ဝေမာထွန်း
2020-07-26
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလမှာ
ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ လူစုလူဝေးနဲ့ ဟောပြောပြီး မဲဆွယ်စည်းရုံးတာ၊
မဲဆန္ဒရှင်တွေကို တစ်အိမ်တက်ဆင်း တွေ့ဆုံမှုတွေ လုပ်ဆောင်တာတွေကို
ကျန်းမာရေး ရှုထောင့်အရ မလုပ်သင့်တာမို့ နည်းစနစ်ပြောင်းပြီး
မဲဆွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေအရ မဲဆွယ်စည်းရုံးခွင့်ကာလဟာ ရွေးကောက်ပွဲ မကျင်းပခင်
ရက်ပေါင်း ၆၀ ဖြစ်လို့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်
လာမယ့် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ မဲဆွယ်စည်းရုံးခွင့်ရမှာပါ။
လက်ရှိအချိန်အထိတော့ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မကြေညာသေးပါဘူး။
ကပ်ရောဂါ
အခြေအနေအရ လူတွေနဲ့ တိုက်ရိုက်ထိတွေ့တာထက် အွန်းလိုင်းကနေ တဆင့်
မဲဆွယ်စည်းရုံးမှုက ပိုမိုထိရောက်ပြီး အန္တရာယ်ကင်းနိုင်တယ်လို့
ရန်ကုန်မြို့နေ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက ယူဆပါတယ်။
“မဲဆွယ်စည်းရုံးမယ့်
ကိုယ်စားလှယ်လောင်းတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို သူတို့
ရွေးကောက်ပွဲ ကော်မရှင်ကနေ Guide Lines လေးတွေ ချပေးရင်တော့
အဆင်ပြေမယ်ပေါ့။ ကိုဗစ်ကာလမှာ တော်တော်များများကလည်း အွန်လိုင်း
ပလက်ဖောင်းပေါ်ကို ရောက်လာကြပြီ။ ရောက်လာကြပြီဆိုတော့ နိုင်ငံရေးပါတီတွေ
အနေနဲ့လည်း မဲဆွယ်စည်းရုံးတဲ့ အခါမှာလည်း လွန်ခဲ့တဲ့ ငါးနှစ်ကလို On Ground
ကို လူတွေအများကြီးနဲ့ သွားတာထက်ကို On Line ပေါ်ကို ရွေ့လာကြမယ်လို့
ထင်တယ်။ အဲဒါကပိုပြီးတော့လည်း သင့်တော်တယ်။ လက်ရှိအခြေအနေအရ အန္တရာယ်လည်း
ကင်းမယ် အဲလိုတော့ ထင်မိတယ်ခင်ဗျ။”
လူထုကလည်း
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အသိပညာတွေ ရနေပြီဖြစ်တာကြောင့်
လူစုလူဝေးနဲ့ ဟောပြောခွင့်ပေးမယ် ဆိုရင်တောင် အများစုက မလာဘဲနေမယ့်
အနေအထားရှိနိုင်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေဘက်က မှတ်ချက်ပေးပါတယ်။
ကျန်းမာရေးနဲ့
အားကစားဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲကာလအတွင်း လူစုလူဝေးစည်းရုံးခွင့်ကို
ဘယ်လောက် အရေအတွက်အထိ ဖြေလျှော့ပေးမယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။
သင်္ဃန်းကျွန်းမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို NLD ပါတီ
ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ကျော်စွာဦးက
ကပ်ရောဂါ အခြေအနေအရ လူထုကြားထဲကိုသွားရောက် စည်းရုံးဖို့ခက်လို့
မဲဆွယ်စည်းရုံးရေးအတွက် ဆန်းသစ်တီထွင်မှုတွေ လုပ်ဖို့စဉ်းစားနေပါတယ်။
