Breaking

May 7, 2020

အတည်ပြုလူနာတချို့ကို ကူးစက်မှုရာဇဝင် ရှာမတွေ့

ဇာဏီထွဏ်း

မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ရောဂါကူးစက်ခံနေရတဲ့ ခရီးသွားရာဇဝင် လည်းမရှိ၊ အတည်ပြုလူနာနဲ့ ထိတွေ့တာလည်းမရှိဘဲနဲ့ ကူးစက်ခံရသူတွေရှိနေပါပြီ။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများစုဟာ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကနေ ပြန်လာတဲ့သူတွေ၊ ရောဂါပိုးကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့ခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။ အခု ဒီရက်ပိုင်းမှာဆိုရင် ခရီးသွားရာဇဝင် လည်းမရှိ၊ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တာလည်း မရှိဘဲ ကူးစက်ခံရသူတွေ ရှိလာပါတယ်။
ကျန်မာရေးဝန်ကြီးဌာနက မေ ၃ ရက်မှာ ထုတ်ပြန်တဲ့အထဲမှာဆိုရင် နောက်ထပ် တိုးတဲ့လူနာထဲမှာ အသက် ၄၈ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၁၅၅ ဟာ ရောဂါကူးစက်ခံရသူနဲ့ ထိတွေ့တာမရှိ၊ ပြည်ပကို ခရီးသွားတာလည်း မရှိဘဲ ကူးစက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
သူဟာ ဝါး၊ ဓနိဆိုင်က အလုပ်သမားတစ်ယောက်ဖြစ်ပြီး အခုသူနဲ့ ဆက်စပ်သူ ၂၂ ယောက်ကို စောင့်ကြည့်နေတယ် လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။
“ကျန်းမာရေးမှူးက စုံစမ်းနေတယ်။ ဝါးဆိုင်မှာ လုပ်တဲ့အလုပ်သမား။ ဝါးဆိုင်ကို လာတဲ့သူဆီကနေ ဖြစ်များ ဖြစ်သလား မပြောမရဘူးပေါ့နော်။ လက်ရှိတော့ ရှာမရသေးဘူး။ သူအလုပ်လုပ်တဲ့ ဝါးဓနိဆိုင်ကိုလည်း သီးခြားစောင့်ကြည့်ထားတယ်။ လူနာသွားကြည့်တဲ့သူတွေကိုလည်း ပို့လိုက်ပြီပြောတယ်။ ၂၂ ယောက်ပေါ့။”
နောက်တစ်ယောက်ကတော့ အင်းစိန်မြို့နယ်က လူနာအမှတ် ၁၅၁ ပါ။ မတ်လလောက်ကတည်းက အလုပ် မသွားရဘဲ အဆောင်မှာပဲ နေခဲ့တဲ့သူတစ်ယောက်ပါ။ ခရီးသွားခဲ့တာတွေ၊ ရောဂါရှိသူနဲ့လည်း ထိတွေ့ခဲ့တာမရှိဘဲ ဘယ်ကနေဘယ်လို ကူးစက်ခံရသလဲဆိုတာကိုလည်း လိုက်ပြီး စုံစမ်းနေရတုန်းလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
“မိန်းကလေးတွေဖြစ်တဲ့အတွက် ဈေးသွား ဘာညာတော့ ရှိမှာပေါ့နော်။ ကျန်တာက Stay Home ကာလကြီး ဖြစ်တော့ ဘယ်မှမသွားဘူးလို့တော့ ကြားပါတယ်။ ခရီးသွားရာဇဝင်လည်းမရှိဘူး။ ထိတွေ့မှုလည်းမရှိဘူး ပြောကြတဲ့အထဲမှာ သူကတစ်ယောက် အပါဝင်ပေါ့။ အဲထဲမှာ ဒီဗိုင်းရပ်စ်က Silence လည်း ဖြစ်နေတတ်တာ ရှိတယ်။ ဒီတော့ ဘယ်သူ့ဆီက ဘယ်လိုကူးသလဲ ခန့်မှန်းရခက်တာပေါ့။
