Breaking

October 26, 2020

ICJ တွင် ဂမ်ဘီယာ၏ သက်သေ အထောက် အထားများနှင့် အစီရင်ခံစာ တင်သွင်းမှု မြန်မာ အတွက် အခြေအနေ မကောင်းနိုင်ဟုဆို

 Khit Thit Media 

“NLD ဆက်နိုင်ရင် အခြေအနေက ပိတ်စမြဲပဲ။ ဘာမှ မျှော်လင့်ချက်မရှိဘူး။ ပိုတောင်မှ ကြမ်းချင် ကြမ်းလာဦးမယ်။ ပိုပြီးတော့ မျှတတဲ့ အားလုံးပါဝင်တဲ့ အစိုးရတစ်ခု တက်စေချင်တယ်။ မျှမျှတတ ဆင်ဆင်ခြင်ခြင်နဲ့ အားလုံးတိုင်ပင်ပြီးတော့ အဖြေရှာရအောင်ဆိုတဲ့ အစိုးရဖြစ်စေချင်တယ်။ အခုက ထိပ်ပိုင်းက ပုဂ္ဂိုလ် တစ်ယောက်ကပဲ အကုန်လုံးကို ဆုံးဖြတ်နေတာ။ မဆလ ဦးနေဝင်း ခေတ်ပြန်ရောက်နေသလိုပဲ။ ဒါတွေ လုပ်တာက အန္တရာယ်များတယ်”

တပ္ပဒီပ အင်စတီကျူ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်By ရန်ကုန်ခေတ်သစ် ဂမ်ဘီယာနိုင်ငံက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ICJ တရားရုံးသို့ တုံ့ပြန်အစီရင်ခံစာ တင်သွင်းလိုက်ပြီး ယင်းအစီရင်ခံစာတွင် စာမျက်နှာ ၅၀၀ ကျော် နှင့် အထောက်အကူပြု သက်သေမှတ်တမ်း စာမျက်နှာ ၅ ထောင်ကျော် နောက်ဆက်တွဲပါဝင်နေသည်။ ICJ အနေဖြင့် မြန်မာ နိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ကြေညာပြီး ယင်းလုပ်ဆောင်မှုများကို ရပ်တန့်ရန် ကျူးလွန်သူများကို အပြစ်ပေးအရေး ယူရန်နှင့် ကျူးလွန်ခံရသူများအတွက် ကုစားမှုများနှင့် နေရပ်သို့ ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေး ဆောင်ရွက်ပေးရန် ဂမ်ဘီယာက တင်ပြထားသည်။ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ တပ္ပဒီပ အင်စတီကျူ ဒါရိုက်တာလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။ 