“အခက်အခဲရှိတာပေါ့
နိုင်ငံရေးသမားဆိုတာ ပြည်သူလူထုနဲ့ ထိစပ်ပြီးတော့ မဲတောင်းခံရတာပေါ့နော်။
အခုလို အကန့်အသတ်တွေ ရှိတဲ့အခါကျတော့ အရင်လို ရင်းနှီးမှုတို့
ပြည်သူလူထုကို ရှင်းပြခွင့်တို့မှာ ကျွန်တော်တို့ အနေနဲ့ အခက်အခဲတော့
ရှိလာနိုင်တယ်ဗျ။ သို့သော်လည်းပဲ ကျွန်တော်တို့က ဒီစိန်ခေါ်မှုတွေကို
အခွင့်အရေး တစ်ခု အနေနဲ့ အကောင်းဆုံး ဘယ်လိုကြိုးစားမလဲဆိုတာကို တာဝန်ရှိ
ပါတီခေါင်းဆောင်တွေကလည်း ဆက်ပြီးတော့ ညွှန်ကြားမှာပေ့ါနော်။ ကျွန်တော်တို့
ကိုယ်တိုင်လည်း ဘယ်လို ထွင်ဉာဏ်လေးတွေနဲ့ ပြည်သူလူထု ကြားမှာ
ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် မဲလည်းစည်းရုံးလို့ရအောင် ဝိုင်းပြီးတော့
ကိုယ့်ရဲ့ ထွင်ဉာဏ်ကော အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့မှ ကျွန်တော်တို့
လုပ်နိုင်လိမ့်မယ် ထင်ပါတယ်။”
မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း
၆၀ မှာ အလုံပိတ်အခန်းတွေမှာ ဟောပြောခွင့်နဲ့ လူစုလူဝေး အသွင်သဏ္ဍန်နဲ့
စည်းရုံးခွင့် ရနိုင်ချေနည်းပြီး နေရာကျယ်ကျယ်မှာ ခပ်ခွာခွာ
တွေ့ဆုံခွင့်ကတော့ ရနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ထင်ရှားတဲ့သူတွေလာရင်
သွားရောက်တွေ့ဆုံတဲ့ အကျင့်တွေရှိတာကြောင့် မဲဆွယ်ကာလမှာ
လူစုလူဝေးဖြစ်ပြီး ရောဂါကူးစက်မှုတွေဖြစ်မှာကို စိုးရိမ်နေသူတွေထဲမှာ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ
ပါဝင်ဆောင်ရွက်နေတဲ့ We Love Yangon အဖွဲ့ အတွင်းရေးမှူး
ဦးဇော်ဝင်းခိုင်လည်း ပါဝင်ပါတယ်။
“မစုဝေးတာတော့ အကောင်းဆုံးပေါ့။
ကိုယ်မဲရဖို့အတွက်ကို လူစုလူဝေးတွေနဲ့ အားလုံးတစ်ခုခုဖြစ်သွားရင်
ဘယ်သူတာဝန်ယူမှာလဲဆိုတဲ့ မေးခွန်း ကျွန်တော်တို့က ပြန်မေးရမယ့်
သဘောရှိတယ်ပေါ့နော်။ သေချာပေါက် ကတော့ လူစုလူဝေးနဲ့ မဲဆွယ်မှုသည် လုံးဝကို
မလုပ်သင့်သော အချိန်ဖြစ်ပါတယ်။ TV Channel တွေကနေ တဆင့်မဲဆွယ်တာတို့။
သူ့ကို ကြိုက်တဲ့သူကတော့ သူတို့ လာတဲ့ Channel ကနေ ကြည့်မှာပဲလေ။
ထင်ရှားတဲ့ လူတစ်ယောက်လာလို့ရှိရင် အလိုလိုနေရင်းနဲ့ကို စုပြီးတော့
စိတ်ဝင်စားတတ်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ Culture ရှိတယ်လေ။
ဒါမျိုးတွေကို လုံးဝကို ရှောင်ရှားရမယ်လို့ ကျွန်တော်ကတော့
သုံးသပ်ပါတယ်ခင်ဗျ။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း
မဲရုံတွေမှာ ကပ်ရောဂါကာကွယ်မှု အစီအစဉ်နဲ့ မဲပေးနိုင်ရေး
ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
“ကိုဗစ်ကာကွယ်ရေး
နည်းလမ်းတွေနဲ့အတူ စနစ်တကျ မဲပေးနိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်ခန်း
ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ဆောင်ရွက်ခြင်းအားဖြင့် ကြိုတင်ဆောင်ရွက်တဲ့
လုပ်ငန်းတွေမှာ အားနည်း တာတွေ၊ ပြုပြင်စရာတွေရှိရင်
ပိုပြီးကောင်းအောင်ပြင်ဆင်ပြီး မဲပေးသူအားလုံး လုံခြုံစိတ်ချစွာ ကျန်းမာ
ဘေးကင်းစွာ မဲပေးရေးအစီအစဉ်ကို စနစ်တကျ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်
ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိမှာ ဖြစ်ပါတယ်။ ”
ဒါကတော့
အခုလ ၂၃ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် ပြည်သူတွေထံ ကပ်ရောဂါကာလ မဲပေးနိုင်ရေး
ကြိုတင်ပြင်ဆင်နေတဲ့အကြောင်း အသိပေးရာမှာ ကော်မရှင်က ညွှန်ကြားရေးမှူးချုပ်
ဦးခင်မောင်ဦး ပြောသွားခဲ့တာပါ။
လူဦးရေများပြားတဲ့
ရန်ကုန်တိုင်းအတွင်းမှာလည်း ကပ်ရောဂါကာလအတွင်း မဲပေးဖို့အတွက် မူလ
မဲရုံပေါင်း ၅၈၀၀ အစား ၆၀၀၀ ကျော်အထိ တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။
မဲရုံအပြင်မှာ
မဲစာရင်းတွေကပ်မှာဖြစ်ပြီး လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ
မဲပေးနိုင်ရေးအတွက် ကြမ်းပြင်မှာ အမှတ် အသားတွေထားရှိမှာဖြစ်သလို
ကိုယ်စားလှယ်လောင်းနဲ့ စောင့်ကြည့်သူတွေကို သတ်မှတ်နေရာ ထားရှိပေးမှာ
ဖြစ်ကြောင်း၊ မဲပေးသူတွေအသုံးပြုဖို့ လက်သန့်ဆေးရည်တွေ
ထားရှိပေးမှာဖြစ်သလို မဲရုံဝန်ထမ်းတွေကိုလည်း အကာအကွယ်ပစ္စည်းတွေနဲ့
ထားရှိမယ်လို့ ပြောပါတယ်။
မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်ချက်တွေနဲ့
ပတ်သက်လို့ သိရအောင် RFA က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို
ဒီနေ့ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ကော်မရှင်
ဥက္ကဋ္ဌ ဦးလှသိန်းက သတင်းမီဒီယာတွေကို ဖုန်းကနေ တဆင့်ဖြေဆိုမှုတွေကို
ငြင်းပယ်ထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့
နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ ဇူလိုင်လ ၂၅ ရက်နေ့ အထိ
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၄၉ ဦးခဲ့ရှိပြီး
ပိုးကင်းစင်သွားသူ ၂၈၈ ဦးနဲ့ သေဆုံးခဲ့သူ ခြောက်ဦးရှိခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြည်သူအားလုံးကို ရောဂါပိုး ရှိ၊ မရှိ မစစ်နိုင်သေးဘဲ ပြည်တော်ပြန် တွေကိုသာ စစ်ဆေးနိုင်သေးတာပါ။
ကာကွယ်ဆေးမရှိသေးတဲ့ ဒီလိုကာလမှာ ပိုးတွေ့လူနာ နည်းပါးလာပြီဆိုပြီး လူစုလူဝေးနဲ့ မဲဆွယ်တာတွေ မလုပ်ဆောင်သင့်သေးဘဲ ရှောင်ရှားဖို့ လိုအပ်နေကြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် အသိပညာပေး ဆောင်ရွက်နေသူတွေနဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေက အကြံပြုချက်တွေ ရှိနေကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.