အောင်သိင်္ခ၊ ခေမဏီဝင်း
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကို ဒီနေ့ အွန်လိုင်းကနေ တဆင့်
ချုပ်ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
တဆက်တည်းမှာပဲ
မန္တလေးမြို့မှာလည်း အမျိုးသားရေးတက်ကြွ လှုပ်ရှားသူတချို့က အမျိုး၊
ဘာသာ၊ သာသနာ စောင့်ရှောက်သူတွေကို မဲပေးဖို့ လှုပ်ရှားမှု
ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့
ဖမ်းဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာ ပျောက်ကွယ်နေရာကနေ နိုဝင်ဘာ ၂
ရက်နေ့မနေ့က ကိုယ်တိုင်လာအဖမ်းခံတဲ့ ဦးဝီရသူကို ဒီနေ့
ဗီဒီယိုကွန်းဖရန့်(စ်)နဲ့ ချုပ်ရက် ရမန်ယူပြီး အင်းစိန်ထောင်ကို
ပို့လိုက်တာပါ။
ဦးဝီရသူကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ
အနောက်ပိုင်းခရိုင် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး
သွားမယ်လို့ အမျိုးသားရေးလှုပ်ရှားသူ ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။
“ပုဒ်မ
၁၂၄ (က) ဆိုတာက နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုပေါ့၊ ပြစ်ဒဏ်က
တစ်သက်တစ်ကျွန်းထိ ပေးနိုင်တယ်ပေါ့၊ အမှန်တော့ တရားရုံးတွေရဲ့
ကျင့်စဉ်ဥပဒေအရဆိုရင် စွပ်စွဲခံရတဲ့သူ တစ်ယောက်ကို ရဲတပ်ဖွဲ့ ကနေ
တရားသူကြီးရှေ့ကို အရောက်ပို့ရပါတယ်၊ အရောက်ပို့ပြီးတော့မှ သက်ဆိုင်ရာ
တရားသူကြီးကနေပြီး တော့ စွပ်စွဲခံရတဲ့သူ တင်လာတာ ဟုတ်၊ မဟုတ် သူ့ရဲ့အမည်
မှတ်ပုံတင်နံပါတ် အဖအမည် ဒါတွေကို စိစစ် ရပါတယ် ပြီးတော့မှ သူ့ကို
စွပ်စွဲထားတဲ့ အကြောင်းအရာတွေကို ရှင်းပြရပါတယ် ရှင်းပြပြီးတော့မှ ရမန်ပေး
ရပါတယ်၊ အခုကျတော့ တရားရှေ့ကို စွပ်စွဲခံရသူကို တင်လာတာမတွေ့ရဘူး
ဘယ်လိုနည်းနဲ့ ယူသွားတယ် ဆိုတာလည်း မသိရဘူး သို့သော်ပြီးမှ
သတင်းကြားတာကတော့ ဗီဒီယိုကွန်းဖရင့်(စ်)နဲ့ ယူသွားတယ်လို့
ကြားသိရတယ်ပေါ့နော်”
ဦးဝီရသူက အမှုကို လိုက်ပါဆောင်ရွက်ခွင့်ပေးမယ်ဆိုရင် ရှေ့နေအဖြစ် ဆောင်ရွက်ပေးမယ်လို့ သူက ပြော ပါတယ်။
ဒီနေ့
မနက်က ဦးဝီရသူကို အနောက်ပိုင်းခရိုင် ရဲစခန်းကနေ ခရိုင်တရားရုံးကို
ပို့ဆောင်ရမန်မယ်ဆိုပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေနဲ့
သံဃာတော်တချို့ တရားရုံးရှေ့မှာ လာရောက်စောင့်ဆိုင်းခဲ့ပါတယ်။
သူတို့တွေဟာ
ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) တရားစွဲဆို တာဟာ အရပ်သားအာဏာရှင် အစိုးရရဲ့
မတရားမှု ဖြစ်ကြောင်း၊ ဦးဝီရသူကို တရားစွဲဆိုဖို့ ညွှန်ကြားသူကို
ဆန့်ကျင်ကြ၊ သံဃာတော်တွေအပေါ် အရပ်သားအစိုးရရဲ့ မတရားတဲ့ လုပ်ရပ်ကို
ဆန့်ကျင်ကြဆိုတဲ့ စာသားတွေကိုင်ဆောင်ပြီး အနောက်ပိုင်းခရိုင်
တရားရုံးရှေ့မှာ စောင့်ဆိုင်းခဲ့တာပါ။
ဦးဝီရသူကို
လာရောက်စောင့်ဆိုင်းနေတဲ့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အရှင်တေဇဝံသက လက်ရှိအစိုးရဟာ
ပြည်သူကို အကြမ်းဖက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကိုတော့
တွေ့ဆုံဆွေးနွေးခဲ့ပြီး ရဟန်းသံဃာတော်တွေနဲ့ မဆွေးနွေးနိုင်တဲ့
ဒီမိုကရေစီအာဏာရှင် အစိုးရလို့ မိန့်ပါတယ်။