မေး။ ။ အောက်တိုဘာ ၂၃ ရက်နေ့ ဂမ်ဘီယာကနေ အပြည်ပြည်ဆိုင်ရာ ICJကို အစီရင်ခံစာ တင်သွင်းလိုက်ပြီဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။ သူတို့ အစီရင်ခံစာမှာ စာမျက်နှာ ၅၀၀ ကျော်နဲ့ သက်အထောက်အထား ၅၀၀၀ ကျော် ပါတယ်ဆိုတော့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စမှာ ဂမ်ဘီယာက သေချာကို ကိုင်တွယ်နေတာ။ နိုင်ငံသေးသေးလေးဆိုပေမယ့် သူ့ဘက်မှာ ပညာရှင်က ကောင်းကောင်းရှိတယ်လေ။ ဒီကိစ္စမှာ သေချာအောင်ကို ကိုင်တွယ်နေတာ။ သူဦးတည်နေတာက ဒီဟာက လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပါတယ်ဆိုတာကို ဦးတည်နေတာ။ သက်သေအထောက်အထားတွေနဲ့။ အဲဒါက တကယ်စဉ်းစားရင် သိပ်တော့မလွယ်ဘူး။ ဒါပေမယ့် အစီရင်ခံစာတစ်ဆင့်ပိုပြီး ပြင်းထန်လာတာပဲ။ အရင်ကတော့ ဒါတွေ ကျူးလွန်ခဲ့ပါတယ်။ မြန်မာအစိုးရကို အရေးယူပါဆိုပြီးတော့။ အခုဟာက ပြောမယ်ဆိုလို့ရှိရင် တစ်ဆင့်တင်မကဘူး အဆင့်တွေ တက်သွားပြီ ။ လူမျိုးတုန်းသတ်ဖြတ်မှု သေချာအောင် သူတို့လုပ်နေပြီ။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ လူတွေ အများကြီး အမြောက်အမြားကို တစ်ခါတည်း ခဏလေးအတွင်း သတ်တာမျိုးတင်မဟုတ်ဘူး။ အမျိုးမျိုးလုပ်လို့ရတယ် လူမျိုးတုန်းသတ်ဖြတ်မှုထဲကို ဝင်အောင်။ ပညာရေး၊ ယဉ်ကျေးမှု၊ လူတွေရဲ့ ဘာသာစကားကို ဖျောက်ဖျက်တာတို့ အကုန်လုံး အကျုံးဝင်တယ်။ ဒီဥစ္စာကို ခုခံ တုံ့ပြန်ဖို့ဆိုရင် ဒီဘက်ကလည်း အများကြီး ပြင်ဆင်ရလိမ့်မယ်။ နိုင်ငံတကာက ဂမ်ဘီယာတင်မကတော့ဘူး။ နယ်သာလန်ပါပြီ၊ ကနေဒါပါပြီ။ အဲဒီတော့ ပြောချင်တာက နိုင်ငံတကာရဲ့ အမြင် နိုင်ငံတကာ သဘောထားက မြန်မာပြည်အတွက် ဆိုရင် ပိုပိုပြီးတော့ ဆိုးလာနိုင်တယ်။ အဲဒါတွေက လတ်တလောကြုံတွေ့ရမယ့်ဟာတွေ ။ ICJ အမှုဆိုတာ ခဏလေးနဲ့ ပြီးသွားမှာမဟုတ်ဘူး။ Genocide ဖြစ်ပါတယ်ဆိုတာ ဒီဘက်ကလည်း ရှေ့နေတွေကို ပိုက်ဆံမြောက်မြားစွာ ပေးပြီးတော့ ခုခံမှာပဲလေ။ ဆိုတော့ အချိန်တော့ ယူရလိမ့်မယ်။ ခုနက ဒီဟာတွေကို သက်သာအောင် လုပ်လို့ရတယ်။ အဲဒီဟာက စစ်တပ်နဲ့ မဆိုင်ဘူးနော်။ နိုင်ငံရေးခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတ မြန်မာပြည်မှာ ဒါမျိုးတွေရှိနေပြီလေ။ သူတို့ရဲ့ တာဝန်ဖြစ်တယ်။ တိုင်းပြည်အတွက်။ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ကိုယ့်ကို စွပ်စွဲနေပြီဆိုရင်။ ကိုယ်က နည်းနည်းသက်သာအောင်လုပ်တဲ့နည်း၊ ရှောင်တဲ့နည်းတွေ ရှိတယ်။ အခုဟာ မဟုတ်ဘူးလေ။ သွားပြီးတော့ ဖင်ပိတ်ပြီး ဘူးခံနေတာပဲရှိတယ်။ ဒါက ပညာသားလည်း မပါဘူးလေ။ ဘယ်သူမဆို လုပ်လို့ရတာပဲ။ ငြင်းတာကတော့။ တိုင်းပြည်က အမှုဖြစ်လို့ သိက္ခာကျတာက တစ်မျိုး။ တလွဲတချော်သွားပြီတော့ ခုခံချေပတာက တစ်မျိုး နှစ်ခါ နာတယ်။ မြန်မာပြည်မှာ ရိုင်းရိုင်းပြောရင် အမှုဖြစ်လို့ နာတာကတစ်မျိုး၊ ဒီကြားထဲ ရုံးသွားပြီးတော့ ရှေ့နေက အသုံးမကျလို့ ကိုယ်က အသုံးမကျလို့ ချေပတာက လွဲလို့ နှစ်ခါနာတာ။ အခုက ရွေးကောက်ပွဲက ကပ်နေပြီလေ။ 

မေး။ ။ ဂမ်ဘီယာရဲ့ အစီရင်ခံစာထဲမှာ အရေးယူဖို့ အပြစ်ပေးဖို့နဲ့ ကျူးလွန်ခံရသူတွေကို နေရပ် ဘေးကင်းစွာ လုံခြုံမှုရှိရှိ ပြန်နိုင်ဖို့ကလည်း ပါလာတယ်။ ဆိုတော့ ဒီတောင်းဆိုမှုကရော ကျိုးကြောင်းဆီလျှော်ရဲ့လား။ 

