Breaking

May 28, 2020

ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီး အဆိုတင်မယ်


နာယကဓာတ်ပုံ မူပိုင်PYIDAUNGSU HLUTTAW
Image captionအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို စွပ်စွဲပြောဆိုတာတွေရှိခဲ့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတခုကို မေလ ၂၈ ရက်နေ့မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် တဦးက တင်ပြဖို့ရှိတယ်လို့အမည်မဖော်လိုသူ လွှတ်တော်အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အရေးကြီးအဆိုတင်သွင်းမယ့် အစီအစဉ်ကို မေလ ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အခါ လွှတ်တော် ဒုဥက္ကဋ္ဌက လွှတ်တော်ကို အသိပေးတင်ပြမှာဖြစ်တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့မနက်ဖြန်မှာကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုတစ်ခု တင်သွင်းဖို့ ရှိတယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ကျောင်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းထွန်းက ဘီဘီစီကိုအတည်ပြုပါတယ်။
အရေးကြီးအဆိုမှာပါမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့တော့ မတင်သွင်းရသေးတဲ့ အတွက် ထုတ်ပြောလို့မရသေးကြောင်း ဦးသိန်းထွန်းက ဆိုပါတယ်။

ဦးသောင်းအေးဓာတ်ပုံ မူပိုင်PYIDAUNGSU HLUTTAW
Image captionဦးသောင်းအေး က အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်တွေနဲ့ မညီဘူးလို့ပြော ခဲ့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုး ဘက်ကအဆိုတင်ဖို့ရှိမရှိဆိုတာနဲ့ပတ်သက်လို့ ပါတီဘက်ကတော့ ထုတ်ပြောတာမျိုး မရှိသေးပါဘူး။
ပြည်သူလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေပါပြဌာန်းချက်တွေအရ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ သို့မဟုတ် နှစ်ဦးစလုံးဟာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူး လွန်ခြင်း ၊အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကိုကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့အချက်တွေကိုကျူးလွန်ပါက သတ်မှတ်တဲ့ နည်းလမ်းနဲ့အညီ တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်လို့ဖော်ပြထားပါတယ်။
တာဝန်မှ ရုပ်သိမ်းရန်အတွက် လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းကြောင်း အဆိုကို လွှတ်တော် အစည်းအဝေးအစီအစဉ်မှာ ထည့်သွင်းရမှာဖြစ်ပြီး တာဝန်မှရုပ်သိမ်းကြောင်း အဆိုလွှာ ကို လက်မှတ်ရေးထိုးထား တဲ့ ကိုယ်စားလှယ်လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အဆိုနဲ့ပတ်သက်လို့ လွှတ်တော်ကဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။
လက်ရှိ ပြဌာန်းထားတဲ့ဥပဒေနည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကိုတာဝန် က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရှိဖို့လိုတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကပြောပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ဓာတ်ပုံ မူပိုင်PYIDAUNGSU HLUTTAW
Image captionဦးတီခွန်မြတ်ကို၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ သူဖြစ်ပါတယ်။ ဦးတီခွန်မြတ်ဟာ ကြံခိုင်ရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပါတီက နုတ်ထွက်ခဲ့ပါတယ်။
ဦးတီခွန်မြတ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကဦးဆောင်တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဒုဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်း က ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ရင်းနှီးတဲ့သူလို့လည်းလူသိများသူ ဖြစ်ပါတယ်။
ဦးတီခွန်မြတ်ဟာ ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲ တုန်းကလဲပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာနာယက တာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်မှာ နာယက တာဝန်ယူစဥ် အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွှတ်တော်အတွင်းမှာ စွပ်စွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။
သူ ကိုယ်တိုင်က လည်း အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တချို့ကို သတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးနဲ့တပ် ကိုယ်စားလှယ် ၅ဦးတို့ရဲ့ ဆွေးနွေးခဲ့တဲ့စကားရပ်အချို့ကို လွှတ်တော်မှတ်တမ်း က ပယ်ဖျက်လိုက်ကြောင်း ၂၀၁၉ နိုဝင်ဘာ ၂၈ ရက်နေ့ က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ ပါတယ်။
"လွှတ်တော်နာယကရဲ့တာဝန်နဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ တာဝန်များဟာ သူ့အတိုင်းအတာနှင့်သူ များပြားကြီးမားလှပါတယ်။ သို့သော် ထပ်တူမဖြစ်တဲ့အတွက် နာယကရဲ့ တာဝန်နှင့်လုပ်ဆောင်မှုအပေါ် နားမလည်နိုင်တာ တစ်ဦးတစ် ယောက်တစ်စု တစ်ဖွဲ့၏ ဆန္ဒအတိုင်း မလုပ်ပေးနိုင်လို့ သဘောမကျတာရှိနိုင်ပါတယ်။ ဒါကလည်း အတိုင်းအတာရှိပါတယ်။ နာယကရဲ့တာဝန်ကျေပွန် အောင်မဆောင်ရွက်နိုင်ဘူးဆိုရင် တာဝန်ရုပ်သိမ်း နိုင်တဲ့ ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ထားပြီးဖြစ်သလို မိမိရဲ့တာဝန်ရှိမှု အပိုင်းကိုလည်းကောင်း ကောင်း သိရှိနားလည်ပါကြောင်း အသိပေးလိုပါတယ်" လို့လည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောဆိုခဲ့တာရှိပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.