Breaking

October 26, 2020

ရိုးသားစွာယှဉ်ပြိုင်ကြ [ရေးသူ - သရဝဏ်(ပြည်)




ရွေးကောက်ပွဲမှမဟုတ်ပါဘူး။ ဘဝမှာ ဘာပဲဖြစ်ဖြစ် ရိုးရိုးသားသားယှဉ်ပြိုင်တာ အကောင်းဆုံးပါပဲ။ ရိုးရိုးသားသားယှဉ်ပြိုင်တာနိုင်ရင်လည်း ဂုဏ်သိက္ခာရှိပါတယ်။ ရှုံးရင်လည်း ဂုဏ်သိက္ခာရှိပါတယ်။ လက်ဝှေ့သမားနှစ်ဦး ထိုးသတ်ကြတဲ့အခါ ချက်အောက်ပိုင်းမတော်ရာ နေရာကိုထိုး၊ မျက်စိကို နှိုက်၊ ဆံပင်ကိုဆွဲလို့ နိုင်ခဲ့ရင်တောင် အဲဒီအနိုင်ဟာ ပရိသတ်တွေက ချီးမွမ်းသြဘာပေးမှုရတဲ့ နိုင်နည်းမျိုးမဟုတ် ပါဘူး။ အားလုံးကရှုတ်ချကဲ့ရဲ့တဲ့ နိုင်ပွဲပဲဖြစ်ပါလိမ့်မယ်။ မရှက်တတ်လို့သာ အနိုင်ယူသွားတယ်။ ဘယ်သူကမှ မချီးကျူး အထင်မကြီးတဲ့နိုင်နည်းပေါ့။ ကလိမ်ကကျစ်ကျပြီးမှ အနိုင်ယူတဲ့နည်းမျိုးနဲ့နိုင်လာလည်း ဘယ်သူကမှ အထင်မကြီးမှာ အသေအချာပါပဲ။ အဲဒါနဲ့ပြောင်းပြန်ကတော့ အနိုင်မရဘူး၊ ရှုံးတယ်။ ဒါပေမဲ့ စိတ်ဓာတ်မြင့်မြတ်လွန်းလို့ ဖြူဖြူစင်စင်နဲ့ရှုံးသွားတဲ့သူကို တကမ္ဘာလုံးကလေးစားလို့ မဆုံးနိုင်ဖြစ်တတ်ကြပါတယ်။
ကြည့်ခဲ့ရဖူးတဲ့ ဗီဒီယိုဖိုင်လေးတခုရှိပါတယ်။ မာရသွန်ပြေးပွဲမှာပါ။ လူနှစ်ယောက်ဟာ ရှေ့ဆုံးက ဦးဆောင်ပြီး ပန်းတိုင်ဆီကိုပြေးလာပါတယ်။ ရှေ့ဆုံးကဦးဆောင်တယ်ဆိုပေမဲ့ ရှေ့ကလူနဲ့ နောက်ကလူဟာ ဝါးနှစ်ရိုက်လောက်ကွာပါတယ်။ ရှေ့ကနေပြေးလာသူက ဗြိတိသျှအပြေးသမား James Teagle ပါ၊ သူ့နောက် မလှမ်းမကမ်း ဒုတိယနေရာက ကပ်လိုက်ပြီးပြေးလာသူကတော့ စပိန်အပြေးသမား Diego Mentriga ပါ။ ပန်းဝင်ရမှာက လမ်းတွေကျဉ်းမြောင်းရှုပ်ထွေးတဲ့ မြို့ထဲတနေရာမှာပါ။ အဲဒီလိုပြေးလာရင်းပန်းဝင်ရမယ့် အောင်မှတ်နားအရောက်မှာလမ်းဟာ ၉ဝ ဒီဂရီအကွေ့တခုဖြစ်နေပြီး သံတန်းတွေနဲ့ ယာယီကာထားပါတယ်။ ရှေ့ကပြေးလာတဲ့အပြေးသမားဟာ ကွေ့ရမယ့်နေရာမှာလမ်းမှားပြီး တည့်တည့်ဆက်ပြေးသွားပါတယ်။ မှားမှန်းသိပြီးနောက် ပြန်ကွေ့လိုက်တဲ့အချိန်မှာ သူ့နောက်ကလိုက်လာတဲ့ စပိန်အပြေးသမားဟာ သူ့ကိုကျော်တက်သွားပါပြီ။ ပန်းဝင်ဖို့ခြေလှမ်း ၁ဝ လှမ်းလောက်ပဲလိုတော့တဲ့ အချိန်ဆိုတော့ ပြန်ပြေးပြီးကျော်တက်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကျော်တက်သွားတဲ့စပိန် အပြေးသမားလေး Diego ဟာ တကမ္ဘာလုံးက အံ့သြရတဲ့အပြုအမူတခုကို ပြုလိုက်ပါတယ်။ ဒါကတော့ ပန်းဝင်ဖို့ခြေတလှမ်းအလိုမှာ ဆက်မပြေးဘဲ နောက်ကလူကို ရပ်စောင့်ပါတယ်။ သူ့နောက်ကလမ်းမှားသွားသူကိုရပ်စောင့်ပြီး ပထမနေရာကပန်း ဝင်သွားပြီးမှ သူကဒုတိယနေရာကနေ ပန်းဝင်ပါတယ်။ အင်မတန်လေးစားစရာကောင်းတဲ့ စိတ်ဓာတ်ပါ။ တဖက်လူရဲ့ ရိုးရိုးသားသားမှားယွင်းမှုကို ညစ်ကွက်နဲ့အနိုင်မယူချင်တဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်ပါပဲ။ သူ့ရဲ့လုပ်ရပ်အတွက် Diego က ပြောပါသေးတယ်။