“အကြမ်းဖက်လက်နက်ကိုင်ပြီး
လူသတ်၊ ဘိန်းတွေသွင်း၊ မူးယစ်ဆေးဝါးတွေ ကုန်သွယ်နေတဲ့ လက်နက်ကိုင်
အဖွဲ့ကြီးတွေကိုကျတော့ နေပြည်တော်မှာခေါ်ပြီးတော့မှ ဝိုင်အတူသောက်ပြီး
စကားဝိုင်းမှာ စကားပြော နေတယ်၊ ရဟန်း သံဃာတစ်ပါး အပ်တိုတစ်ချောင်းမရှိဘူး၊
ငြိမ်းချမ်းရေးကို လိုလားပြီးသား အဲဒီရဟန်း သံဃာတော် တစ်ပါးကျတော့
ဘာ့ကြောင့်မဆွေးနွေးနိုင်တာလဲ၊ နောက်ကဘယ်သူတွေက ရဟန်းသံဃာတွေနဲ့
ဆွေးနွေးမယ့်ကိစ္စမျိုးတွေကို ဘယ်သူတွေက တားဆီးထားလို့လဲ၊
လက်နက်ကိုင်အကြမ်းဖက် လူသတ်နေတဲ့ လူတောင် ဆွေးနွေးနိုင်တာ ဒီအစိုးရ
ဒီမိုကရေစီပြောပြီး တကယ်တမ်းကျတော့ ဒီမိုကရေစီ အာဏာရှင် အစိုးရဖြစ်တယ်”
ဒီနေ့
နိုဝင်ဘာ ၃ ရက်နေ့မှာပဲ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက
ဦးဝိစိတ္တာဘိဝံသ(ခ) ဦးဝီရသူနဲ့ စပ်လျဉ်းပြီး အများပြည်သူ သိရှိစေဖို့
ရှင်းလင်းချက်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်က
တရားလိုပြုလုပ်တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတွေကို တရားရုံးက
စစ်ဆေးဆုံးဖြတ်ပြစ်ဒဏ်ချပြီးမှသာ သံဃ/ဝိနစ္ဆရအဖွဲ့က
စစ်ဆေးဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။
နိုင်ငံတော်
အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင်
အများဆုံးထောင်ဒဏ် တစ်သက် တစ်ကျွန်း(နှစ် ၂၀)အထိ ကျခံရနိုင်တဲ့အပြင်
ငွေဒဏ်လည်း ကျခံရနိုင်ပါတယ်။
ဦးဝီရသူဟာ နိုင်ငံတော်အကြီးအကဲတွေအပေါ်
မဖွယ်မရာစကားလုံးတွေ သုံးနှုန်းပြောဆိုခဲ့တယ်၊ တရားရေးနဲ့
အုပ်ချုပ်ရေးစတဲ့ ကဏ္ဍတွေက တာဝန်ရှိသူတွေအပေါ် အကြည်ညိုပျက်အောင်
ပြောဆိုခဲ့တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး
ဦးစန်းမင်းက စွပ်စွဲပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)
နဲ့ အရေးယူပေးဖို့ ခရိုင်တရားရုံးမှာ ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က
ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဒီနေ့
မန္တလေးမြို့မှာလည်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူတချို့က အမျိုး၊ ဘာသာ၊
သာသနာစောင့်ရှောက်သူတွေကို မဲပေးဖို့ လှုပ်ရှားမှုတွေ မန္တလေးမြို့မှာ
ပြုလုပ်ခဲ့ပါတယ်။
စတစ်ကာကမ်းပိန်း ပြုလုပ်ခဲ့ကြသူတွေထဲက ဦးဆောင်သူ
နှစ်ယောက်ကို အောင်မြေသာစံမြို့နယ် အမှတ်(၅) ရဲစခန်းက တာဝန်ရှိသူတွေ
ဒီကနေ့မနက် ၁၀ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဖမ်းဆီးခံရသူတွေက
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်နဲ့ ဦးနိုင် ဆိုသူတို့ဖြစ်ပါတယ်။
သူတို့ကို ရဲစခန်းက ထွက်ချက်ယူပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုဝင်ဘာလ
၂ ရက်နေ့ မနေ့က ဦးဝီရသူက အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ
လာရောက်အဖမ်းခံစဉ် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သူကို မဲပေးဖို့
တိုက်တွန်းခဲ့ပါတယ်။
https://www.rfa.org/burmese/news/wirathu-sent-to-insein-prison-11032020060214.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.