ဖြေ။ ။ ပြင်းထန်လာတယ်။ ဒါပေမယ့် ဘေးကင်းစွာ ပြန်ပြီးတော့ လက်ခံမယ်ဆိုရင်တော့ တစ်မျိုးတော့ သက်သာတာပေါ့။ စစ်ဖြစ်လို့ ဂျပန်တို့ ဂျာမနီတို့လိုမျိုးပေါ့။ စစ်လျှော်ကြေးပေးတယ်ပေါ့။ စစ်နဲ့ပတ်သက်လို့တော့ သိပ်ပြီးတော့ မနှိုင်းချင်ပါဘူး။ ကျူးလွန်သူတွေရဲ့ အပြစ်တွေကိုတော့ တစ်နည်းတစ်ဖုံနဲ့ အပြစ်ပေးမှာပါပဲ။ မသိသေးဘူး။ ဒီကိစ္စကြီးက လူတွေသေလို့ အပြစ်ပေးလိုက်လို့ ပြီးသွားမှာမဟုတ်ဘူး။ လတ်တလောကို တန်းလန်းတန်းလန်း ဖိအားတွေက ရှိနေတယ်။ သတ်တာက သတ်တာ။ လုပ်ခဲ့လူကလည်း လုပ်ခဲ့တာပဲ။ စစ်တပ်ကိုယ်တိုင်က ဝန်ခံနေတယ်။ ဒါပေမယ့် ဒါကို အပြစ်ပေးရုံနဲ့ ပြီးမှာမဟုတ်ဘူး။ ဟိုမှာရှိတဲ့သူတွေကို လက်ခံဖို့ အရေးကြီးတယ်။ ဒါကို စဉ်းစားပါ။ သဘောထားကြီးကြီးနဲ့ ခေါင်းဆောင် ပီသစွာ ဝါရင့်တဲ့ခေါင်းဆောင် ကမ္ဘာအကြောင်းကို နောကျေနေတဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဒီဥစ္စာကို စဉ်းစားပါ။ အခုလုပ်နေတာက အင်မတန်ကို လွဲနေတယ်။ ဂမ်ဘီယာကတော့ တစ်ဆင့်ပြီး တစ်ဆင့် တက်လာနေတယ်။ သူတို့လုပ်နေတာက မှန်နေတယ်။ လုပ်မှာပဲ။ 

မေး။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို ပြောလိုက်တာ မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ပြန်ပြီးတော့ လက်ခံမယ်ဆိုတာ ပြောလိုက်တယ်။ ဒီလို တရုတ်ကတောင် ကြားဝင်ပြီး ပြောလာရတာက ဘယ်လိုသုံးသပ်လို့ရပါသလဲ။ 

ဖြေ။ ။ အဲဒါကလည်း ထူးဆန်းတာက ဒါမျိုး မပြောဘူး။ ဒါကို ပြောလာပြီဆိုရင်တော့ တရုတ်ပြည်အနေနဲ့ ကလည်း ပေါ်လစီ ပြောင်းတဲ့အနေအထားရှိတယ်။ နိုင်ငံခြားရေး ပေါ်လစီ ပြောင်းတဲ့အနေအထားရှိတယ်။ ဒီကိစ္စမှာ အိန္ဒိယ ဝင်ရှုပ်နေတာလည်း သူတို့ မကြိုက်ဘူး။ ဘင်္ဂလားဒေ့ရှ်က စီးပွားရေးအရ တစ်ဦးချင်း ဝင်ငွေအရဆိုရင် အိန္ဒိယထက်သာသွားပြီ။ အထင်သေးလို့ မရတော့ဘူး။ နောက်ပြီးတော့ တရုတ်ပြည်နဲ့ ဘင်္ဂလားဒေ့ရှ်က ပြဿနာမရှိဘူးလေ။ သူကတောင်မှ တရုတ်စင်္ကြန်ကြီးကို လိုလိုလားလား ပြောနေတဲ့သူ။ ဘင်္ဂလားဒေ့ရှ်က အလိုလားဆုံးပဲ။ မြန်မာက အခုက အင်တင်တင် ဖြစ်နေတယ်။ မြန်မာက သဘောထားမရိုးဘူးပေါ့။ တရုတ်ပြည်ကတော့ ဘင်္ဂလားဒေ့ရှ်ကို ပြောသင့်တဲ့စကား သူပြောတာပေါ့။ သူပြောတဲ့စကား မလွန်ဘူး။ ဒါဘောင်ဝင်တယ်။ အလွန်အကျွံပြောတာမဟုတ်ဘူး။ သူကတောင် အာမခံပေးနေရပြီ ဆိုတော့ သူက မြန်မာနဲ့ မိတ်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နဲ့လည်း မိတ်ဆွေဖြစ်တယ်ဆိုတော့ အဲဒါကြောင့်မို့ မြန်မာပြည်ကို တိုက်တွန်းပေးမယ့် စကားကို သူပြောနိုင်တာပေါ့။ အဲဒါက ကောင်းတဲ့စကားပါပဲ။ အနောက်နိုင်ငံတွေကလည်း ဒီစကားကို လက်ခံရမှာပဲ။ အခုတော့ သူကလည်း တစ်ဆင့်တက်ပြီးတော့ တရုတ်က အာမခံချက် နီးပါး ပြောလာတာပေါ့။ ဆိုတော့ တရုတ်က ကြားဝင် ပေးပါဆိုတာကို တရုတ်လိုက်လျောတာပဲ။ 