''Teagle က တလမ်းလုံး ကျွန်တော့်ရှေ့မှာ ပြေးနေတာပါ။ သူနဲ့ထိုက်တန်ပါတယ်''တဲ့။ မြင့် မြတ်လိုက်တဲ့စိတ်ထားတွေပါ။ ပထမနေရာကိုရသွားတဲ့ ဗြိတိန်အပြေးသမား Teagle ကလည်း နေရာ ဖယ်ပေးတဲ့ စပိန်အပြေးသမား Diego ကို ပန်းဝင်အပြီးမှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ တကမ္ဘာလုံးကလည်း Diego ရဲ့ရိုးသားဖြောင့်မတ်မှုကို ချီးကျူးလေးစားဂုဏ်ယူကြောင်း ပြသခဲ့ကြပါတယ်။ ဒါဟာ သူ့အတွက်တော့ ပထမဆုရတာထက်တောင် တန်ဖိုးရှိတဲ့ ဘဝတသက်တာဂုဏ်ယူရမယ့် ဖြစ်ရပ်ဖြစ်လာပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားကြည့်တယ်။ စိတ်ထားမြင့်မြတ်သူတွေမှာ လူမျိုးစွဲ၊ ဘာသာစွဲ မရှိပါဘူး။ တကယ်ဆိုသူတို့နှစ်ယောက်ဟာ မတူညီတဲ့နိုင်ငံနှစ်နိုင်ငံကပါ။ ကိုးကွယ်တဲ့ဘာသာလည်း တူညီရင်တူညီနိုင် သလို၊ ကွဲပြားရင်လည်း ကွဲပြားနိုင်တာပါပဲ။ ဒါပေမဲ့ လူ့ဂုဏ်သိက္ခာနဲ့ကိုယ်ကျင့်တရားဆိုတာ လူမျိုး၊ ဘာသာနဲ့မဆိုင်ပါဘူး။ ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်မြင့်မြတ်မှုနဲ့ပဲဆိုင်ပါတယ်။ အဲဒီလိုအဖြစ်အပျက်မျိုးသာ မြန်မာ့အားကစားလောကမှာဖြစ်ခဲ့လို့ကတော့ အချို့သော မျိုးချစ်ဆိုသူပုဂ္ဂိုလ်များဟာ နိုင်ငံခြားသားကိုအရှုံးပေး အညံ့ခံခဲ့ရပါ့မလားဆိုပြီး ဆွေ့ဆွေ့ခုန်ဝေဖန်ကြတော့မှာပါ။ ပြီးရင် ဘာသာရေးကိုပါ ရောထည့်လိုက်ပြီးဖွကြမယ်။ ဘာသာခြားတွေလွှမ်းမိုးနေပြီတို့။ OIC က ပိုက်ဆံယူထားလို့ အရှုံးပေးလိုက်တာတို့၊ ခရစ်ယာန်ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီးက သူ့လူကိုအရှုံးပေးဖို့ လိုင်းဝင်ထားလို့ ဗုဒ္ဓဘာသာကအညံ့ခံလိုက်ရတာတို့ အောက်တန်းကျတဲ့အတွေးတွေ၊ အရေးတွေ၊ အပြောတွေနဲ့ ရစရာမရှိအောင် ရှုတ်ချကြပါမယ်။ ကျွန်တော်တို့နိုင်ငံက အစွန်းရောက်အာဏာရူးတချို့ဟာ ဘာပဲ ဖြစ်လာဖြစ်လာ လူမျိုးနဲ့ဘာသာက စစဉ်းစားပါတယ်။ ဗုဒ္စမြတ်စွာဘုရားကတော့ လူဆိုတာရုပ်နဲ့နာမ် အစုအဝေးမို့ ဘာမှစွဲလမ်းမှုနဲ့ မကြည့်ကြပါနဲ့ အားလုံးဟာ ၃၂ ကောဋ္ဌာသ အစုအဝေးပါပဲလို့ ဟောသွားလည်း အာဏာဆရာကြီးတွေကတော့ ကျားကျားမီးယပ်ပါပဲ။ ကိုယ့်ဘာသာကလွဲရင် အားလုံးလူယုတ်မာလို့ ထင်နေကြတုန်းပါပဲ။ လူမျိုးခြား၊ ဘာသာခြားဆိုတာနဲ့ မီးခဲပေါ်ဖင်ထိုင်မိသလို ပြူးတူးပျာတာ ဖြစ်နေကြတုန်းပါပဲ။
