Breaking

May 19, 2020

စူပါ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိ၊ မြန်မာပြည် အများဆုံး ခံရမည့် ဒေသများ ထုတ်ပြန်

စူပါ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိ၊ မြန်မာပြည် အများဆုံး ခံရမည့် ဒေသများ ထုတ်ပြန်
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော စူပါ အဆင့် ဆိုင် ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) အရှိန်ကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် အများဆုံး ခံစားရမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြား လိုက်သည်။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသော အမ်ဖန်သည် မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အဖြစ်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။

အမ်ဖန် ဆိုင်ကလုံး မုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၁၃၅ နှုန်းဖြင့် အိန္ဒိယနိုင်ငံ ဘက်ကို ကပ်ပြီး တိုက်ခတ် နေသော်လည်း မုန်တိုင်းအဝန်းအဝိုင်း ကျယ်ပြန့်နေသောကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တွင် သတိထားရန်လိုအပ်ကာ မိုးကြီး၊ လေပြင်းတိုက်ခြင်းနှင့် လှိုင်းကြီးများ ကြုံရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။“အဓိကတော့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင် ကမ်းရိုးတန်းဒေသတွေမှာ အခြားဒေသတွေထက် မုန်တိုင်း အရှိန် သက်ရောက်မှု ပိုများနိုင်တယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မြန်မာနိုင်ငံ သို့ ဝင်ရောင်နိုင်ခြေ မရှိသေးသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း၊ အမ်ဖန်အရှိန်ကြောင့် မေ ၁၈ ရက်မှ ၂၁ ရက်အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိန် မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်၍ လှိုင်းကြီးမည်ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ရှစ်ပေမှ ၁၂ ပေ အထိရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့အပြင် မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေးပြင်း ကျကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးလေပြင်းကျစဉ်တွင် ရေပြင်၊ မြေပြင် လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေ အထိရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် မြစ်ချောင်းကြီးများတွင် ရုတ်တရက် မြစ်ရေ မကြီးနိုင်သော်လည်း တောင်ကျချောင်း များတွင်မူ မိုးရွာသွန်းမှုများခြင်းကြောင့် လျှပ်တစ်ပြတ် ရေကြီးမှုနိုင်ကြောင်း ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။အမ်ဖန်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့မှ အနောက်ဘက်ရေမိုင် ၄၁၅ မိုင်နှင့် ပုသိမ်မြို့မှ အနာက်တောင်ဘက် ရေမိုင် ၅၂၅ မိုင်အကွာနှင့် အိန္ဒိယနိုင်ငံ ပါရာဒစ်ပ်မြို့မှ တောင်ဘက် ရေမိုင် ၄၁၀ မိုင်၊ ဒီဂါမြို့မှ တောင်- အနောက်တောင်ဘက် ရေမိုင် ၄၉၀ မိုင် နှင့် ဘင်္ဂလား ဒေ့ရ်ှနိုင်ငံ၊ ကမ်ပူပါရာမြို့ မှ တောင်- အနောက်တောင်ဘက် ရေမိုင် ၅၅၅ မိုင်ရှိ ပင်လယ်ပြင်တွင် ဗဟိုပြုတိုက်ခတ်နေခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီ ကလည်း ယနေ့မေ ၁၈ အိန္ဒိယစံတော်ချိန် ညနေ ၄ နာရီတွင် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး စူပါဆိုင်ကလုန်း Amphan ကို ရင်ဆိုင်ဖြတ်ကျော်နိုင်ရေးအတွက် ဆွေးနွေးမည်ဟု သိရှိရသည်။လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း မှ ပြည်နယ်များတွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေပြီဖြစ်သည်။ သြရိသ၊ အနောက်ဘင်္ဂလား၊ Sikkim နှင့် မဂ်ဟာလာယပြည်နယ်များတွင် မေလ ၂၁ ရက် ကြာသပတေးနေ့အထိ မိုးသည်းထန်စွာရွာ သွန်းမည်ဟူသော သတိပေးချက် များကိုလည်း ထုတ်ပြန် ထားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.