Breaking

September 13, 2020

ကိုဗစ်-၁၉ကို ဝူဟန်ဓာတ်ခွဲခန်းမှာဖန်တီးပြုလုပ်ခဲ့တယ်ဆိုတဲ့ သက်သေရထားကြောင်း တရုတ်ဗိုင်းရပ်စ်ရောဂါ ပိုးမွှားဗေဒ ပညာရှင်ဆို

စက်တင်ဘာ ၁၃၊ ၂၀၂၀ Myanmar Muslim Media
သူမရဲ့ဘေးကင်းလုံခြုံရေးအတွက်ပုန်းနေခဲ့တဲ့ တရုတ်ဗိုင်းရပ်စ်ရောဂါပိုးမွှားဗေဒပညာရှင်က COVID-19 ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကဓာတ်ခွဲခန်းတစ်ခုမှာ လူလုပ်ဖန်တီးခဲ့တဲ့ဗိုင်းရပ်စ်ဖြစ်ကြောင်း သိပ္ပံနည်းကျသက်သေ သူမဆီမှာရှိကြောင်း ယူဆပြောဆိုထားတဲ့သတင်းနဲ့ လူထုရှေ့ကိုနောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပါတယ်။
သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလီမန်ယန်က ပြီးခဲ့တဲ့နှစ်က COVID-19 သုတေသနတစ်ချို့လုပ်ခဲ့ကြောင်း ဆိုခဲ့ပြီး ဗြိတိန်စကားပြောပွဲအစီအစဉ် Loose Women နဲ့ အင်တာဗျူးအတွင်း သောကြာနေ့ကမှတ်ချက်တွေပြုခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလူပေါင်း ၉သိန်းကျော်သေဆုံးခဲ့ရပြီဖြစ်တဲ့ ဒီဗိုင်းရပ်စ်ဘယ်ကစတင်ဖြစ်ပေါ်လာလဲလို့မေးမြန်းတဲ့အခါ ယန်က “ဒီဗိုင်းရပ်စ်ဟာဓာတ်ခွဲခန်းတစ်ခုကလာတာပါ။ တရုတ်အစိုးရထိန်းချုပ်ထားတဲ့ ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်လာတာ”လို့ လျှို့ဝှက်တည်နေရာကနေ သူမကဗီဒီယိုနဲ့ဖြေကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ဟာ ဝူဟန်သားငါးဈေးကြီးကနေ စတင်ဖြစ်ပေါ်ပြန့်နှံ့လာခဲ့တယ်ဆိုတဲ့ မနှစ်ကထုတ်ပြန်ထားတဲ့ ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေနဲ့ပတ်သက်ပြီး တရုတ်ရဲ့ဖုံးကွယ်ထားမှုဖြစ်ကြောင်း သူမကအခိုင်အမာပြောကြားခဲ့ပါတယ်။ “ဝူဟန်အသားငါးဈေးကနေ ဗိုင်းရပ်စ်စတင်ဖြစ်ပေါ်ပျံ့နှံ့လာတယ်ဆိုတာ အမှန်ကိုဖုံးကွယ်ဖို့အကြောင်းပြချက်ပေးထားတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကသဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။” လို့ယန်ကပြောဆိုခဲ့ပြီး ပြည်တွင်းဆရာဝန်တွေ နဲ့ တရုတ် CDC ကနေ ထောက်လှမ်းရေးသတင်းတွေရရှိခဲ့ကြောင်း သူမကရှင်းပြခဲ့ပါတယ်။
ဟောင်ကောင်ပြည်သူ့ကျန်းမာရေးကျောင်းက သူမရဲ့အထက်အရာရှိဟောင်းတွေက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းက လူအချင်းချင်းကူးစက်နိုင်တယ်ဆိုတဲ့ သူမရဲ့သတိပေးချက်တွေကို တိတ်ဆိတ်နေဖို့ ပိတ်ပင်တားဆီးခဲ့တယ်လို့ ဗိုင်းရပ်စ်ရောဂါပိုးမွှားဗေဒရှင်က ဆိုပါတယ်။ ဧပြီမှာတော့ ယန်ဟာဟောင်ကောင်ကို တိမ်းရှောင်ခဲ့ပြီး ကပ်ဘေးနဲ့ပတ်သက်ပြီးအသိပေးဖို့ အမေရိကကိုထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အခုတော့သူမက ဒီဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းတစ်ခုအတွင်းမှာ ဖန်တီးပြုလုပ်ခဲ့တယ်ဆိုတာ သက်သေပြဖို့ သိပ္ပံနည်းကျသက်သေတွေ ထုတ်ပြန်သွားဖို့စီစဉ်နေတယ်လို့ ပြောကြားလာခဲ့ပြီဖြစ်ပါတယ်။