မေး။ ။ အနာဂတ်က ဘယ်လိုတွေဖြစ်လာနိုင်ပါသလဲ။ ICJ မှာ မြန်မာအနေနဲ့ အမှုရင်ဆိုင်နေရတာက ။ 

 ဖြေ။ ။ ရွေးကောက်ပွဲနဲ့ဆိုင်တယ်။ ရွေးကောက်ပွဲမှာ ပြောင်းလဲမှု ရှိတယ်ဆိုရင် မြန်မာပြည်ရဲ့ အစိုးရက အရပ်သားအစိုးရက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက ပိုပြီးတော့ ကိုယ်စားပြုနိုင်တဲ့ အစိုးရဆိုလို့ရှိရင် မျှော်လင့်ချက်ရှိနိုင်သေးတယ်။ ဥပမာဆိုရင် ရခိုင်ကိုယ်စားလှယ်တွေ များမယ်။ ရခိုင် ပြည်နယ်ကို ရခိုင်ပါတီက အုပ်ချုပ်နိုင်မယ်။ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ဆိုရင် တစ်မျိုးတစ်မည်ဖြစ်နိုင်မယ်။ အခုဟာက အဲဒီအခွင့်အလမ်းတွေ အကုန်ပိတ်ထားတယ်။ ရွေးကောက်ပွဲနဲ့ ဆိုင်တယ်ဆိုတာ NLD ဆက်နိုင်ရင် အခြေအနေက ပိတ်စမြဲပဲ။ ဘာမှ မျှော်လင့်ချက်မရှိဘူး။ ပိုတောင်မှ ကြမ်းချင် ကြမ်းလာဦးမယ်။ ကိုယ်ကတော့ ပိုပြီးတော့ မျှတတဲ့ အားလုံးပါဝင်တဲ့ အစိုးရတစ်ခု တက်စေချင်တယ်။ မျှမျှတတ ဆင်ဆင်ခြင်ခြင်နဲ့ အားလုံးတိုင်ပင်ပြီးတော့ အဖြေရှာရအောင်ဆိုတဲ့ အစိုးရဖြစ်စေချင်တယ်။ အခုက ထိပ်ပိုင်းက ပုဂ္ဂိုလ် တစ်ယောက်ကပဲ အကုန်လုံးကို ဆုံးဖြတ်နေတာ။ မဆလ ဦးနေဝင်း ခေတ် ပြန်ရောက်နေသလိုပဲ။ ဒါတွေ လုပ်တာက အန္တရာယ်များတယ်။ အဲဒီလိုလုပ်နေတာက။ ဒီကြားထဲ တော်တဲ့လူဆိုရင် ရိုင်းရိုင်းပြောရင် ချာတူးလန်က တက်လုပ်နေတာ။ ကိုယ်ကတော့ အချိန်ကလည်း သိပ်ကပ်နေပြီ။ ရွေးကောက်ပွဲကို ရက်လေးလောက် ရွှေ့လိုက်ပါဆိုတာလည်း မပြောင်းဘူး။ ဒါက ပြဿနာကို ဖိတ်ခေါ်နေတာပဲ။ ၈၈၈၈ မတိုင်ခင်က နိုင်ငံခြားက ပြန်လာတော့ မဆလ စနစ်က ပြုတ်ကျနေပြီ ပြောင်းလဲမလား ပြုပြင်ပြောင်းလဲမလား ပြောတာ မလုပ်တော့ ၈၈၈၈ ဖြစ်ရော။ အန္တရာယ်များတယ်။ အခုက လူတွေက ပိုပြီးနိုးကြားလာတယ်။ အရင်တုန်းကထက် ဆိုရှယ်မီဒီယာတွေ နဲ့ ပွင့်လင်းလာတယ်။ အားကိုးနိုင်လောက်တဲ့ ပါတီကလည်း မရှိဘူးလေ။ ကိုယ်ကတော့ အဆိုးမြင်ရတော့မှာပဲ။ ဓာတ်ပုံ- ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည့် ရိုဟင်ဂျာများ။ Photo Credit- Reuters

No comments:

Post a Comment

Note: Only a member of this blog may post a comment.