မေ ၃ ရက်က ထုတ်ပြန်ချက်ထဲမှာ အင်းစိန်က ပိုးတွေ့သူ သုံးယောက်ဖြစ်တဲ့ လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့ဟာ လူနာအမှတ် ၁၅၁ နဲ့ အဆောင်အတူနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ သုံးယောက်က လူနာအမှတ် ၁၅၁ ဆီက ကူးစက်တာလား၊ ဘယ်သူ့ဆီက စပြီးကူးတာလဲဆိုတာ သေသေချာချာ မသိ နိုင်တဲ့အခြေအနေလို့လည်း ဦးဝေဖြိုးဟန်က သုံးသပ်ပါတယ်။
လူနာနံပါတ် ၁၃၂ ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်က အသက် ၈၀ အရွယ် အမျိုးသား တစ်ယောက် ဟာ ကျန်းမာရေး မကောင်းသူဖြစ်တာကြောင့် အပြင်ထွက်သွားလာတာ၊ ခရီးသွားတာ မရှိခဲ့ဘဲ ကူးစက်ခံခဲ့ရသူပါ။ သူ့ကို ဘယ်ကနေ ဘယ်လိုကူးစက်တယ်ဆိုတာ အစ ရှာမရအောင်ဖြစ်နေ တယ်လို့ မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပါတယ်။
“သူ့မိသားစုဝင်တွေနဲ့ သူ့ဆီဝင်ထွက်တာတွေ အကုန်လုံးလိုက်တယ်။ လိုက်တော့ ခရီးသွား ရာဇဝင်လည်း မရှိဘူး။ သူ့မိသားစုဝင်တွေကို စစ်တော့လည်း Negative ပဲပြတယ်။ အဘကလည်း နေမကောင်းတဲ့သူဆိုတော့ ဘယ်မှမသွားနိုင်ဘူး။ သူတို့တွေတင် မဟုတ်ဘူး၊ ပတ်ဝန်းကျင်ကိုလည်း စုံစမ်းကြည့်တယ် သူတို့အိမ် အဝင်အထွက်တွေပေါ့။ မိသားစုဝင်တွေနဲ့ ဆေးရုံဆေးခန်း ပို့တဲ့ကားနဲ့၊ လာကြည့်တဲ့ ဆရာဝန်ပဲရှိတယ်။ သူတို့အားလုံးကိုလည်း စစ်ဆေးတော့ Negative ပြတော့ ဘယ်လိုပြောလို့ ပြောရမှန်းမသိဘူး ဖြစ်နေတာ။”
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိသူက ပြည်ပကနေ ပြန်လာသူဖြစ်ပါတယ်။ အဲဒီလို ပြန်လာသူတွေ ကနေတဆင့် တခြားကူးစက်၊ အဲဒီကူးစက်ခံရသူတွေကနေတဆင့် ပြည်တွင်းမှာ ထပ်ကူးစက်ခံရတာတွေ ရှိလာပြီး အခုဆိုရင် ဘယ်ကနေဘယ်လို ကူးစက်ခံရမှန်းမသိတဲ့ အခြေအနေတွေ ရှိလာပါတယ်။
ရောဂါကူးစက်ခံရသူ အများစုကလည်း ကျန်းမာတဲ့သူတွေဖြစ်နေပြီး သူတို့ကိုယ်တိုင်လည်း ကူးစက်ခံရမှန်း မသိတဲ့အခါ ရောဂါဖြန့်ဝေသူတွေ ဖြစ်လာတာပါ။
လက္ခဏာမပြတာကြောင့်  ကူးစက်ခံရမှန်းမသိဘဲ ရောဂါပြန့်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကု ဆရာဝန်အဖွဲ့  ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်းက ပြောပါတယ်။
“ဒီပိုးက ငါးရာခိုင်နှုန်းကနေ၈၀ ရာခိုင်နုန်းအထိ ဘာလက္ခဏာမှ မပြဘဲနဲ့ ရှိနေတာပေါ့နော်။ အဲဒါ အကြောက်ရဆုံးပေါ့။ အဲလိုလူတွေက အများကြီးရှိတယ်ဗျ။ သူတို့ကိုယ်သူတို့ လူကောင်းပဲ ထင်မှာပဲလေ။ ပိုးရှိနေတယ်။ ဘာလက္ခဏာမှ မပြတော့ လူကောင်းပဲလေ။ သူတို့ကိုယ်သူတို့ ကိုဗစ်လို့ထင်မှာပဲလေ။ ဒါက လူတိုင်းဖြစ်နိုင်တာကိုး။ ဒါ့ကြောင့်လည်း ကျနော်တို့က Mask တပ်ခိုင်းရတာလေ။ လူတွေအကုန်လုံးလည်း လိုက်မစစ်နိုင်ဘူးလေ။ လိုက်စစ်မှပေါ်မှာကိုး။ လက္ခဏာမပြခင် ၄၈ နာရီ ကူးစက်မှုပြနေပြီ။ အဲ့အချိန်က အမြင့်ဆုံးအခြေအနေ ရောက်နေတာပေါ့နော်။”