“ဒီမျိုးဗီဇအစီအစဉ်ဟာ လူသားလက်ဗွေရာတစ်ခုလိုပါပဲ ဒါကြောင့် ဒီအပေါ်မှာအခြေခံပြီး ဒီအရာတွေကိုအတည်ပြုဖော်ထုတ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တရုတ်ရဲ့ဓာတ်ခွဲခန်းကနေ ဘာကြောင့်ထွက်လာလဲဆိုတာနဲ့ သူတို့ကဒီဗိုင်းရပ်စ်ကိုဖန်တီးတဲ့သူတွေဘာကြောင့်ဖြစ်လဲဆိုတာ လူတွေကိုပြောပြဖို့ ဒီသက်သေတွေကိုကျွန်မအသုံးချသွားမှာပါ။” လို့ယန်က စကားပြောအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ “ဇီဝဗေဒဆိုင်ရာနဲ့ပတ်သက်ပြီး ဗဟုသုတမရှိရင်တောင် ဒါကိုဖတ်နိုင် စစ်ဆေးနိုင် ကိုယ်တိုင်အတည်ပြုနိုင်ပါတယ်” လို့ယန်ကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
“ဗိုင်းရပ်စ်ရဲ့မူလအစကိုသိရဖို့ ကျွန်မတို့အတွက်ဒါဟာအရမ်းကိုအရေးပါပါတယ်။ ဒါကိုကျွန်မတို့ကျော်လွှားနိုင်မှုမရှိရင် လူတိုင်းရဲ့အသက်အိုးအိမ်တွေကိုဒီဗိုင်းရပ်စ်က ခြိမ်းခြောက်နေမှာပါ” လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။ အခုဘာလို့ထွက်လာရသလဲဆိုရင် “ကမ္ဘာကြီးကိုအမှန်တရားမပြောပြလိုက်ရဘူးဆိုရင် ကျွန်မနောင်တရနေတော့မှာ” လို့သူမကဆိုပါတယ်။ သူမ တရုတ်နိုင်ငံကနေမထွက်ပြေးရင် သူမရဲ့အချက်အလက်တွေကို အစိုးရရဲ့ဒေတာအချက်အလက်စာရင်းထဲကနေ ဖယ်ရှားခံခဲ့ရတယ်လို့ သူမကအခိုင်အမာဆိုပါတယ်။
“သူတို့ကကျွန်မရဲ့သတင်းအချက်အလက်တွေအားလုံးကို ဖျက်ပစ်ခဲ့ပါတယ်
ကျွန်မလူလိမ်တစ်ယောက်ဖြစ်ကြောင်း ကောလဟာလတွေလွှင့်ဖို့ သူတို့ကလူတွေ ငှားခဲ့ပါတယ်။” သူမကဆိုပါတယ်။ ဝူဟန်ကဗိုင်းရပ်စ်ရောဂါပိုးမွှားဗေဒဆိုင်ရာအဖွဲ့အစည်းဒါရိုက်တာ ယွန်ဇီမင်က ဒီဗိုင်းရပ်စ်ဟာသူတို့ရဲ့ဓာတ်ခွဲခန်းကနေမတော်တဆလွတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုမကြာသေးမီတုန်းကငြင်းဆိုခဲ့ပါတယ်။ “ဗိုင်းရပ်စ်ကကျွန်တော်တို့ဆီကနေ လွတ်ထွက်လာတယ်ဆိုတာမဟုတ်ပါဘူး” လို့သူကဧပြီတုန်းက ပြည်တွင်းသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
New York Post သတင်းဌာနပါ Natalie Musumeci ရေးသားသည့် “Chinese virologist claims she has proof COVID-19 was made in Wuhan lab” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.