နိုင်ငံခြားသားဆိုတာ တကယ်တော့ တရုတ်သည်လည်းပဲ နိုင်ငံခြားသားပါပဲ။ ဘယ်သူ့ကိုမှ မုန်းရမယ်လို့ ဆိုလိုရင်းမဟုတ်ပါဘူး။ မုန်းစရာလည်း မလိုပါဘူး။ နိုင်ငံခြားသားရဲ့အဓိပ္ပာယ်ကို ပြောနေတာပါ။ တရုတ်သည်လည်း Foreign Country ပါပဲ။ နှင်းဆီပါတီဦးကျော်မြင့်ဆီကို တရုတ်ပြည်ကနေ ဟွန်ဒီနဲ့ ဘယ်ကရပေါက်ရလမ်းမှန်းမသိ၊ ဘယ်သူက ဘာအကြောင်းနဲ့ပို့လိုက်မှန်းမသိ ပို့လိုက်တဲ့ငွေတွေ ဘီလီယံပေါင်းများစွာ မြန်မာနိုင်ငံထဲကိုဝင်လာတယ်။ အဲဒီလိုနိုင်ငံခြားတိုင်းပြည်ကနေ တရားမဝင်ဝင်လာ တဲ့ငွေထဲက ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) အတွက်အသုံးပြုငွေကျပ် ၁၃ ဘီလီယံရှိတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ အဲဒီအချက်အရ ရွေးကောက်ပွဲကော်မရှင်က UDP ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းပါတယ်။ UDP ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေကိုလည်း ယှဉ်ပြိုင်ခွင့်ဖျက်သိမ်းပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရ ထင်ရှားနေတဲ့ကိစ္စမို့ ပြတ်ပြတ်သားသားအရေးယူတာကို နိုင်ငံသားအများစုက နှစ်ထောင်းအားရကျေနပ်မှုရှိကြပါတယ်။ ဥပဒေနဲ့ မညီရင်တော့ 'ဝ'ရယ် ကိုးကန့်ရယ်၊ ကချင်ရယ် ရခိုင်ရယ်၊ ဗမာရယ်မဟုတ်ဘူး၊ မျက်နှာဖြူရယ်၊ မျက်နှာမည်းရယ်မဟုတ်ဘူး ဥပအတိုင်းအရေးယူရမှာပါပဲ။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက နှင်းဆီ ပါတီဖျက်သိမ်းလိုက်တာကို ဝမ်းနည်းကြောင်းဆိုပြီး ထကြေညာတဲ့ နိုင်ငံရေးပါတီအဖွဲ့ရှိသေးတာကိုပါပဲ။ ဥပဒေကိုချိုးဖောက်တဲ့သူကို ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်တာကို ဝမ်းနည်းနေတယ်ဆိုတော့ ဥပဒေချိုးဖောက်တာကို အားပေးချင်တာလား မသိတော့ပါဘူး။ ဒါမှမဟုတ် ငါတို့လည်းဥပဒေချိုး ဖောက်ထားတော့ ငါတို့အလှည့်များရောက်လာလေ မလာဆိုပြီး တွေးပူနေလေသလား မပြောတတ်တော့ ပါဘူး။
မင်းကင်း မဲဆန္ဒနယ်မှာ ပြီးခဲ့ရက်ပိုင်း (၂ဝ၂ဝ အောက်တိုဘာ ၂ ရက်နေ့ကပဲ) လက်ရှိအမတ် တယောက်က ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် မဲဆွယ် ပါတယ်။ မဲဆွယ်ရာမှာ ကိုယ့်ဘာသာကောင်းကောင်း မဆွယ်ဘူး။ NLD ပါတီရဲ့ မကောင်းကြောင်းကို ပြောပြီးမဲဆွယ်ပါတယ်။ မကောင်းကြောင်းက ရိုးရိုးပြောနေရုံတင်ဆိုရင် တော်သေးတယ်။ အခုတော့ ဘာသာရေးကိုအခြေခံပြီး တိုက်ခိုက်ပါတယ်။ မင်းကင်းဒေသမဲဆွယ်ပွဲတခုမှာ သူပြောတဲ့စကားက''ကျွန်တော်တို့တုန်းက ၃ ယောက်ထည့်တာတောင် ပြစ်တင်ဝေဖန်ကြတဲ့ပါတီ။ အဲဒီလိုပါတီဟာ အခု ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အဲဒီဘာသာဝင် ၄၂ ယောက်ကို ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ လျာထားခဲ့တယ်ဆိုတာကို ပြည်သူတွေသိရဲ့လား။ အတိအကျပြောမယ် ပန်းဘဲတန်းမြို့နယ်မှာ စည်သူမောင်ဆိုတဲ့ ကုလားလေး၊ အဲဒါမျိုးကိုထည့်ထားတယ်၊ ၄၂ ယောက်ရှိတယ်။ ကျွန်တော်တို့တုန်းက သုံးယောက်ထည့်ခဲ့တာကိုတောင်မှ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဝေဖန်ခဲ့တဲ့သူတွေက ၂ဝ မက ၄ဝ ကျော် ထည့်တယ်ဆိုတဲ့အခါမှာ မိဘပြည်သူတွေ ဘယ်ပါတီဘက်ကရပ်မှာလဲ ဒါကိုစဉ်းစားဖို့သင့်တယ်''
ထိုသို့ပြောကြားသော အမတ်လောင်း၏ အမည်ကိုလည်း သိပါ၏။ ပါတီကိုလည်းသိပါ၏။ ပြောစကားဗီဒီယိုဖိုင်လည်း ရှိပါ၏။ လူအမည်ကိုတော့ ဖော်မပြောတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲတွင် ထိုသူရှုံးမှာသေချာနေ၍ သူရှုံးလျှင် စာရေးဆရာသရဝဏ်ရေးလို့ဟု အကြောင်းပြလာမှာ မလိုလား၍ ဖြစ်သည်။ ဆိုလိုချင်သည်ကား သူ၏မဲဆွယ်ဟောပြောမှုကို ကြည့်လိုက်သောအခါ (၁)မုသာဝါဒတို့နှင့်ပြည့်နေသော မဲဆွယ်မှု၊ (၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သော မဲဆွယ်မှု၊ (၃)သဘောထားသေးသိမ် အောက်တန်းကျလွန်းသော မဲဆွယ်မှုဖြစ်နေတာကို အံ့သြလွန်း၍ဖြစ်သည်။ (၁)မုသာဝါဒဖြစ်ပုံမှာ NLD ကဝင်ပြိုင်မည့်အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်းမှာ သူပြောသလို ၄၂ ယောက်မဟုတ်ပါ။ ကိုစည်သူမောင်နှင့် ဒေါ်ဝင်းမြမြနှစ်ဦးသာ ဖြစ်သည်။ ၂ ဦးကို ၄၂ ဦးဟုပြောခြင်းသည် အလိမ်အညာမုသာဝါဒ ဖြစ်သည်။ (၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁ဝ) နိုင်ငံရေးပါတီများအခန်း၊ ပုဒ်မ ၄ဝရ တွင် ''နိုင်ငံရေးပါတီတရပ်ရပ်သည် အောက်ပါအကြောင်း တခုခုနှင့်ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိ စေရ (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက်အလွဲသုံး စားပြုခြင်း''ဟု တရားဝင်ပြဋ္ဌာန်းထားပါသည်။ထို့ ကြောင့် အမတ်မင်း၏မဲဆွယ်မှုကိုသက်သေပြု၍ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းသူရှိလျှင် အမတ်မင်းတို့ပါတီသည် သက်ဆိုးမရှည်ဘဲ နှင်းဆီပါတီနောက်သို့ လိုက်ရကိန်းဖြစ်နိုင်ပါသည်။ (၃) သဘောထားသေးသိမ်မှုကား အသိသာကြီးဖြစ်သည်။ နှင်းဆီ ပါတီမှဦးကျော်မြင့်ကမှ သူ့ပါတီမူဝါဒကိုချပြကာ မစားရဝခမန်းမက်လုံးတွေ ကြွေးကြော်သံတွေနှင့် ရိုးရိုးသားသားစည်းရုံးသေးသည်။ ဘယ်ဘာသာဝင်တို့၊ ကုလားတို့၊ ဘာသာသာခြားတို့ ထည့်ပြောခြင်းမပြုပါ။ ယခုမင်းကင်းတွင်မဲဆွယ်သော အမတ်မင်းတို့အဖွဲ့ဝင်တော်တော်များများသည် လူမျိုးရေးမှိုင်း၊ ဘာသာရေးမှိုင်းမှ မတက်နိုင်ကြသေးတာ တော်တော်ကို အော့နှလုံးနာဖို့ ကောင်းလေသည်။
