုံပိတ်တဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။
ဒီနေ့အထိ စစ်ဆေးမှု မခံယူရသေးခင် လည်ပတ်နေတဲ့ စက်ရုံတွေရှိနေသေးတဲ့အတွက် စိစစ်အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က တောင်းဆိုပါတယ်။
“မပိတ်သေးဘူးဆိုတဲ့ ရုံတွေကို မနေ့ကပဲ မြို့နယ်ဦးစီးမှူးကို သွားအကြောင်းကြားတယ်၊ ပိတ်ပေးပါဆိုတာကို အခုထက်ထိ မပိတ်သေးပါဘူး၊ သူတို့ဟာ ညွှန်ကြားချက်တွေကို မလိုက်နာကြဘူး၊ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းလည်းပြောထားတယ်၊ မစစ်ဆေးရသေးရင် မဖွင့်ပါနဲ့လို့ပြောထားတယ်၊ ကျွန်တော်တို့လည်း သဘောတူပါတယ်၊ အလုပ်သမားတွေဘက်ကလည်း ပိတ်စေချင်တယ်၊ ပိတ်ပြီးရင် စစ်ဆေးပေးစေချင်တယ်၊ စစ်ဆေးပေးပြီးရင် အလုပ်ပြန်လည်လို့ရတယ်ခင်ဗျ၊ အဲတာကြောင့်မလို့ ပိတ်ပေးပါလို့ ကျွန်တော်တို့က တောင်းဆိုနေတာပါ၊ ဒါကို သက်ဆိုင်ရာအလုပ်သမားဦးစီးဌာနက လုပ်ပေးပါလို့ ပြောချင်ပါတယ်။”
စစ်ဆေးပြီးရင်လည်း စက်ရုံက ဆက်လက် လည်ပတ်မယ်ဆိုတဲ့အကြောင်း အလုပ်သမားတွေ သိအောင် ထုတ်ပြန်ပေးဖို့နဲ့ စစ်ဆေးပြီးသား စက်ရုံတွေ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ အမြန်ဆုံး ပြန်လည်ဖွင့်ဖို့လည်း လိုတယ်လို့ ဦးမောင်မောင်က ဆိုပါတယ်။
လက်ရှိ အလုပ်ပြုတ်သွားသူနဲ့ အလုပ်ရပ်နားသူတွေ စာရင်းကိုလည်း ကောက်ယူနေပြီး ဥရောသမဂ္ဂ(EU)နဲ့ တိုင်ပင်ပြီး ကူညီပေးနိုင်ရေး ပြင်ဆင်နေတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။
“အလုပ်ပြုတ်တဲ့ သူတွေကို အွန်လိုင်းကနေ စာရင်းတွေ စုနေပါတယ်၊ ဘယ်လောက်ပြုတ်သွားလဲ၊ အားလုံး အပြီးအလုပ်ဖြုတ်လိုက်တာလား၊ ယာယီရပ်ဆိုင်းတာလား၊ အဲတာတွေကို ကျွန်တော်တို့က မေလကုန်မှာ စပြီးတော့ EU နဲ့ ဘယ်လို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးမလဲဆိုတာကို ကျွန်တော်တို့ ပြင်နေပါပီ။”
နယ်မြို့အသီးသီးကပြန်လာတဲ့ အလုပ်သမားတွေကို မြို့နယ်တချို့မှာ  အဝင်မခံတဲ့ ဖြစ်ရပ်တွေရှိနေပြီး အလုပ်သမားတွေ အဆောင်တန်းလျားတွေမှာ ပူးကပ်နေထိုင်ကြရတဲ့အတွက် ကျန်းမာရေး အသိပညာပေး ရုံတင်မကဘဲ နေထိုင်ရေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ လိုတယ်လို့လည်း ဦးမောင်မောင်က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ စက်ရုံအလုပ်ရုံတွေအတွက် အစိုးရအမိန့်ထုတ်ပြန်တာ နောက်ကျသလို ထုတ်ပြန်ချက်ပါ ရေးသားချက် တွေကိုလည်း အများနားမလည်နိုင်ဘူးလို့ ပြောပါတယ်။