နောက်ကြောင်းရာဇဝင်တွေ မေးတဲ့အခါ ကူးစက်ခံရသူတွေက တိတိကျကျ မှန်မှန်ကန်ကန်ဖြေမှသာ ဘယ်သူတွေကိုပါဆက်ပြီး ကူးစက်နိုင်ခြေရှိမယ်ဆိုတာကို ကြိုတင်သိပြီး ကာကွယ်နိုင်မှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မသိလိုက်ဘဲ ကူးစက်တာတွေ ဖြစ်တာဟာ အင်မတန်မှ သတိထားစရာဖြစ်တဲ့ အတွက်  ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ သူများကို ကူးစက်မှုမရှိအောင် ခပ်ခွာခွာနေကြဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဧပြီ ၃၀ ရက်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
“ရောဂါလက္ခဏာ မပေါ်တာပေါ့။ ကိုယ်က ဒီရောဂါသည်ဖြစ်တဲ့သူ ဖြစ်နေရင်တောင်မှပဲ ရောဂါလက္ခဏာ မပေါ်တော့ ကိုယ့်ကိုကိုယ် အကောင်းထင်၊ ဘေးကလူတွေကလည်း အကောင်းထင်ပြီး လူများကို ဖြန့်ပေးသလို လည်း ဖြစ်သွားနိုင်တယ်။ ဒါက အင်မတန်မှ သတိထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် မသိသလို သူများကိုလည်း သိလို့မရဘူး။ ဒါ့ကြောင့်မို့လို့ ခွာခွာနေပါလို့ တစ်ချိန်လုံးပြောနေတာပါ။ ဒါ့ကြောင့် ညွှန်ကြားချက်တွေ ထုတ်ထားတာပါ။ ဒါက ကိုယ့်ကိုကိုယ် ကာကွယ်သလို သူများတွေကိုလည်း မကူးစက်စေဖို့ ဖြစ်ပါတယ်။”
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၄ ရက် ထုတ်ပြန်ချက်မှာလည်း နေပြည်တော် ဇေယျာသီရိမြို့နယ်က တပ်မတော်သား တစ်ယောက်လည်း ခရီးသွားရာဇဝင်တွေ၊ ကူးစက်ခံရသူနဲ့ ထိတွေ့တာတွေမရှိဘဲ ကူးစက်ခံထားရတယ်လို့ ပြောထားပါတယ်။
ဒီရက်ပိုင်းမှာ ပိုးတွေ့တဲ့သူ မရှိတာ သုံးရက်လောက်ရှိပါပြီ။ ဒါပေမဲ့ ရောဂါအရှင်း ပျောက်ကွယ်သွားတာ မဟုတ်သေးတဲ့အတွက် ပေါ့ဆလို့ မရပါဘူး။
အခုဆိုရင် မဖြစ်မနေ လုပ်ငန်းခွင်ဝင်ရတဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေ ရှိနေပြီး ဈေးရောင်း၊ ဈေးဝယ်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ အများစုက နှာခေါင်းစည်းတပ်တာတွေ နည်းပါတယ်။ အခုချိန်မှာ ဘယ်ကနေ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို သေချာမသိတဲ့သူတွေရှိနေပြီး ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံ ထားရသူတွေ ရှိနေနိုင်တာကြောင့် မပေါ့ဆကြဖို့ကိုလည်း ပြောကြပါတယ်။























https://www.rfa.org/burmese/news/myanmar-corona-05062020035815.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.