လူတယောက်သည် မိမိကိုယ်တိုင်ကလည်း မြန်မာနိုင်ငံသား၊ မိမိကိုမွေးဖွားချိန်တွင် မိဘနှစ်ပါးကလည်း မြန်မာနိုင်ငံသားဖြစ်သည်ဆိုလျှင် သူ့ဘာသာအစ္စလာမ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဂျိန်းဘာသာဝင်ပဲဖြစ်ဖြစ်၊ အမေဂျမ်းနှင့်ကိုကြီးကျော်ကိုယုံကြည် အားထားသော နတ်ကိုးကွယ်သူပဲဖြစ်ဖြစ်၊ နှစ်ချင်း ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ရိုမန်ကက်သလစ်ပဲဖြစ်ဖြစ်၊ ပရိုတက်စတင့်ခရစ်ယာန်ပဲဖြစ်ဖြစ်၊ သျှီဝနတ်ဘုရားကို ကိုးကွယ်သူပဲဖြစ်ဖြစ်၊ မယ်တော်ကိုကိုးကွယ်သော ဟိန္ဒူပဲဖြစ်ဖြစ်၊ ထေရဝါဒဗုဒ္စဘာသာပဲဖြစ်ဖြစ်၊ မဟာယနဗုဒ္စဘာသာပဲဖြစ်ဖြစ်၊ ဇင်ဗုဒ္စဘာသာပဲ ဖြစ်ဖြစ်၊ မဟာဝီရကိုးကွယ်သူပဲဖြစ်ဖြစ်၊ ဘာသာမဲ့ပဲဖြစ်ဖြစ်၊ Free Thinker ပဲဖြစ်ဖြစ်၊ ပန်းသေးမူဆလင်ပဲဖြစ်ဖြစ်၊ ရွှေရင်ကျော်ဂိုဏ်းသားပဲဖြစ်ဖြစ် ဤအရာတွေသည် ဘာအရေးကြီးသနည်း။ တိုင်းပြည်နှင့် လူမျိုးတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ဖို့ အဓိက မဟုတ်ပါလား။ မိမိတို့မိသားစုတွင် သွေးနှောမရှိဘူး ဟု ကြွေးကြော်နေသူများကလည်း မျိုးဆက်ဘယ်နှဆက်ကို သုတေသနပြုလေ့လာထားသနည်း။
ဗမာလူမျိုးနှင့်မြန်မာတိုင်းရင်းသားတို့သည် တိဗက်တို ဗားမန်း (Tibeto-Burman) အုပ်စုနှင့် မွန်ဂိုလွိုက် (Mongoloid) အုပ်စုတို့မှ ဆင်းသက်ပေါက်ဖွားလာသည်ဟု မနုဿဗေဒပညာရှင်များက ဆိုထားကြရာ မည်သူသည် သွေးမနှောဘဲ ဗြုန်းဆိုအင်္ဂါဂြိုဟ်ပေါ်မှ ကျလာသလိုရှိပါမည်နည်း။ ထိုသို့ သွေးနှောခြင်းသည်လည်း ကမ္ဘာ့လူသားများ၏ ဖြစ်စဉ်တခုသာဖြစ်ရာ အဘယ်ကြောင့် နိုင်ငံရေးတွင် မဟုတ်ကဟုတ်က အသားယူကြွားဝါနေသနည်း။ မိသားစုထဲတွင် သွေးနှောရှိခြင်း၊ မရှိခြင်းထက် လာဘ်စားသောစိတ်၊ ကိုယ်ကျိုးရှာ အတ္တစိတ်၊ ဘယ်သူသေသေ ငတေမာ ရင်ပြီးစတမ်းစိတ်၊ ယုတ်မာကောက်ကျစ်သောစိတ် မရှိခြင်းက ပို၍အရေးကြီးပေသည်။
စိတ်ဓာတ်တို့ ရင့်ကျက်ပါမှ လူကြီးလူကောင်း အလုပ်ကိုလုပ်နိုင်ကြပေမည်။ နိုင်ငံရေးကိုပဲလုပ်လုပ်၊ တော်လှန်ရေးကိုပဲလုပ်လုပ် စိတ်ဓာတ်ရင့်ကျက်ဖို့တော့ လိုအပ်ပေသည်။ မကြာမီရက်ပိုင်းက တောင်ကုတ်မြို့ နယ်တွင် မဲဆွယ်စည်းရုံးရေးသွားနေသော NLD လွှတ်တော်အမတ်လောင်း သုံးဦးကို AA လက်နက် ကိုင်အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးသွားပေသည်။ ဤအပြုအမူသည် လက်ခံနိုင်ဖွယ်မရှိသောလုပ်ရပ် ဖြစ်သည်။ ဘယ်လူမျိုးက ဘယ်လူမျိုးကိုဖမ်းလို့ ပြောနေခြင်းမဟုတ်။ ယခုဖမ်းခံရသည်မှာလည်း ရခိုင်လူမျိုးများသာ ဖြစ်သည်။ သို့သော် ဒီမိုကရေစီဘက်တော်သား လွှတ်တော်အမတ်လောင်းများသည် လက်နက်ကိုင်၍ AA ကို တိုက်နေကြသူများမဟုတ်သဖြင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ပြန်ပေးဆွဲခြင်းတို့သည် အကြမ်းဖက်သမားတို့၏ အပြုအမူများသာဖြစ်၍ လက်မခံခြင်း ဖြစ်သည်။ ထိုသို့သောကိစ္စမျိုးကို တပ်မတော်က ရခိုင်လူထုအပေါ် ဆောင်ရွက်ခဲ့လျှင်လည်း ကျွန်ုပ်တို့ကန့်ကွက်မည်သာ ဖြစ်သည်။ လက်နက်ကိုင်၍ အနိုင်ကျင့်သော လုပ်ရပ်မှန်သမျှ ကျွန်တော်တို့ မထောက်ခံပေ။ AA အဖွဲ့က ကြေညာချက်ထုတ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အောင်ဆန်းစုကြည်ဟု သုံးနှုန်းထားပြီး ဦးသိန်းစိန်ကိုမူ ဦးသိန်းစိန်ဟု သုံးနှုန်း ထားခြင်းမှာလည်း AA ၏ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို တွေ့မြင်နိုင်ပေ၏။ NLD ၏ အပြစ်များကိုဖော်ထုတ်ရေး သားထားရာတွင် အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့် တပ်မတော်အား အမြစ်ပြတ် ချေမှုန်းရန်နှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရန် အမိန့်ပေးစေခိုင်း လျက်ရှိသည်ဟု ကြေညာချက်ထုတ်ခဲ့ပေ၏။ ထိုကြေညာချက်သည်လည်း မမှန်ကန်ပေ။ လက်သည်းဆိတ် တော့လက်ထိတ်နာဆိုသလို ရခိုင်ပြည်နယ်ကို ထိပါးမှုများမှာ ပြည်ထောင်စုကိုထိပါးမှုဟု မှတ်ယူပါကြောင်း ဒေါ်အာင်ဆန်းစုကြည်က မကြာသေးမီရက်ပိုင်းကမှ ပြောခဲ့သေးသည်။ ထိုသို့ရှိရာ ရခိုင်ကိုလူမျိုးတုံးအောင် NLD အစိုးရကသတ်နေသည်ဟု ထင်မြင်နေသော AA အဖွဲ့၏ ယူဆချက်မှာ မျက်ကန်းမျိုးချစ် အယူ အဆဖြစ်နေပေသည်။ ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင် ပြည်ထောင်စုအစိုးရတွင် ရှိသမျှအားကို အသုံးပြုကာ ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ခဲ့တာလည်း အားလုံးအမြင်ပဲ ဖြစ်သည်။
AA ၏ ကြေညာချက်တွင် NLD အစိုးရအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လည်း ပျက်ကွက်ခဲ့သည်ဟု ရေးသားထားရာ ဤကြေညာချက်ပါစာသားများကို မောင်ထွန်းမြတ်နိုင်ရေးသည်ဆိုပါက နိုင်ငံရေးအမြင် ဘာမှမရှိကြောင်း ထင်ရှားလေ၏။ ၂ဝဝ၈ အခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မည်မျှအထိ ကြိုးစားခဲ့သည်၊ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ကြရာတွင် ဘာကြောင့်မအောင်မြင်ခဲ့သည်။ ဘယ်သူတွေကြောင့် မအောင်မြင်ခဲ့သည်ဆို