“မနက်ဖြန်လို ဖွင့်တော့မယ့်အချိန်မှာ ဒီလိုည ၈ နာရီလို ကြေညာလိုက်တဲ့အခါကြတော့ ကျွန်မတို့ လုပ်ငန်း လုပ်ရတဲ့အအခါမှာ ပြင်ဆင်ချိန် အလွန်နည်းသွားတဲ့အတွက် ပြောရဆိုရ အကြောင်းကြားရတာတွေ ကသောင်းကနင်းနဲ့ အတော်လေး ဖြစ်သွားပါတယ်ရှင့် မြေပြင်မှာပါ၊ ပြီးတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးလည်း ကျွန်မတို့ကြုံရပါတယ်ရှင့်၊ ဒါလည်း အမကြားပြီးသားနေမှာပါရှင့်၊ တစ်ချို့သော ထုတ်ပြန်ချက်တွေမှာလည်းပဲ စကားအသုံးအနှုန်းပေါ့နော်၊ ကျွန်မတို့သိပ်ပြီးတော့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ အသုံးအနှုန်းစကားတွေကလည်း ကျွန်မတို့ကို ဝေဝါးသွားစေပါတယ်ရှင့်။”
အလုပ်ရှင်နဲ့ အလုပ်သမားမပြေလည်လို့ ဆန္ဒပြနေတာတွေကိုလည်း နှစ်ဘက်စလုံး ဥပဒေအတိုင်း လိုက်နာစေချင်တယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွေကို အခြေအနေအရ မြန်မြန်ထုတ်လိုက်ရတာဖြစ်လို့ ရှင်းလင်းအောင် ပြန်လည် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
“ပထမဦးဆုံးဟာက ညွှန်ကြားချက်တွေထုတ်တာ သိပ်ပြီးတော့ ကပ်သွားတယ်ဆိုတာကို ကျွန်မ လက်ခံပါတယ်၊ တောင်းပန်ပါတယ်၊ အခြေအနေအရပေါ့နော် မြန်မြန်ထုတ်ဖို့ လိုတယ်ဆိုပြီးတော့ ထုတ်လိုက်တာ တကယ်တော့လည်း စောစောစီးစီးကတည်း စဉ်းစားပြီးတော့ ထုတ်သင့်တယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်၊ အဲတာကြောင့်မလို့ ဒေါ်ခိုင်ခိုင်နွယ်ပြောတာ မှန်ပါတယ်၊ နောက်ဆိုရင် အချိန်မီ ဖြစ်အောင်လို့ ကြိုတင်ပြီးတော့ထုတ်ဖို့ကို စီစဉ်ပါ့မယ်၊ နောက်တစ်ခုကတော့ ညွှန်ကြားချက်တွေ မရှင်းတဲ့ကိစ္စ၊ မရှင်းတဲ့ကိစ္စကတော့ အခုပြန်ပြီးတော့ ရှင်းအောင်လုပ်လို့ရပါတယ်၊ အခုညွှန်ကြားချက်တွေ ပြန်ကြည့်ပြီးတော့ ညွှန်ကြားချက်တွေထဲမှာ ဘယ်အချက်တွေဟာ မရှင်းမရှင်းဖြစ်နေလဲ၊ ပိုပြီးတော့ရှင်းအောင်လို့ ဘယ်လို လုပ်ရမလဲ၊ နောက်ပြီးတော့ ပိုပြီးတော့တိကျအောင် ဘယ်လိုလုပ်ရမလဲ၊ ဥပဒေနောက်က နည်းဥပဒေ လိုက်သလိုပေါ့၊ အဲလိုဖြစ်အောင်လို့လုပ်ပါမယ်၊ ဒါကတော့ အမြန်ဆုံးလုပ်လို့လည်း ရပါတယ်။”
အစိုးရကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း စီစဉ်ထားတဲ့စက်ရုံတွေကို ၂၀ ရက်နေ့ ကတည်းက စတင်စစ်ဆေးနေတာဖြစ်ပြီး ရန်ကုန်တိုင်းက စက်ရုံတွေအပါအဝင် စက်ရုံ ၁၀၀ နီးပါး စစ်ဆေးပြီးဖြစ်ပါတယ်။
ပထမဦးစားပေးအနေနဲ့ ဆေးဝါးထုတ်တဲ့ စက်ရုံတွေနဲ့ စားသောက်ကုန်ထုတ်တဲ့ စက်ရုံတွေကို စစ်ဆေးပြီး ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲမှာ စက်ရုံအလုပ်ရုံပေါင်း ၆၆၀၀ ကျော် ရှိပြီး အလုပ်သမား ၆၈၀ ၀၀၀ ကျော်ရှိတယ်လို့ တိုင်းအစိုးရရဲ့စာရင်းအရ သိရပါတယ်။
နောက်ထပ် စက်ရုံအလုပ်ရုံ ၄၀၀ နီးပါးကလည်း စစ်ဆေးနိုင်ပြီဆိုပြီး စာရင်းပေးထားတဲ့အတွက် အမြန်ဆုံး စစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.