တာလောက်တော့ နိုင်ငံရေးမူကြိုအဆင့်လောက်ရှိလျှင်ပင် နားလည်နိုင်ပေသည်။ AA က ဆိုသေး၏။ ဖမ်းဆီးထားသော NLD အမတ်သုံးဦးကို ပြန်လွှတ်ပေးစေလိုလျှင် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ရခိုင်ပြည်သူများ၊ ဆန္ဒပြကျောင်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ပေးမည်ဆိုပါက မိမိတို့က အဆိုပါ သုံးဦးကိုပြန်လွှတ်ပေးမည်။ စစ်သုံ့ပန်းများ အပြန်အလှန် လွှတ်ပေးရေးမူကို ယနေ့တိုင် ဆုပ်ကိုင်ထားဆဲဖြစ်သည်ဟု ဆိုပြန်သည်။ စာရေးသူ နားလည်သလောက် စစ်သုံ့ပန်းဆိုသည်မှာ နှစ်ဖက်စစ်တပ် စစ်တိုက်ရင်းအဖမ်းခံရ (သို့မဟုတ်) လက်နက်ချအညံ့ခံသောသူများကို ဆိုလိုရင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးနေသော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် စစ်သုံ့ပန်း မဟုတ်ပေ။ ထိုနည်းတူပင် တည်ဆဲဥပဒေတရပ်ရပ်ကို ချိုးဖောက်သဖြင့် ရုံးတင်တရားစွဲခံနေရသူများသည်လည်း စစ်သုံ့ပန်းမဟုတ်ချေ။
စာရေးသူလည်း ဆန္ဒပြမှုကြောင့် အဖမ်းခံနေရသော ရခိုင်ကျောင်းသားများကို ပြန်လွှတ်ပေးစေချင်ပါ၏။ လွတ်စေချင်ပါ၏။ လွတ်ပါစေဟုလည်း ဆန္ဒပြုပါသည်။ သို့သော် သူတို့သည်စစ်သုံ့ပန်းများ မဟုတ်တာကိုတော့ ဟုတ်ပါသည်ဟု မပြောနိုင်ပေ။ အဓိက ကတော့ မောင်ထွန်းမြတ်နိုင်သည် အဓိကအားဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အဖမ်းခံနေရသော သူ့ညီမနှင့်ယောက်ဖကို ပြန်လွှတ်ပေးစေချင်၍ ဤကဲ့သို့ ပြန်ပေးဆွဲ၍ လူချင်းလဲမည့် အပေးအယူကို ကမ်းလှမ်းနေခြင်း ဖြစ်သည်။ မိမိမိသားစုကို လွတ်စေချင်သဖြင့် ပြန်ပေးဆွဲ၍ အပေးအယူလုပ်သည့်ကိစ္စတွင် ကျောင်းသားများ၊ နိုင်ငံရေးသမားများအတွက် ကိုပါရော၍ပြောခြင်းဖြင့် ရခိုင်များ၏ ထောက်ခံမှုကိုလည်းရ၊ သူ၏ ညီမနှင့်ယောက်ဖ ပြန်လွတ်ရန်လည်း လုပ်ပြီးသားဖြစ်၊ စစ်သုံ့ပန်းလဲသလိုလို ဘာလိုလိုဖြင့် နိုင်ငံတကာကိုလည်း မျက်လှည့်ပြဖို့ ကြိုးပမ်းခြင်းသာ ဖြစ်ရာ သူ၏မျက်လှည့်မှာ မပီပြင်သဖြင့် စပြကတည်းက ဖုံးထားတာတွေ ပေါ်လွင်နေပေသည်။ အမှန်တော့ စစ်တပ်ကိုမကျေနပ်လျှင် လက်နက်ကိုင်ချင်း ယောက်ျားပီပီ ယှဉ်ပြိုင်သင့်သည်။ မဆီမဆိုင် ဒေါ်အောင်ဆန်းစုကြည်ကိုသော်လည်းကောင်း၊ NLD ကိုလည်းကောင်း၊ နိုင်ငံရေးသမားများ၊ လွှတ်တော် အမတ်များကိုလည်းကောင်း (ကြွက်မနိုင် ကျီမီးနဲ့ရှို့ ဆိုသကဲ့သို့) ရန်ရှာမနေသင့်ပါ။ ရခိုင်ပြည်နယ် ကောင်း စားဖို့ တိုးတက်ဖို့ ဆန္ဒရှိတာကို နားလည်လက်ခံပေး၍ရပါသည်။ ပြည်မတွင်နေသော ဗမာများသည် ရခိုင် ပြည်နယ် ကောင်းစားတိုးတက်ခြင်းကို မလိုလားကန့်ကွက်နေသော ဗမာတယောက်မှမရှိပါ။ ရခိုင်ပြည် နယ်ကိုသော်လည်းကောင်း၊ အခြားပြည်နယ်နှင့် တိုင်းများအားလုံးကိုသော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်စေ ချင်ပါသည်။ ချမ်းသာကြွယ်ဝစေချင်ပါသည်။
သို့ပါသော်လည်း ထိုသို့ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်စေချင်သည့် ရည်ရွယ်ချက်တွင် ဗမာများကို လူဆိုးနေရာတွင်ထား၍ မဟာဗမာလူမျိုးကြီးဝါဒ တည်တံ့ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေသည်ဟု ပြော ဆိုခြင်းကိုမူ သဘောမတူ လက်မခံနိုင်ပါ။ မဟာ ဗမာဝါဒသာ အကောင်အထည်ဖော်နေပါက ပြည်ထောင်စု အစိုးရအဖွဲ့တွင် ရခိုင်လူမျိုး ဒေါက်တာဖေမြင့် ပါလာစရာမရှိပါ။ ဦးအောင်လှထွန်း ပါလာစရာမရှိပါ။ ချင်းလူမျိုး ဦးဟင်နရီဗန်ထီးယူ ပါလာစရာမရှိပါ။ လွှတ်တော်တွင် ဦးတီခွန်မြတ် ဥက္ကဋ္ဌဖြစ်လာစရာမရှိပါ။ အခြားအခြားသော ရခိုင်များ၊ မွန်များ၊ ရှမ်းများ၊ ကချင်များ၊ ချင်းများ၊ ကရင်များ၊ ကယားများ ရာထူး ရလာဖွယ်ရာမရှိပါ။ စာရေးသူလည်းဗမာ ဖြစ်ပါသည်။ မဟာဗမာ အယူဝါဒမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ထံ တွင်လည်းမရှိပါ။ ရိုးရိုးလေးစဉ်းစားကြည့်ကြပါစို့။ ဗမာတွေအားလုံး ရာထူးတွေရကြသည်ဆိုပါစို့။ ထိုသို့ ဗမာ ၅ဝ ခန့် လူ ၁ဝဝ ခန့် ထိပ်ပိုင်းရာထူးတွေရခြင်းသည် ကျန်သော သန်းပေါင်းများစွာသော ဗမာများအတွက် ဘာအကျိုးရှိသနည်း။ ဘာအကျိုးမှ ထူးထူးခြားခြား ရနိုင်စရာ မမြင်ပါ။ အစိုးရ ရုံးတရုံးသို့သွားသောအခါ ဗမာဖြစ်၍ အထူးအခွင့်အရေးလည်း ဘယ်သူမှမရပါ။ လာဘ်ပေးလာဘ်ယူပေါများသော နေရာများတွင် ပိုက်ဆံပေးနိုင်သူသည် မဟာ customer ဖြစ်ပါသည်။ ဗမာလည်း အိမ်သာတက်လျှင် ၁ဝဝ ကျပ် ၂ဝဝ ကျပ်ပေးရပါသည်။ အလကားမရပါ။ ထို့ကြောင့် မဟာဗမာလူမျိုးကြီးဝါဒဆိုသည်မှာ ဟိုပါတီကြီးက မှိုင်းတိုက်နေသော လူမျိုးရေး၊ ဘာသာရေးမှိုင်းနှင့် နည်းနည်းဆင်ပါသည်။
ပါတီတချို့က ကုလားကို ရှေ့တန်းတင်မုန်းတီး ပြပြီး တရုတ်ကို အဖေခေါ်ကာ မထိရဲမတို့ရဲဖြစ်ကြပါသည်။ AA ကလည်း ဗမာကိုမုန်းတီးပြကာ တရုတ်ကို မထိရဲမတို့ရဲဖြစ်ကြပါသည်။ ကုလားနှင့်ဗမာကို ဘုံရန်သူထား၍ လူမျိုးရေးမှိုင်း၊ ဘာသာရေးမှိုင်းတိုက် နေသရွေ့ ထိုပါတီလည်း ရွေးကောက်ပွဲမှာ မအောင်မြင်နိုင်ပါ။ ထိုအဖွဲ့လည်း တော်လှန်ရေးမှာ မအောင်မြင်နိုင်ပါဆိုတာ မြေကြီးလက်ခတ်၍ မလွဲနိုင်သော အမှန်တရားဖြစ်ပါကြောင်း။
သရဝဏ်(ပြည်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.